အရင်းရှင်စနစ်ဆီ ခရီးရှည် ချီတက်ခဲ့သော တရုတ်ပြည်  

မာ့(က်စ်)ဝါဒ ရှုထောင့်ကနေ ကြည့်ရင် ၁၉၄၉ တရုတ် တော်လှန်ရေးဟာ ဗျူရိုကရက်တစ် ပုံပျက်ယိုယွင်းမှုတွေ ရှိပေမယ့်လည်း လူသားသမိုင်းမှာ ရပ်ရှား တော်လှန်ရေးပြီးရင် ဒုတိယ အရေးအကြီးဆုံး ဖြစ်ရပ်ကြီး ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးကနေ မြေရှင်ကြီးစနစ်၊ အရင်းရှင်စနစ်နဲ့ နယ်ချဲ့စနစ်ရဲ့ ဗိုလ်ကျစိုးမိုးမှုကို အဆုံးသတ်သွား စေခဲ့တယ်။ ဒါပေမယ့်လည်း ဒီကနေ့အချိန်မှာတော့ တရုတ်ပြည်မှာ အရင်းရှင်စနစ်က လွှမ်းမိုးအုပ်စိုးနေပြီ။ ဘယ် လို ဖြစ်သွားခဲ့သလဲ။ အပြည်ပြည်ဆိုင်ရာ မာ့(က်စ်)ဝါဒီ အင်အားစု (IMT, International Marxist Tendency) ရဲ့ ၂၀၀၆ ခုနှစ် ကမ္ဘာ့ ကွန်းဂရက်(စ်)က အတည်ပြုလိုက်တဲ့ စာတမ်းကို အခန်းဆက် ဖော်ပြသွားပါမယ်။


[မှတ်ချက်။ ။ ဒီစာတမ်း မူကြမ်းကို ၂၀၀၆ ဧပြီလမှာ ရေးခဲ့တယ်၊ ၂၀၀၆ ဇူလိုင် IMT ကမ္ဘာ့ ကွန်းဂရက်(စ်)မှာ အကျေအလည် ဆွေးနွေးပြီး မဲခွဲအတည်ပြုခဲ့ပါတယ်။]

နိဒါန်း

၁၉၁၇ ရပ်ရှား အောက်တိုဘာ တော်လှန်ရေးကြီးပြီးရင် ၁၉၄၉ တရုတ် တော်လှန်ရေးဟာ လူသားသမိုင်းမှာ အရေးအကြီးဆုံး ဖြစ်ရပ်ကြီး ဖြစ်ပါတယ်။ ဒီတော်လှန်ရေးကြီးကနေ မြေရှင်ကြီးစနစ်နဲ့ အရင်းရှင်စနစ်ကို ဖျက် သိမ်းနိုင်စေခဲ့တယ်၊ တဆက်တည်း ကမ္ဘာ့အကြီးဆုံး ဒေသကြီးမှာ နယ်ချဲ့စနစ်ရဲ့ ဗိုလ်ကျ စိုးမိုးမှုကိုလည်း ချုပ် ငြိမ်းစေခဲ့တယ်။

သို့သော်လည်း ရပ်ရှား တော်လှန်ရေးက နှိုင်းယှဉ်ချက်အရ ကျန်းမာသန်စွမ်းသော အလုပ်သမား နိုင်ငံတော်တခု ကို ဘော်ရှီဗစ်ပါတီ (အင်တာနေရှင်နယ်လစ် လောကအမြင်ရှိတဲ့ တော်လှန်ရေး ပါတီတခု)ရဲ့ ခေါင်းဆောင်မှုနဲ့ အလုပ်သမား လူတန်းစားကိုယ်တိုင် ထူထောင်နိုင်စေခဲ့ပေမယ့်၊ ၁၉၄၉ တရုတ် တော်လှန်ရေးကတော့ စတာလင် နစ်(စ်) ပုံပျက်ယိုယွင်းနေသော (deformed) အလုပ်သမား နိုင်ငံတော်တခုကိုသာ ပေါ်ပေါက်စေခဲ့တယ်။

ကနဦး စပေါ်ကတည်းက အလုပ်သမားထု ဒီမိုကရေစီရဲ့ အရေးအကြီးဆုံး အခြေအနေတွေ ကင်းမဲ့နေခဲ့တယ်။ တရုတ် တော်လှန်ရေးမှာ ဆိုဗီယက်တွေ မရှိခဲ့သလို အလုပ်သမားထုရဲ့ ပဲ့ကိုင်ထိန်းချုပ်မှုလည်း မရှိခဲ့ဘူး၊ အစိုးရနဲ့ အမှီအခိုကင်းကင်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းထားသော အလုပ်သမား သမဂ္ဂတွေလည်း မရှိခဲ့ဘူး၊ စစ်မှန်တဲ့ မာ့(က်စ်)ဝါဒခေါင်းဆောင်မှုလည်း မရှိခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုရင် တော်လှန်ရေးကို စတာလင်နစ်(စ်)တွေ ဦးဆောင်တဲ့ လယ်သမား စစ်တပ်အခြေခံပြီး အကောင်အထည် ဖော်ခဲ့လို့ပဲ၊ မြို့ပြက အလုပ်သမား လူတန်းစားကို အခြေမခံခဲ့လို့ပဲ။ လယ်သမား စစ်တပ်ဆိုတာ ဘိုနာပတ်တစ်(စ်) အုပ်စိုးမှုရဲ့ စံတော်ဝင် ယန္တယားတခု ဖြစ်တယ်။ လယ်သမား စစ်တပ်ကို အားပြုထားတဲ့ မော်ဟာ လူတန်းစားတွေကြား ဘိုနာပတ် ပုံစံ (Bonapartist fashion) နဲ့ ကိုင်တွယ်ခဲ့တယ်၊ တပ်နီတော်ကို ပထမ မြေရှင်ကြီးတွေကို တိုက်ဖျက်ရာမှာ ဖြိုခွဲရေး လက်နက်ကြီးတခုလို သုံးခဲ့တယ်၊ ဒီနောက် အရင်းရှင်တွေကို တိုက်ဖျက်ရာမှာလည်း အလားတူ အသုံးချခဲ့တယ်။

တရုတ် တော်လှန်ရေး အောင်ပွဲခံနိုင်ခြင်းဟာ အင်မတန် ထူးခြားတဲ့ ပကတိဘာဝ အခြေအနေတွေ တသီကြီး ဆက်တိုက်ဖြစ်ပေါ်ခဲ့လို့ပဲ။ တရုတ် တော်လှန်ရေး ဘာ့ကြောင့် အခုလို ဖြစ်ပေါ်လာရသလဲဆိုရင် အရေးကြီး အကြောင်းတချက်က အမေရိကန် အရင်းရှင် နယ်ချဲ့သမားဟာ တိုက်ရိုက် ကြားဝင်မဖျက်စီးနိုင်ခဲ့ဘူး။ ဒုတိယ တချက်က တရုတ် လူ့အဖွဲ့အစည်းဟာ အရင်းရှင်စနစ်နဲ့ ရုပ်ပျက်ဆင်းပျက် ယိုယွင်းပျက်စီးနေသော ချန်ကေရှိတ် ဘူဇွာ အစိုးရစနစ်အောက်မှာ ရှေ့ဆက်လှမ်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ တခြား အကြောင်းတချက်က တရုတ်ပြည်နဲ့ နယ်နိမိတ်ချင်း ကပ်ရပ် ရပ်ရှားမှာ အင်မတန် အားကြီးသော စတာလင်နစ်(စ်) ပုံပျက်ယိုယွင်းနေတဲ့ အလုပ်သမား နိုင်ငံတော်ကြီးတခု ရှိနေတယ်။

မော်စီတုန်းနဲ့ တရုတ် စတာလင်နစ်(စ်)တွေဟာ တရုတ်ပြည်ကို စတာလင်နစ်(စ်) ရပ်ရှား ပုံရိပ်အတိုင်း ထူထောင် ခဲ့ကြတယ်၊ ကြောက်ရွံ့တုန်လှုပ်စရာကောင်းအောင် ဗျူရိုကရက်တစ် ပုံပျက်ပန်းပျက် ယိုယွင်းနေတဲ့ အလုပ်သမား နိုင်ငံတော်တခု ဖြစ်တယ်၊ ဒါ့ကြောင့် ရပ်ရှား တော်လှန်ရေး အဆုံးသတ်သွားတဲ့ နေရာမှာ တရုတ် တော်လှန်ရေး အစပြုခဲ့ရခြင်း ဖြစ်တယ်။

တရုတ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းရဲ့ အမြင်တွေ ရှိသော်ငြား ၁၉၄၉ တော်လှန်ရေးကြီးက တရုတ်ပြည်မှာ အရင်းရှင်စနစ်ကို ဖြိုချပစ်ခဲ့တယ်ဆိုတာ ကျနော်တို့ အမှတ်ရကြဖို့ လိုတယ်။ မော်ရဲ့ ကနဦးအမြင်က အရင်းရှင် စနစ်ကို နှစ်ပေါင်း တရာတိုင် တည်မြဲရေး ဖြစ်တယ်။ ခေတ်နောက်ကျနေသေးတဲ့ မဖွံဖြိုးသော တိုင်းပြည်တခုမှာ ဆိုရှယ်လစ် တော်လှန်ရေး မဖြစ်နိုင်ဘူး၊ ဒါ့ကြောင့် ပထမအဆင့်ဟာ “ဒီမိုကရေစီ” (ဘူဇွာ) တော်လှန်ရေးပဲ ဖြစ်လိမ့်မယ်လို့ ဆိုထားတဲ့ စတာလင်နစ်(စ်) နှစ်ဆင့်ပိုင်း သီအိုရီကို မော်ကိုင်စွဲထားတယ်။ အရင်းရှင်စနစ် ဖွံ့ဖြိုး ပြီးမှပဲ ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်နိုင်မယ်လို့ မြင်ထားခဲ့တယ်။ တရုတ် ကွန်မြူနစ်တွေ အာဏာရပြီးတဲ့နောက် ဖြစ်ခဲ့တာတွေက ဒီသီအိုရီ မှားယွင်းကြောင်း သက်သေထူသွားတယ်။

ကနဦးအဆင့်တွေမှာ မော်နဲ့ ဘူဇွာပါတီတွေ “တပ်ပေါင်းစု” (Popular Front) ဖွဲ့ခဲ့ကြတယ်။ စပိန်မှာ ကွန်မြူနစ် ပါတီ လုပ်ခဲ့သလိုမျိုး မော်လည်း တော်လှန်ရေးကို “သစ္စာဖောက်သွားလိမ့်မယ်” လို့ တချို့ထင်ခဲ့ကြတယ်။ တခြား တိုင်းပြည်တွေမှာလည်း အလုပ်သမား လူတန်းစား လှုပ်ရှားမှုကို ချုပ်ကိုင်ဖို့ တပ်ပေါင်းစု လမ်းစဉ်ကို အသုံးပြုခဲ့ ကြသေးတယ်။ ဒါပေမယ့် တခြား တိုင်းပြည်တွေနဲ့ ၁၉၄၉ တရုတ်ပြည်ကြား အခြေခံကျကျ ကွာခြားချက်တခု ရှိခဲ့တယ်။ နိုင်ငံတော် အာဏာဟာ မော် လက်ထဲမှာ ရှိခဲ့တယ်၊ “လက်နက်ကိုင် အဖွဲ့အစည်းတွေ”ကို ဘူဇွာ လူ တန်းစားက ချုပ်ကိုင်ထားတာ မဟုတ်ဘူး။ ဘူဇွာတွေက ချန်ကေရှိတ်နဲ့အတူ ထိုင်ဝမ်ကို ထွက်ပြေးသွားခဲ့ပြီ။ မဟာမိတ် ပီပီသသ ပေါင်းစည်းဖို့ရာ ဘူဇွာ လူတန်းစားရယ်လို့ ဟုတ်တိပတ်တိ မကျန်တော့ဘူး။

ဒီအခြေအနေမှာ တပ်ပေါင်းစု ဆိုတာ မြို့ပေါ်က အလုပ်သမားတွေကို ထိန်းကွပ်ဖို့၊ စတာလင်နစ်(စ်) အုပ်ချုပ်ရေး စနစ်က ချမှတ်ထားတဲ့ အကန့်အသတ်ဘောင်တွေကို အလုပ်သမား လူတန်းစား ဖြတ်ကျော်မသွားအောင် တား ဆီးထားဖို့ အသုံးပြုတဲ့ လက်နက်တခုပဲ ဖြစ်လာတယ်။ အတူလက်တွဲပြီး “ဒီမိုကရက်တစ်” အရင်းရှင်စနစ် တရုတ် ပြည် ထူထောင်နိုင်သော၊ တိုင်းပြည်နဲ့ စီးပွားရေးကို ထိထိရောက်ရောက် မောင်းနှင်နိုင်တဲ့ “တိုးတက်သော ဘူဇွာ လူတန်းစား” မရှိတဲ့အတွက်ကြောင့် စီးပွားရေး ပင်မ ဒေါက်တိုင်ကြီးတွေကို ပြည်သူပိုင် သိမ်းကိုသိမ်းရမယ့် အခြေ အနေ ဖြစ်လာတယ်။ ဒါဟာ စဉ်ဆက်မပြတ် တော်လှန်ရေး သီအိုရီ (theory of the Permanent Revolution) ကို အသွင်ပြောင်းထားသော ပုံစံတမျိုးနဲ့ အတည်ပြုပေးသွားတာပဲ။

တရုတ် တော်လှန်ရေးဟာ ပစ္စည်းမဲ့ တော်လှန်ရေးပုံစံ မဆောင်ခဲ့ပေမယ့် မာ့(က်စ်)ဝါဒီ အင်အားစုက ထောက်ခံ တယ်၊ ဒီတော်လှန်ရေးကြောင့် ကုန်ထုတ် အင်အားစုတွေ အရင်းရှင်စနစ်နဲ့ ပဒေသရာဇ် အချုပ်အနှောင်တွေ လက်အောက်က လွတ်မြောက်ခဲ့ရတယ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် အုတ်မြစ်ချပေးနိုင်ခဲ့တယ်၊ ဒီတော် လှန်ရေးသာ မအောင်ခဲ့ရင် ဒီလို ဖြစ်မလာနိုင်ဘူး။ ဒီလို ထောက်ခံပေမယ့်လည်း မာ့(က်စ်)ဝါဒီတွေဟာ အခုလို ရှင်းပြခဲ့ကြတယ်၊ ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတော် ဗျူရိုကရေစီဟာ တရုတ်ပြည် ဖွံ့ဖြိုးကြီးထွားလာရေးမှာ တစုံတ ရာ တိုးတက်သော အခန်းကဏ္ဍ ရှိနိုင်ပေမယ့်လည်း ဒီဗျူရိုကရေစီ ပုံပျက်ယိုယွင်းမှုတွေ ရှိနေလို့ တရုတ် လူထုက (ဒုတိယတချီ နိုင်ငံရေး တော်လှန်မှုတရပ်)* ဆင်နွှဲသွားရလိမ့်မယ်၊ ဒီလို ဆင်နွှဲပြီး ဗျူရိုကရေစီကို ဖယ်ရှားပစ်နိုင်မှ စစ်မှန်တဲ့ ဆိုရှယ်လစ်စနစ်၊ စစ်မှန်တဲ့ အလုပ်သမား အာဏာဆီ ဆက်လက် ချီတက်နိုင်မယ်။ [*ဒုတိယတချီ နိုင်ငံရေး တော်လှန်မှုတရပ် a second, political, revolution ဆိုတာ လူ့အဖွဲ့အစည်းရဲ့ အထက်မှာ အခွင့်ထူးခံနေ တဲ့ ဗျူရိုကရေစီ အလွှာကို ဖယ်ရှားပစ်ပြီး အလုပ်သမား လူတန်းစား ကိုယ်တိုင် အာဏာချုပ်ကိုင်ထားနိုင်တဲ့၊ လူ့ အဖွဲ့အစည်း မောင်းနှင်ရာမှာ လုပ်သားထုကိုယ်တိုင် ပါဝင် စီမံအုပ်ချုပ်နိုင်တဲ့ အလုပ်သမားထု ဒီမိုကရေစီ အပြည့် အဝရရှိအောင် ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။ political revolution လို့ ဆိုရတာက ၁၉၄၉ တော်လှန်ရေးလို social revolution ဆင်နွှဲစရာ မလိုအပ်လို့ပဲ။ social revolution ဆိုတာကျ အပေါ်ထပ် နိုင်ငံရေး အဆောက်အအုံ ပြောင်း လဲရေးသာ မဟုတ်ဘဲ အခြေခံ စီးပွားရေး အုတ်မြစ်ကိုပါ တော်လှန် ပြောင်းလဲရတာ ဖြစ်တယ်။ ၁၉၄၉ တော်လှန် ရေး မတိုင်ခင်က တရုတ်ပြည်မှာ မြေရှင်ကြီးစနစ်၊ အရင်းရှင်စနစ်နဲ့ နယ်ချဲ့စနစ် ဗိုလ်ကျ အုပ်စိုးမှုတွေရှိတဲ့ စီးပွားရေး အခြေခံ အုတ်မြစ်ဖြစ်တယ်။ အဲဒီ စီးပွားရေး အခြေခံ အုတ်မြစ်ဖြစ်တဲ့ (အရင်းရှင်စနစ်၊ မြေရှင်ကြီး စနစ်နဲ့ အရင်းရှင် နယ်ချဲ့စနစ် အုပ်စိုးမှု) ကို ဖျက်သိမ်းပစ်ပြီး လူ့အဖွဲ့အစည်းရဲ့ အဓိက စီးပွားရေး ဒေါက်တိုင်ကြီး တွေ (ကုန်ထုတ် ပစ္စည်းတွေ) ကို ပြည်သူပိုင် သိမ်းခဲ့တယ်။ ဒါ့ကြောင့် social revolution လို့ ခေါ်တယ်။ ဒါပေမယ့် ၁၉၄၉ တော်လှန်ရေးအပြီး ဒုတိယတချီ ဆင်နွှဲရမယ့် တော်လှန်ရေးကျ အဲသလို ကုန်ထုတ် ပစ္စည်းတွေ ပြည်သူပိုင် သိမ်းထားတဲ့ စီးပွားရေး အုတ်မြစ်ကို ဖြိုချ ပြောင်းလဲစရာ မလိုတဲ့ တော်လှန်ရေးမို့ နိုင်ငံရေး တော်လှန်မှုလို့ ခေါ် ခြင်းဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ ဖြည့်စွက်ချက်။]

၁၉၄၉ နောက်ပိုင်း တရုတ်ပြည် စီးပွားရေး တိုးတက်မှုဟာ အံ့မခန်းပဲ။ ၁၉၄၉-၇၉ ကာလအတွင်း တရုတ်နဲ့ အိန္ဒိယ စီးပွားရေး ဖွံ့ဖြိုးမှုကို နှိုင်းယှဉ်ကြည့်ရင် ဒီအချက်ကို မြင်သာမယ်။ ဒီနိုင်ငံနှစ်ခုလုံးဟာ အစပြုရတဲ့ အနေ အထားချင်း အတူတူလောက်ပဲ၊ ဒါပေမယ့် ဒီကာလ တလျှောက်လုံး တရုတ် ဖွံ့ဖြိုးတိုးတက်မှုက အများကြီး ရှေ့ရောက်နေခဲ့တယ်။ ဒီလို သာလွန်ခဲ့ခြင်းဟာ တရုတ်ပြည်မှာ ဗဟိုဦးစီးမှုရှိသော နိုင်ငံတော်ပိုင် စီမံကိန်း စီးပွား ရေး စနစ်ကို ကျင့်သုံးခဲ့လို့ ဖြစ်တယ်။ စစ်မှန်တဲ့ အလုပ်သမားထု ဒီမိုကရေစီစနစ်နဲ့သာဆို ဒီထက် အများကြီး ပိုတိုးတက်ခဲ့လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ မော် လက်ထက် စီမံကိန်း စီးပွားရေးစနစ်ဟာ အတော် ရှေ့ရောက်ခဲ့ တယ်၊ စီမံကိန်း စီးပွားရေးစနစ်ကြောင့် ဖွံ့ဖြိုးတိုးတက်လာတဲ့ ရေခံမြေခံပေါ်မှာ ဒီကနေ့ မော်ဒန် တရုတ်ပြည်ကို အခြေတည်ထားရတယ်။

သို့သော်လည်း ဗျူရိုကရေစီမှာ ချို့ယွင်းချက်တွေ အများကြီး ရှိတယ်။ အထူးသဖြင့် ဗျူရိုကရေစီမှာ ကျဉ်းမြောင်း တဲ့ အမျိုးသားရေး အမြင်ရှိတယ်။ ဒီအမြင်ဟာ စတာလင်နစ်(စ်) အုပ်ချုပ်ရေး စနစ်အားလုံးရဲ့ ဝိသေသလက္ခဏာ ဖြစ်နေတယ်။ တရုတ်နဲ့ ရပ်ရှားသာ စစ်မှန်တဲ့ အလုပ်သမား နိုင်ငံတော်တွေ ဖြစ်ခဲ့ရင် အရှေ့ဥရောပ တိုင်းပြည် တွေနဲ့အတူ သူတို့တတွေ ဆိုရှယ်လစ် ဖက်ဒရေးရှင်းတခုအဖြစ် စုစည်းနိုင်ခဲ့လိမ့်မယ်။ ဒီလိုစုစည်းပြီး အဲဒီတိုင်းပြည်တွေ အားလုံးက လူသား အရင်းအမြစ်၊ ရုပ်ဝတ္ထု အရင်းအမြစ်တွေကို ရာရှင်နယ်ကျကျ စုပေါင်း အသုံးချနိုင်မယ့် အပြည်ပြည်ဆိုင်ရာ ကုန်ထုတ်လုပ်ရေး စီမံကိန်းတခုကို အကောင်အထည် ဖော်နိုင်လိမ့်မယ်။ ဒါပေမယ့် (မာ့က်စ်ဝါဒီတွေ ကြိုတွက်ထားသလိုပဲ) အဲသလို မလုပ်နိုင်ခဲ့ဘူး၊ တရုတ် ဗျူရိုကရေစီ၊ ဆိုဗီယက် ဗျူရို ကရေစီတို့ရဲ့ အမျိုးသားရေး အမြင်တွေကြောင့် နောက်ဆုံးမှာ တရုတ်-ဆိုဗီယက် ထိပ်တိုက်တွေ့ခဲ့ရတယ်။

ဒါ့ကြောင့် ၁၉၆၀မှာ တရုတ်-ဆိုဗီယက် အကွဲအပြဲ ဖြစ်ခဲ့ရတယ်။ ဆိုဗီယက် ဗျူရိုကရေစီက တရုတ်ကို သူ့ “ဩဇာ ခံ နယ်နိမိတ်” အတွင်း သွတ်သွင်းဖို့ ကြိုးစားခဲ့တယ်။ ဒါကို တရုတ် ဗျူရိုကရေစီ သည်းမခံနိုင်တာပဲ။ (အရှေ့ ဥရောပ တိုင်းပြည် အများစုမှာလို) ရပ်ရှား စစ်တပ်ကို အမှီပြုပြီး မော် အာဏာရလာခဲ့တာ မဟုတ်ဘူး။ တီးတိုး လိုပဲ မော်မှာ ကိုယ်ပိုင် သီးခြားစစ်တပ် အခြေခံ ရှိတယ်။ အဲဒီကာလ မာ့(က်စ်)ဝါဒီတွေ ထောက်ပြခဲ့ပါတယ် စတာ လင်မှာ နောက်ထပ် တီးတိုးတယောက် ရှိလာလိမ့်မယ်။ ပဋိပက္ခ ပေါက်ကွဲလာတဲ့အခါ ရပ်ရှား စတာလင်ဝါဒီတွေ က တရုတ်ကို ပေးထားတဲ့ အကူအညီတွေ၊ ကျွမ်းကျင်ပညာရှင်တွေ စသဖြင့် အကုန် ပြန်ရုတ်သိမ်းခဲ့တယ်၊ အဲဒီ ကာလ တရုတ် ဖွံ့ဖြိုးတိုးတက်မှုကို ပြင်းပြင်းထန်ထန် အထိနာစေခဲ့တယ်။ ဒီအချိန်ကစလို့ တရုတ် ဗျူရိုကရေစီ ဟာ အင်မတန် ဖောက်ပြန်တဲ့ တံခါးပိတ် လမ်းကြောင်းကို လျှောက်ခဲ့တယ်၊ တရုတ်ပြည်ကို ကမ္ဘာ့ စီးပွားရေး စနစ်ကနေ သီးခြား ခွဲထုတ်ပစ်ခဲ့တယ်၊ ဒီတော့ အပြည်ပြည်ဆိုင်ရာ အလုပ်ခွဲဝေမှုကနေလည်း ဝေးကွာခဲ့ရတယ်။

မော်ဟာ သူအမှန်တကယ် လုပ်နေတာတွေ ဖုံးဖိထားဖို့ရာ ဆိုဗီယက် ဗျူရိုကရေစီကို “ပြန်လည်ပြင်ဆင်ရေးဝါဒ” ကျင့်သုံးနေတယ်လို့ ပြစ်တင်ရှုတ်ချခဲ့တယ်၊ ဆိုဗီယက် ပြည်ထောင်စုနဲ့ တရုတ် အကွဲအပြဲကို သဘောတရားရေး၊ ဝါဒရေးဆိုင်ရာ တရားထူထောင်ပေးဖို့ လိုအပ်ခဲ့လို့ အခုလို ပြစ်တင်ရှုတ်ချလိုက်ခြင်း ဖြစ်တယ်။ ဒါပေမယ့် အနှစ် သာရအားဖြင့် တရုတ် ဗျူရိုကရေစီလည်း ဆိုဗီယက် ဗျူရိုကရေစီနဲ့ ဘာမှ မထူးဘူး။ တရုတ် ဗျူရိုကရေစီလည်း “တိုင်းပြည်တခုတည်း ဆိုရှယ်လစ်စနစ် ထူထောင်ရေး” လမ်းကြောင်းကို သူ့ကိုယ်ပိုင် ဗားရှင်းနဲ့ ဖော်ဆောင်ဖို့ ကြိုးစားခဲ့တယ်၊ တိုက်ကြီးတတိုက်စာ ကြီးမားကျယ်ပြောတဲ့ တိုင်းပြည်ကြီးတခုမှာတောင် “တိုင်းပြည်တခုတည်း ဆိုရှယ်လစ်စနစ်” ကို ထူထောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒါ့ကြောင့် ခေတ်နောက်ကျကျန်နေပြီး အထီးကျန်ဖြစ်နေတဲ့ တရုတ်ပြည်မှာ ကုန်ထုတ် ပစ္စည်းတွေကို အင်မတန် နိမ့်ကျတဲ့ အနေအထားကနေ အစပြုပြီး တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ခဲ့ရတယ်၊ အဲဒီကာလမှာ ရပ်ရှားက အဆင့်မြင့် နည်းပညာ အကူအညီတွေလည်း မရတော့ဘူး။ ဒီတော့ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်လာဖို့ တန်ဖိုးကြီး ကြီး ပေးခဲ့ရတယ်။ လူသားအရင်းအမြစ်၊ ရုပ်ပစ္စည်း အရင်းအမြစ်တွေ အလုံးအရင်း စတေးခဲ့ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ တရုတ်ပြည်ဟာ နယ်ချဲ့သမားတွေ ဗိုလ်ကျစိုးမိုးရာ ခေတ်နောက်ကျ ကိုလိုနီ တိုင်းပြည်ဘဝကနေ အင်မ တန် အင်အားကြီး နိုင်ငံတခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။

အားနည်းချို့ယွင်းမှုတွေ အများကြီး ရှိပေမယ့် တရုတ် ဗျူရိုကရေစီဟာ ချိနဲ့နေသော တရုတ် ဘူဇွာ လူတန်းစား နည်းနည်းလေးမှ အရာထင်အောင် မလုပ်နိုင်ခဲ့တာတွေ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်၊ တရုတ်ပြည်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် စစ်မှန်သော တပြည်လုံး သွေးစည်းညီညွတ်မှုကို တည်ဆောက်ပြီး ခေတ်သစ် နိုင်ငံတော် တခုကို ထူထောင်နိုင်ခဲ့တယ်။ မြေယာ တော်လှန်ရေးကိုလည်း အပြီးတိုင် အောင်ပွဲဆင်နိုင်ခဲ့တယ်၊ ကုန်ထုတ် ပစ္စည်းတွေကို ပြည်သူပိုင်ပြုခြင်းဟာ တရုတ်ပြည် စီးပွားရေး မကြုံစဖူး ကျယ်ပြန့် ကြီးထွားလာအောင် အုတ်မြစ် ချပေးခဲ့တယ်။

၁၉၄၉ နဲ့ ၁၉၅၇ ကြား ကာလမှာ တရုတ်ပြည် စီးပွားရေး နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်း ၁၁% ရှိခဲ့တယ်၊ ၁၉၅၇ ကနေ ၁၉၇၀ အတွင်း စက်မှု ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးမှုနှုန်း ၉% ရှိခဲ့တယ်၊ အရင်းရှင်ကမ္ဘာမှာ တိုးတက်နှုန်းထက် အများကြီး ပိုမြင့်မားခဲ့တယ်။ (ဒီကာလအတွင်း အိန္ဒိယရဲ့ တိုးတက်နှုန်းနဲ့ တရုတ်ပြည် တိုးတက်နှုန်း တဝက်ပင် မရှိ)။ တရုတ်ပြည်က ၁၉၅၂ မှာ တနှစ်ကို ထရက်(ခ်)တာ ၁၀၀၀ ပဲ ထုတ်နိုင်သေးတယ်၊ လယ်ယာစိုက်ပျိုးရေးဟာ သမားရိုးကျ အဆင့်မှာပဲ ရှိသေးကြောင်း ညွှန်ပြနေတာပဲ။ ၁၉၇၆ ကျ တရုတ်ပြည်မှာ တနှစ်ကို ထရက်(ခ်)တာ ၁၉၀၀၀၀ ထုတ်နေပြီ။

၁၉၅၈ ခုန်ပျံကျော်လွှားရေး အစီအစဉ်နဲ့ ၁၉၆၆ ယဉ်ကျေးမှု တော်လှန်ရေးတို့လို ကမူးရှူးထိုး လုပ်ရပ်တွေကြောင့် ကြီးကြီးမားမား နှောင့်ယှက်ဖျက်စီးခံခဲ့ရတာတောင် အခုလို အောင်မြင်ခဲ့တယ်။ ခုန်ပျံကျော်လွှားရေး အစီအစဉ် ကြောင့် လယ်ယာ ကုန်ထုတ်လုပ်ငန်း အများကြီး ပျက်စီးသွားခဲ့ရတယ်၊ တရုတ်ပြည်သူ ၁၅ သန်း သေဆုံးသွားစေ တဲ့ အငတ်ဘေးဆိုက်ခဲ့တယ်။ ၁၉၆၇ နဲ့ ၁၉၆၈ အတွင်းမှာ စက်မှု ကုန်ထုတ်လုပ်ငန်း ၁၅% ကျဆင်းသွားခဲ့တယ်။ လူထုရဲ့ လူနေမှု အဆင့်အတန်း တရှိန်ထိုး ကျဆင်းသွားခဲ့တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အဲဒီလို မဟာ အ နှောင့်အယှက်ကြီး နှစ်ခုပြီးသွားတဲ့နောက် စီးပွားရေး ပြန်ဦးမော့လာနိုင်တာ နိုင်ငံတော် စီမံကိန်း စနစ်ကြောင့်ပဲ။

တခြားကမ္ဘာ့ တိုင်းပြည်အသီးသီး စီးပွားရေး ကျဆင်းမှု ဖြစ်နေတဲ့ ၁၉၇၄ မှာတောင် တရုတ်ပြည်မှာ ၁၀% တိုး တက်ခဲ့တယ် (၁၉၇၄ မှာ ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာမှာ ပထမဆုံးအကြိမ် တပြိုင်တည်း စီးပွားရေး ကျဆင်းမှု ဖြစ်ပွားခဲ့တယ်၊ ကမ္ဘာ့ ကုန်ထုတ်မှုမှာ တခွင်လုံးအတိုင်းအတာနဲ့ ၁% ကျဆင်းသွားခဲ့တယ်)။ ၁၉၃၀ ပြည့်နှစ်တွေတုန်းက ကမ္ဘာ့ စီးပွားပျက်ကပ် ဖြစ်နေချိန် ဆိုဗီယက် ပြည်ထောင်စုမှာ ဆက်လက် တိုးတက်နေခဲ့တာ နဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်။ ဒါဟာ ကုန်ထုတ် ပစ္စည်းတွေကို ပြည်သူပိုင်ပြုထားပြီး စီမံကိန်းနဲ့ စနစ်တကျ အကောင်အထည်ဖော်သော စီးပွားရေးရဲ့ အားသာချက်တွေကို ဖော်ထုတ်ပြသွားတာပဲ။

ဒါတွေ အားလုံးရဲ့ အကျိုးရလဒ်ကတော့ တရုတ် လူ့အဖွဲ့အစည်းကို ပြောင်းလဲစေခဲ့တယ်၊ ၂၀ရာစု ကမ္ဘာထဲ ဆွဲခေါ် ပေးခဲ့တယ်။ ၁၉၄၉ မတိုင်ခင်က တရုတ်ပြည်မှာ စာမတတ်သူ အချိုးအစား ၈၀% ရှိခဲ့တယ်။ ၁၉၇၅မှာကျ ကလေး ၉၃% ဟာ ကျောင်းပညာရေး ရရှိနေပြီ။ ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်ရာအစီအမံ၊ စသဖြင့် အများကြီး တိုး တက်သွားပြီ။ တော်လှန်ရေး မတိုင်ခင်က တည်ရှိခဲ့တဲ့ ဆိုးရွားပြင်းထန်လှသော ဆင်းရဲမွဲတေမှုကို အမြစ်ဖြတ်နိုင် ခဲ့တယ်၊ လူနေမှု အဆင့်အတန်းတွေ မြင့်မားလာခဲ့တယ်၊ တခြား အရေးကြီးတဲ့ ဆိုရှယ် အသီးအပွင့်တွေလည်း အများကြီး ရရှိခဲ့တယ်။ ၁၉၄၅မှာ တရုတ်ပြည်သူ ပြည်သားတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ၄၀ ပဲရှိခဲ့တယ်၊ ၁၉၇၀ ကျ ပျမ်းမျှသက်တမ်း ၇၀ ရှိလာတယ်။ အဖွံ့ဖြိုးဆုံး အရင်းရှင်တိုင်းပြည်တွေက ပျမ်းမျှ သက်တမ်းနား ကပ်လာ တယ်။ အမျိုးသမီးတွေရဲ့ အဆင့်အတန်းလည်း တဟုန်ထိုး မြင့်မားလာခဲ့တယ်။ အမျိုးသမီး ခြေထောက်ကို ချည် တုပ် ထားလေ့ရှိတဲ့ ဓလေ့ကို ပယ်ဖျက်ပစ်ခဲ့တာ အပါအဝင် တခြား ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ရှိခဲ့တယ်။

ဗျူရိုကရေစီအပေါ် ထရော့စကီး အမြင်

အင်မတန် ကြီးမားတဲ့ အောင်မြင်တွေ ရရှိခဲ့ပေမယ့် ဗျူရိုကရေစီဟာ တရုတ် စီးပွားရေး ဖွံ့ဖြိုးမှုမှာ သမိုင်းဆိုင်ရာ လိုအပ်ချက်အရ တည်ရှိနေရတဲ့ လူမှု အလွှာတခု မဟုတ်ဘူး။ စီမံကိန်း စီးပွားရေး အလုပ်ဖြစ်ဖို့ ဗျူရိုကရေစီ မလို အပ်ဘူး။ ဒါနဲ့ ဆန့်ကျင်ဘက်ပဲ၊ ဗျူရိုကရေစီ ဂုတ်ခွစီးထားတဲ့ကြားက စီမံကိန်း စီးပွားရေးဟာ အလုပ်ဖြစ်ခဲ့တယ်။ ထရော့စကီးရဲ့ ဆောင်းပါးတွေ၊ ပေးစာတွေကို စုစည်းပြီး “In Defence of Marxism” အဖြစ် ထုတ်ဝေခဲ့တဲ့ စာအုပ် ထဲမှာ အခုလို ရေးထားတယ် -

“ဘိုနာပတ်တစ်(စ်) လူ့အန္ဓက လူတန်းစား တရပ်ဆိုရင် ဒါဟာ သမိုင်း သားလျှောမှု တခုမဟုတ်ဘူး၊ အသက်ရှင် နေတဲ့ သမိုင်းရဲ့ ကလေးငယ်တယောက်ပဲ။ ရစ်သီရစ်သီ ပတ်ချောင်းနေတဲ့ ကပ်ပါးလိုရှင်သန်မှုဟာ သိပ္ပံနည်းကျ အဓိပ္ပါယ် ဖွင့်ဆိုသော ‘သွေးစုပ်ခြယ်လှယ်မှု’ ဖြစ်တယ်ဆိုရင် ဗျူရိုကရေစီမှာ လက်ရှိ စီးပွားရေးစနစ် တည်မြဲရေး မရှိမဖြစ် လိုအပ်သော အုပ်စိုးသူ လူတန်းစား ဖြစ်လာနိုင်တဲ့ သမိုင်းဆိုင်ရာ အနာဂတ်တခုကို ပိုင်ဆိုင်ထားတယ်။”

ထရော့စကီးက ဒါနဲ့ဆန့်ကျင်ဘက် ရှင်းပြခဲ့ပါတယ်၊ ဗျူရိုကရေစီမှာ သမိုင်းဆိုင်ရာ အနာဂတ် မရှိဘူး။ အင်မတန် ခေတ်နောက်ကျနေပြီး အထီးတည်း ဖြစ်နေရတဲ့ အခြေအနေတွေအောက်မှာ ဆိုဗီယက် ပြည်ထောင်စု ယိုယွင်း ပျက်စီးသွားရာက ဗျူရိုကရေစီ မွေးဖွားလာခြင်း ဖြစ်တယ်။ တရုတ် အုပ်ချုပ်ရေးစနစ်ဟာ အဲဒီ စတာလင်နစ်(စ်) ရပ်ရှားကို နမူနာယူ ပုံဖော်ထားခြင်း ဖြစ်တယ်။ တရုတ် ဗျူရိုကရေစီဟာလည်း ဆိုဗီယက် ဗျူရိုကရေစီ ပါဝင်ခဲ့ သော အခန်းကဏ္ဍမျိုးကနေ ပါဝင်ခဲ့တယ်။

ဒီလို ဗျူရိုကရေစီ တည်ရှိနေခြင်းဟာ စကား အလင်္ကာတွေ ဘယ်လိုပဲ ဆင်ဆင် တရုတ် လူ့အဖွဲ့အစည်းအတွင်း လူမှု အခွင့်ထူးတွေ၊ မညီမျှမှုတွေ ရှိနေကြောင်း ပြလိုက်တာပဲ။ ဥပမာ၊ ၁၉၇၆ ခုနှစ်မှာ တပတ်ကို ၄၈နာရီ အလုပ် လုပ်ရတဲ့ စက်ရုံ အလုပ်သမား တယောက်ရဲ့ တလလုပ်အားခဟာ ၁၂ ဒေါ်လာ ရှိတယ်။ ပရော်ဖက်ရှင်နယ်တွေက တလကို ဒေါ်လာ ၁၂၀ အထက် ရနေတယ်။ ဒီမှာတင် လုပ်ခလစာ ကွာခြားမှုအချိုးအစား ၁၀/၁ ဖြစ်နေပြီ။

ဆိုဗီယက် ပြည်ထောင်စုမှာ လုပ်ခလစာ ကွာခြားမှု အချိုးအစားကို ၄:၁ အထိ လီနင် လက်ခံခဲ့တယ်၊ ဒီလို ကွာခြား မှုရှိခဲ့တာကလည်း ဘူဇွာ ကျွမ်းကျင်ပညာရှင်တွေကို အလျှော့ပေး စည်းရုံးခဲ့ရလို့ ဖြစ်တယ်၊ ဒါကို လီနင်က “ဘူဇွာ လိုက်လျောမှု” တခုလို့ ပြောခဲ့တယ်။ ဒီနည်းနဲ့ စီးပွားရေးကို ရှေ့ဆက်တိုးစေဖို့ ဖြစ်တယ်။ ဒါပေမယ့် ဒီလို ကွာခြား ချက် ရှိနေတာဟာ ယာယီသာ ဖြစ်ရမယ်လို့ သဘောထားခဲ့ကြတယ်။ ကမ္ဘာ့ တော်လှန်ရေး ဖြစ်ပေါ်လာမယ်လို့ ဘော်ရှီဗစ်တွေ ယူဆခဲ့ကြတယ်။ ဘော်ရှီဗစ်တွေမှာ အင်တာနေရှင်နယ်အမြင် ရှိတယ်၊ ရပ်ရှား တော်လှန်ရေးကို ကယ်တင်နိုင်တာ ကမ္ဘာ့ တော်လှန်ရေးပဲ ဖြစ်တယ်လို့ နားလည်ခဲ့ကြတယ်။ သူတို့အမြင်က ပိုပြီး ရှေ့တန်းရောက် သော တိုင်းပြည်တွေရဲ့ ပစ္စည်းမဲ့ လူတန်းစားက အရင်းရှင်စနစ်ကို ဖြိုချပစ်လိုက်နိုင်ရင် ကမ္ဘာ့ စီးပွားရေး ဟာမိုနီ ဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်လာမယ်၊ အဲဒီတိုင်းပြည်တွေက ပိုပြီး ခေတ်မီတဲ့ နည်းပညာတွေကို ခေတ်နောက်ကျတဲ့ ရပ်ရှားလည်း လက်လှမ်းမီ သုံးစွဲလာနိုင်မယ်။ သူတို့မျှော်မှန်းသလို ကမ္ဘာ့ တော်လှန်ရေး ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် တိုင်းပြည်တခုပြီးတခု တော်လှန်ရေးတွေ အရေးနိမ့်ခဲ့တယ်၊ ရပ်ရှားဟာ ပိုပြီး အထီးကျန် ဖြစ်ခဲ့တယ်၊ ရလဒ် အနေနဲ့ ဗျူရိုကရက်တစ် ယိုယွင်းပျက်စီးမှု ဖြစ်စဉ်ကို ဘယ်လိုမှ တားမရတော့။

တရုတ် ဗျူရိုကရေစီက လုပ်ခလစာ ကွာခြားမှုကို ဘော်ရှီဗစ်တွေ မြင်သလို မမြင်ဘူး။ တရုတ် တော်လှန်ရေး အပြီး ဖြစ်ပေါ်လာတဲ့ လုပ်ခလစာ အချိုးအစား ကွာဟမှုကို တော်လှန်ရေး ထီးတည်းဖြစ်နေခြင်း၊ ခေတ်နောက်ကျ နေသေးတဲ့ စီးပွားရေး အခြေအနေတွေကြောင့် မလွဲမရှောင်သာ အလျှော့ပေးလိုက်ရတဲ့ ယာယီ “ဘူဇွာ” လိုက် လျောချက်တခုလို့ သူတို့ မမြင်ကြဘူး။ ဗျူရိုကရေစီရဲ့ အခွင့်ထူးတွေ၊ ဓနဥစ္စာတွေ ပိုမိုခိုင်ခံ့လာခြင်းလို့ မြင်ခဲ့တယ်၊ ဗျူရိုကရက်တွေက သာမန် အလုပ်သမားတွေ ရှင်သန်ရတဲ့ အခြေအနေထက် အဆပေါင်းများစွာ ကောင်းကောင်း မွန်မွန် နေခဲ့ကြတယ်။ အဆင့်တခုရောက်တဲ့အခါ အရင်းရှင်စနစ်ကို ပြန်လည် အသက်သွင်းလာနိုင်ချေဟာ အဲဒီလို အခြေအနေမှာ ကိန်းအောင်းတည်ရှိနေခဲ့တယ်။

စီမံကိန်း စီးပွားရေးစနစ်က သူတို့ကို အာဏာ၊ ဝင်ငွေ၊ အခွင့်ထူးနဲ့ ဂုဏ်ဒြပ်တွေကို အာမခံချက်ပေးထားနိုင်သရွေ့ ဗျူရိုကရေစီဟာ ဒီစီးပွားရေးစနစ်ကို ကာကွယ်ပေးခဲ့တယ်။ ဒါပေမယ့် ဆိုဗီယက် ပြည်ထောင်စုမှာ ထရော့စကီး ထောက်ပြခဲ့သလိုပဲ ဗျူရိုကရေစီအဖို့ အုပ်ချုပ်ရေး ရာထူးကို ခြေကုပ်ယူပြီးမှ အခွင့်ထူးတွေ စံစားရတာကို တင်း တိမ်မှာ မဟုတ်ဘူး၊ သူတို့ စံစားနေရတဲ့ အခွင့်ထူးတွေကို သူတို့ သားမြေးတွေဆီ လက်ဆံကမ်းပေးလိုတယ်။ ဒီလို လုပ်နိုင်ဖို့ဆိုရင် ပိုင်ဆိုင်မှု ဆက်ဆံရေးတွေကို ပြောင်းလဲပစ်ရလိမ့်မယ်။ “သစ္စာဖောက်ခံလိုက်ရသော တော်လှန် ရေး” (The Revolution Betrayed) အခန်း(၉)မှာ ထရော့စကီးက အခုလို ရှင်းပြခဲ့တယ် -

“တတိယ ဖြစ်နိုင်ချေတခုကို စဉ်းစားကြည့်ရအောင်၊ တော်လှန်ရေး ပါတီတခုကလည်း အာဏာမသိမ်းနိုင်၊ တန်ပြန်တော်လှန်ရေး ပါတီတခုကလည်း အာဏာမသိမ်းနိုင် ဖြစ်နေတဲ့ အနေအထားမျိုး။ ဒီအခြေအနေမှာ ဗျူရို ကရေစီက နိုင်ငံတော်ရဲ့ ဥသျှောင် ဆက်ဖြစ်နေမယ်။ ဒီလို အခြေအနေတွေမှာတောင် လူမှု ဆက်ဆံရေးတွေဟာ ရှင်းလင်း ခိုင်မာလာဦးမှာ မဟုတ်ဘူး။ ဆိုရှယ်လစ် တန်းတူညီမျှရေး ရရှိအောင် ဗျူရိုကရေစီက သူ့ကိုယ်သူ ငြိမ်း ငြိမ်းချမ်းချမ်း နဲ့ လိုလိုလားလား စွန့်လွှတ်သွားမယ်လို့ မယူဆနိုင်ဘူး။ ဒီကနေ့အချိန်မှာ အင်မတန် မြင်သာထင် သာရှိတဲ့ အဆင်မပြေမှုတွေ ရှိနေတဲ့ကြားက ဗျူရိုကရေစီအတွင်း ရာထူး အဆောင်အယောင်တွေ သွတ်သွင်းရနိုင် တယ်လို့ ယူဆနေသေးရင် အနာဂတ် ကာလမှာ ဗျူရိုကရေစီအနေနဲ့ သူ့ရဲ့တည်မှီရာကို ပိုင်ဆိုင်မှု ဆက်ဆံရေးတွေ ထဲ မလွဲမသွေ ရှာဖွေလာလိမ့်မယ်။ ဗျူရိုကရက်ကြီးတွေအဖို့ လိုအပ်တဲ့ ဝင်ငွေသာ ရနေရင် လွှမ်းမိုးနေတဲ့ ပိုင် ဆိုင်မှု စနစ်ကို ဘာပဲဖြစ်နေ ဖြစ်နေ ဂရုမစိုက်လှဘူးလို့ ငြင်းနိုင်ပါတယ်။ ဒီလိုငြင်းချက်မျိုးဟာ ဗျူရိုကရက်တွေရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ အမြဲတည်တံ့မနေနိုင်ဘူး ဆိုတဲ့အချက်ကို လစ်လျူရှုရုံမက၊ ဗျူရိုကရက်တွေရဲ့ နောက် မျိုးဆက်တွေ ပြဿနာကိုလည်း ထည့်စဉ်းစားမထားဘူး။ မိသားစု ဓလေ့အသစ်ဟာ မိုးပေါ်က ကျလာတာ မဟုတ်ဘူး။ အခွင့်ထူးတွေဆိုတာ သားမြေးတွေဆီ လွှဲပြောင်းမပေးနိုင်ရင် ထိုက်တန်မှု တဝက်ပဲ ရှိတယ်။ အမွေလွှဲ ပေးပိုင်ခွင့် ဆိုတာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်နဲ့ ခွဲထုတ်လို့ မရဘူး။ ထရပ်(စ်) လုပ်ငန်းစုကြီးရဲ့ ဒါရိုက်တာ တယောက် ဖြစ်နေရုံနဲ့ မလုံလောက်သေးဘူး၊ စတော့(ခ်)ပိုင်ရှင် တယောက် ဖြစ်ဖို့လည်း လိုသေးတယ်။ ဒီလို အဆုံးအဖြတ်ပြု ပေးနိုင်တဲ့ နယ်ပယ်မှာ ဗျူရိုကရေစီ အောင်ပွဲခံနိုင်ဖို့ဆိုရင် ပိုင်ဆိုင်မှုရှိသော လူတန်းစား အသစ်တခုအဖြစ် ကူးပြောင်းသွားရမယ်။”

သူက ဆက်ပြောတယ် -

“ဆိုဗီယက် စနစ်ကို အကူးအပြောင်း (သို့) ကြားကာလစနစ် အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခြင်းဟာ ဆိုရှယ်လစ်စနစ်၊ အရင်းရှင်စနစ် (ဒီတော့ တပါတည်း “နိုင်ငံတော် အရင်းရှင်စနစ်”လည်း ပါသွားတယ်) ဆိုတဲ့ ပြီးမြောက်ပြီးသား လူမှုစနစ် မျိုးတူစုတွေထဲ ထည့်သွင်း သတ်မှတ်ခြင်းကို တခါတည်း ငြင်းပယ်လိုက်တာပဲ။ ဒါပေမယ့် ဒီအဓိပ္ပါယ် ဖွင့်ဆိုချက်ဟာ လုံးဝ မပြည့်စုံသေးတဲ့အပြင် အယူအဆ အမှားတခုကိုလည်း ထုတ်ပေးနိုင်သေးတယ်၊ လက်ရှိ ဆိုဗီယက်စနစ်ကနေ ဆိုရှယ်လစ်စနစ်ဆီကိုပဲ ကူးပြောင်းသွားနိုင်တယ်ဆိုတဲ့ မှားယွင်းသော အယူအဆ။ တကယ် တော့ အရင်းရှင်စနစ်ဆီ ပြန်လျှောကျသွားတာမျိုးလည်း လုံးဝ ဖြစ်နိုင်ပါတယ်။ ပိုပြီး ပြည့်စုံတဲ့ အဓိပ္ပါယ် သတ် မှတ်ပေးဖို့ဆိုရင် ပိုပြီး ရှုပ်ထွေးသွားမယ်၊ ပိုပြီး လေးလံသွားမယ်။

“ဆိုဗီယက် ပြည်ထောင်စုဟာ အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ်ကြား လမ်းတဝက်မှာ ရှိနေတဲ့ ပဋိပက္ခဆောင်နေ သော လူ့အဖွဲ့အစည်းတခု ဖြစ်တယ်၊ ဒီလူ့အဖွဲ့အစည်းမှာ (၁)ကုန်ထုတ်စွမ်းအားစုတွေဟာ နိုင်ငံတော် ပိုင်ဆိုင်မှု ကို ဆိုရှယ်လစ် လက္ခဏာ ဆောင်ကျဉ်းပေးဖို့ အဝေးကြီး လိုသေးတယ်၊ (၂)လိုလားတောင့်တမှုကနေ ဖန်တီးပေး လိုက်တဲ့ ရှေးဦးအရင်း စုဆောင်းမှုဆီ ဦးတည် ချီတက်မှုဟာ စီမံကိန်း စီးပွားရေးစနစ်ရဲ့ အင်မတန် များပြားလှ သော ယိုပေါက်တွေကနေ ဖောက်ထွက်နေတယ်၊ (၃)ဘူဇွာ လက္ခဏာ ဆက်ထိန်းထားတဲ့ ခွဲဝေဖြန့်ဖြူးရေး စံနှုန်း တွေဟာ လူ့အဖွဲ့အစည်း ကွဲပြားမှုပုံစံအသစ်ရဲ့ အခြေခံ ဖြစ်နေတယ်၊ (၄)စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ နင်းပြား တွေရဲ့ ဘဝကို ဖြည်းဖြည်းချင်း ကောင်းမွန်လာစေပေမယ့် အခွင့်ထူးခံ အလွှာတခုကို တက်သုတ်ရိုက် မွေးထုတ် ပေးလိုက်တယ်၊ (၅) ဗျူရိုကရေစီဟာ လူမှု ပဋိပက္ခတွေကို အခွင့်ကောင်းယူ အသုံးချပြီး သူ့ကိုယ်သူ ဆိုရှယ်လစ် စနစ်နဲ့ ကင်းကွာရန်လိုနေသော ဇက်ခွံ့မရနိုင်တဲ့ အလွှာတခုအဖြစ် ပြောင်းလဲပစ်လိုက်တယ်၊ (၆)အာဏာရ ပါတီ သစ္စာဖောက်သွားတာ ခံလိုက်ရပေမယ့် လူထု တော်လှန်ရေးဟာ ကုန်ထုတ် ဆက်ဆံရေးတွေမှာ တည်ရှိနေဆဲ၊ သွေးစုပ်ခြယ်လှယ်ခံ လူထုကြီးရဲ့ အသိစိတ်ထဲ တည်ရှိနေဆဲ ဖြစ်တယ်၊ (၇)စုပြုံလာနေတဲ့ ပဋိပက္ခတွေ ထပ်ပြီး တိုးချဲ့လာရင် ဆိုရှယ်လစ်စနစ်ဆီ ဦးတည်သွားနိုင်သလို အရင်းရှင်စနစ်ဆီ ပြန်ခေါက်သွားတာလည်း ဖြစ်နိုင်တယ် (၈)အရင်းရှင်စနစ်ဆီ ပြန်ခေါက်သွားရင် တန်ပြန် တော်လှန်ရေးဟာ အလုပ်သမားထုရဲ့ အန်တုဆန့်ကျင်မှုကို ရင် ဆိုင်ရလိမ့်မယ်၊ (၉)ဆိုရှယ်လစ်စနစ်ဆီ ဆက်ချီတက်ရင် အလုပ်သမားထုက ဗျူရိုကရေစီကို ဖြိုချရလိမ့်မယ်။ အဆုံးမှာတော့ ဒီပြဿနာကို တပြည်လုံး အတိုင်းအတာ၊ တကမ္ဘာလုံး အတိုင်းအတာနဲ့ ဖြစ်ပေါ်လာမယ့် ရှင်သန် နေသော လူမှု အင်အားစုတွေရဲ့ တိုက်ပွဲကပဲ အဆုံးအဖြတ် ပြုသွားလိမ့်မယ်။

“တရားသေဝါဒသမားတွေက ဒီလိုမျိုး အနုမာဏ အဓိပ္ပါယ် သတ်မှတ်ချက်မျိုးကို ကျေနပ်မှာ မဟုတ်ဘူး။ အဖြူဆို အဖြူဆို၊ အမည်းဆို အမည်းဆိုတဲ့ သေချာရေရာတဲ့ ဖော်မြူလာမျိုးပဲ သူတို့ သဘောကျတယ်။ လူ့အဖွဲ့အစည်း ဖြစ်ပေါ်မှုတွေသာ အဲသလို အမြဲတမ်း တိကျရေရာတဲ့ ပြီးမြောက်သော လက္ခဏာ ဆောင်နေရင် လူမှုဗေဒ ပြဿ နာတွေဟာ သိပ်ကို ရိုးရှင်းလွယ်ကူသွားလိမ့်မယ်။ ဒါပေမယ့် တင်ကူးကြံဆထားသော မူဘောင် (scheme)ကို ဒီကနေ့ ချိုးဖောက်ပြီး မနက်ဖန် လုံးဝ အမြစ်လှန်ပစ်လိုက်နိုင်တဲ့ အစိတ်အပိုင်းတွေကို လော့ဂျစ်ကျကျ ပြီးပြည့် စုံမှု ဖြစ်ဖို့အတွက်နဲ့ အရှိတရား အဖြစ်ကနေ ဖယ်ရှားပစ်ခြင်းလောက် အန္တရာယ်ကြီးတာ မရှိဘူး။ ကျနော်တို့ရဲ့ ဆန်းစစ်သုံးသပ်ချက်မှာ အရင်ကမရှိခဲ့ဖူးသေးတဲ့၊ နှိုင်းစရာ ဆင်တူ မရှိသေးတဲ့ ဒိုင်းနမစ်ဆန်သော လူမှု ဖြစ်ပေါ်မှု တွေကို ရမ်းကားဖျက်စီးခြင်း မလုပ်မိအောင် လုံးဝ ရှောင်ကျဉ်ထားတယ်။ သိပ္ပံနည်းကျ လေ့လာဆန်းစစ်တဲ့ အလုပ်၊ နိုင်ငံရေး အလုပ်ဆိုတာ မပြီးမြောက်သေးတဲ့ ဖြစ်စဉ်တခုကို ပြီးမြောက် ပြည့်စုံတဲ့ အဓိပ္ပါယ် သတ်မှတ် ချက် ထုတ်ပေးဖို့ မဟုတ်ဘူး၊ ဒီဖြစ်စဉ်ရဲ့ အဆင့်အားလုံးကို ထပ်ကြပ်မကွာ လိုက်ပါဆန်းစစ်ပြီး တိုးတက်သော တိမ်းညွှတ်မှုတွေကို ဖောက်ပြန်သော တိမ်းညွှတ်မှုတွေကနေ ခွဲထုတ်ပေးဖို့၊ သူတို့တတွေကြား ဆက်ဆံရေးတွေ ကို ထုတ်ဖော်ပေးဖို့၊ ဖြစ်ပေါ်လာနိုင်တဲ့ တိုးတက်မှု ပုံစံကွဲတွေကို ကြိုမြင်နိုင်ဖို့၊ ဒီလို ကြိုသိမြင်နိုင်ခြင်းမှာ လက် တွေ့ လုပ်ဆောင်မှုရဲ့ အခြေခံကို ရှာဖွေဖို့ ဖြစ်တယ်။”

ကျနော်တို့ တွေ့တဲ့အတိုင်းပဲ ထရော့စကီးရဲ့ သုံးသပ်ချက် အမြင်တွေမှာ အရင်းရှင်စနစ်ဆီ ပြန်လှည့်သွားခြင်းဟာ အခိုင်အမာ ဖြစ်နိုင်ချေ တခု ဖြစ်ခဲ့တယ်။ ကုန်ထုတ် ပစ္စည်းတွေကို ပြည်သူပိုင်ပြထားတဲ့ စီမံကိန်း စီးပွားရေးစနစ် ဟာ ဗျူရိုကရေစီတခု လက်ထဲမှာ ဘယ်လိုမှ မလုံခြုံဘူးဆိုတာ သူ ထောက်ပြခဲ့တယ်၊ အဆင့်တခုခု ရောက်ရင် အရင်းရှင်စနစ်ကို ပြန်လည် အသက်သွင်းလာနိုင်တဲ့ အန္တရာယ် ရှိနေတယ်။

ပုံပျက်ယိုယွင်းနေတဲ့ အလုပ်သမား နိုင်ငံတော် တခုဆိုတာ အဓိပ္ပါယ်ဖွင့်ရရင် အရင်းရှင်စနစ်နဲ့ ဆိုရှယ်လစ်စနစ် ကြားက အကူးအပြောင်း စနစ်တခုပဲ။ ဒီအကူးအပြောင်း အုပ်ချုပ်ရေး စနစ်ကို နိုင်ငံရေး တော်လှန်မှုဆင်နွှဲပြီး ဖြို ချပစ်မလား (မဟုတ်ရင်) အရင်းရှင်စနစ်ဆီ ပြန်လျှောကျသွားလိမ့်မယ်။ သမိုင်းအရ ပြောရရင် ရပ်ရှား တော်လှန် ရေး ယိုယွင်းပျက်စီးရာက ဒီလို ပုံပျက်ယိုယွင်းနေတဲ့ အလုပ်သမား နိုင်ငံတော်ဆိုတာ ဖြစ်လာခဲ့တာ။ ကုန်ထုတ် အင်အားစုတွေ တိုးတက်ဖွံ့ဖြိုးရေးမှာ မလိုအပ်တဲ့ အဆင့်တခုပဲ။ ဒါဟာ မလွဲမရှောင်သာ ဖြစ်ပေါ်လာရမယ့် အဆင့်တခု မဟုတ်ဘူး၊ လိုအပ်လို့ တည်ရှိနေရတဲ့ လူမှုပုံစံတမျိုးလည်း မဟုတ်ဘူး။ ၁၉၂၀ ခုနှစ်တွေမှာ ရပ်ရှား တော်လှန်ရေးမျိုးသာ ရှေ့တန်းရောက် တိုင်းပြည်တွေဆီ ကူးစက်ပြန့်ပွားသွားခဲ့ရင် (အောင်ပွဲခံနိုင်ခဲ့ရင်) စတာ လင်နစ်ဇင် ဖြစ်ပေါ်လာစရာ အကြောင်းမရှိဘူး။

ချို့ယွင်းမှုတွေ အများကြီးရှိပေမယ့် ဒီအုပ်ချုပ်ရေး စနစ်တွေဟာ ကုန်ထုတ် ပစ္စည်းတွေကို မကြုံစဖူး တိုးတက်စေ ခဲ့တယ်။ ဒီသဘောအရဆို သူတို့မှာ တိုးတက်သော အနှစ်သာရ ရှိခဲ့တယ်။ ဒီတိုးတက်သော လက္ခဏာ ဘယ်က ထွက်ပေါ်လာသလဲဆိုရင် ကုန်ထုတ် ပစ္စည်းတွေ နိုင်ငံတော်ပိုင် ပြုထားခြင်းနဲ့ စီမံကိန်း စီးပွားရေး စနစ်ကနေလာ တယ်။ ထရော့စကီးက ဒီသဘောကို ‘သစ္စာဖောက်ခံလိုက်ရသော တော်လှန်ရေး’ ကျမ်းထဲမှာ ဆန်းစစ်ပြခဲ့ပြီး၊ ခန့် မှန်းချက်တခု ပြုခဲ့တယ် - ဒီအုပ်ချုပ်ရေးစနစ်တွေဟာ ခေတ်နောက်ကျ တိုင်းပြည်တခုရဲ့ စီးပွားရေးကို တိုးတက် ဖွံ့ဖြိုးအောင် လုပ်ပေးနေသရွေ့ အောင်မြင်မှု တချို့ ရနေနိုင်တယ်။ ဒါပေမယ့် စီးပွားရေးစနစ် ပိုရှုပ်ထွေးလာတာ နဲ့အမျှ ဗျူရိုကရေစီဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားပြု လာလိမ့်မယ်။

စီးပွားရေး တိုးတက်လာတာနဲ့အမျှ ဗျူရိုကရေစီက ဓနဥစ္စာရဲ့ ဝေစုကြီးကြီးကို ပိုင်းပိုင်းယူသွားမယ်။ ဒါနဲ့အတူ လေလွင့်ပျက်စီးမှု၊ အကျင့်ပျက်ခြစားမှု၊ အလုပ်သမား လူတန်းစားနဲ့ လယ်သမားတွေ ထုတ်လုပ်ပေးလိုက်တဲ့ ဓန ဥစ္စာ အချိုးအစား အများအပြားကို မောင်ပိုင်စီး သိမ်းပိုက်မှုတွေ ရှိလာတယ်။ ဒါ့ထက် ပိုအရေးကြီးတာက စီးပွား ရေး တိုးတက်ဖွံ့ဖြိုးလာပြီး ပိုရှုပ်ထွေးလာလေ ဗျူရိုကရက်တစ် အမိန့်ပေးစနစ်နဲ့ တည်ဆောက်ထားတဲ့ အုပ်ချုပ် ရေးစနစ်တခုဟာ ရှုပ်ထွေးလွန်းသော စီးပွားရေးစနစ်ကို အသေးစိတ် စီမံခန့်ခွဲဖို့ရာ မတတ်နိုင်တော့ဘူး။ ကုန် ထုတ် အင်အားစုတွေ တိုးတက်ဖွံ့ဖြိုးမှုကို နှိုင်းရသဘော အဟန့်အတား ပြုလာတဲ့ ဗျူရိုကရေစီဟာ လုံးဝ ပကတိ ပိတ်ပင်တားဆီးထားတဲ့ အရာ ဖြစ်လာတယ်။

ထရော့စကီးက ကုန်ထုတ် သတ္တိ (productivity) ပြဿနာကိုလည်း အလေးထား ပြောခဲ့တယ်။ အရှေ့ဥရောပနဲ့ ဆိုဗီယက် ပြည်ထောင်စုက စတာလင်နစ်(စ်) အုပ်ချုပ်ရေး စနစ်တွေ ဘယ်လို လဲပြိုသွားခဲ့သလဲ၊ ဘာ့ကြောင့် လဲ ပြိုသွားခဲ့သလဲ နားလည်ဖို့ဆိုရင် ဒီပြဿနာဟာ အဓိက အကြောင်းအရာ တခုဖြစ်တယ်ဆိုတာ ကျနော်တို့ မြင် လာရလိမ့်မယ်။ “သစ္စာဖောက်ခံလိုက်ရသော တော်လှန်ရေး” စာအုပ်၊ အခန်း(၁)မှာ အခုလို ရှင်းပြထားတယ် -

“ဆိုဗီယက် စက်မှုလုပ်ငန်းရဲ့ ဒိုင်းနန်းမစ်(ခ်) ကိန်းရှင်တွေ (coefficents) ကို ယှဉ်နိုင်တဲ့ နမူနာ မရှိသေးဘူး။ ဒါပေ မယ့် ဒါတွေဟာ အဆုံးအဖြတ် ပြုနိုင်တဲ့ အဆင့်ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။ ဆိုဗီယက် ပြည်ထောင်စု ဟာ အင်မတန် နိမ့်ပါးတဲ့ အနေအထားကနေ သူ့ကိုယ်သူ ဆွဲတင်နေရတာ၊ အရင်းရှင် တိုင်းပြည်တွေက အင်မတန် မြင့်မားတဲ့ အနေအထားကနေ လျှောကျနေတာ။ လက်ရှိအချိန်မှာ အင်အား အချိုးအစားကို တိုးတက်မှုနှုန်းက အ ဆုံးအဖြတ် ပေးတာ မဟုတ်ဘူး။ အုပ်စုကြီးနှစ်ခုရဲ့ ပါဝါတစုံလုံးကို ချိန်ထိုးကြည့်ပြီး ဆုံးဖြတ်ရမယ်၊ အဲဒီပါဝါ တစုံလုံးကို ရုပ်ဝတ္ထုပိုင်း စုပုံတိုးပွားလာမှု၊ နည်းပညာ၊ ယဉ်ကျေးမှု နဲ့ ဒါတွေအားလုံးထက် အရေးကြီးတဲ့ လူသား လုပ်အားရဲ့ ကုန်ထုတ် သတ္တိ အနေနဲ့ ထုတ်ဖော်ထားတယ်။ ဒီပြဿနာကို အခုတင်ပြခဲ့တဲ့ ရှုထောင့်ကနေ စာရင်း အင်းတွေနဲ့ ချဉ်းကပ်လိုက်ရင် အခြေအနေဟာ ရုတ်ချည်း ပြောင်းသွားတယ်၊ ဆိုဗီယက် ပြည်ထောင်စုဘက်ကို ဆိုးဆိုးဝါးဝါး ထိခိုက်သွားစေတယ်။”

သိပ်ကို အရေးကြီးတဲ့ ဒီအချက်ကိုလည်း ထည့်ပြောသွားသေးတယ် -

“အနှစ်သာရအားဖြင့် ဘယ်သူ လွှမ်းမိုးနိုင်မလဲ (စစ်ရေးအရသာ မဟုတ်၊ စီးပွားရေး ပြဿနာ ပိုဆန်တဲ့ မေးခွန်း) ဆိုတဲ့ မေးခွန်းဟာ ဆိုဗီယက် ပြည်ထောင်စုကို တကမ္ဘာလုံး အတိုင်းအတာနဲ့ အကြပ်ရိုက်စေတဲ့ ပြဿနာ။ စစ် ရေး ကျူးကျော်မှုဟာ အန္တရာယ်တခု ဖြစ်ပါတယ်။ အရင်းရှင်တပ်ကြီးရဲ့ ကုန်တင် ရထားတွေပေါ် တင်လာတဲ့ ဈေး ပေါပေါ ကုန်စည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာခြင်းဟာ မယှဉ်သာအောင် ပိုကြီးမားတဲ့ အန္တရာယ်တခုပဲ”။ (Revolution Betrayed, Chapter 9)

၁၉၂၅ ဩဂုတ်လလောက်ကတည်းက ထရော့စကီးဟာ သက်တမ်းနုနု ဆိုဗီယက် နိုင်ငံတော် ရင်ဆိုင်နေရတဲ့ ပြ ဿနာတွေကို အမျှော်အမြင်ကြီးကြီးနဲ့ ပြတ်ပြတ်သားသား ဆန်းစစ်ဝေဖန် ပြခဲ့တယ်။ ရပ်ရှား ဘာလဲ၊ ဘယ်လဲ (နောင်မှာ ‘အရင်းရှင်စနစ်ဆီလား ဒါမှမဟုတ် ဆိုရှယ်လစ်စနစ်ဆီလား’ ဆိုတဲ့ နာမည်တွင်ခဲ့တယ်) ဆိုတဲ့ စာတမ်း ထဲမှာ ထရော့စကီးက ပြဿနာကို ကွက်ကွက်ကွင်းကွင်း ဖော်ထုတ်လိုက်တယ်။ “ကမ္ဘာ့ စီးပွားရေးစနစ် ရှုထောင့် ကနေ ကြည့်ရင် ငါတို့ တိုးတက်မှုနှုန်းက ဘယ်လိုရှိသလဲ”။ သူ့မေးခွန်းကို ဖြေရာမှာ အခုလို ပြောခဲ့တယ် -

“ငါတို့ရဲ့ အောင်မြင်မှု အသီးအပွင့်တွေကြောင့်ပဲ ကမ္ဘာ့ ဈေးကွက်ထဲ တိုးဝင်လာခဲ့တယ်၊ သဘောက ယူနီဗာဆယ် အလုပ် ခွဲဝေမှု စနစ်ထဲ တိုးဝင်ခဲ့တယ်။ တချိန်တည်းမှာပဲ ငါတို့ဟာ အရင်းရှင်စနစ် ပတ်လည် ဝိုင်းခံထားရဆဲ ဖြစ်တယ်။ ဒီအခြေအနေတွေအောက်မှာ ငါတို့ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းက ကမ္ဘာ့ အရင်းရှင်စနစ်ရဲ့ စီးပွားရေး ဖိအား၊ ကမ္ဘာ့ နယ်ချဲ့စနစ်ရဲ့ စစ်ရေး နိုင်ငံရေးဖိအားကို ခုခံတွန်းလှန်နိုင်စွမ်း ဘယ်လောက်ရှိသလဲ အဆုံးအဖြတ် ပြုပေးလိမ့်မယ်။” (The Challenge of the Left Opposition - 1923-25, Pathfinder, 1975, page 330)

၁၉၂၅ မှာ ဆိုဗီယက် စီးပွားရေး တိုးတက်မှုနှုန်း ပြဿနာကို ထရော့စကီး အထူး အလေးပေး ပြောခဲ့တယ်၊ “ရှေ့ သို့ တိုးတက်မှုနှုန်းဟာ အဆုံးအဖြတ် ပြုပေးသော အကြောင်းအချက်ပဲ” လို့ ဇောင်းပေးပြောခဲ့တယ်။ ဒီနောက် ထပ်လောင်း ဆိုခဲ့သေးတယ် -

“ကမ္ဘာ့ ဈေးကွက်ရဲ့ အစိတ်အပိုင်း ဖြစ်လာတာနဲ့ ကျနော်တို့ရဲ့ တိုးတက်မှု အလားအလာ ကြီးထွားလာသလို အန္တ ရာယ်တွေလည်း တိုးပွားလာလိမ့်မယ်ဆိုတာ အထင်အရှားပဲ။ ဒီနေရာမှာလည်း အရင်းခံ ပြဿနာက ကျနော်တို့ရဲ့ ကျို့တို့ကျဲတဲ လယ်ယာမြေ စီးပွားရေးစနစ်၊ နည်းပညာပိုင်း နောက်ကောက်ကျမှု၊ ကျနော်တို့နဲ့ယှဉ်ရင် လက်ရှိ အချိန်မှာ ကမ္ဘာ့ အရင်းရှင်စနစ်ရဲ့ ကုန်ထုတ်သတ္တိ အဆမတန် သာလွန်နေမှုတို့ပဲ ဖြစ်ပါတယ်။” (ibid. page 344)

“ဘူဇွာ နိုင်ငံတော်တွေရဲ့ အခြေခံကျသော စီးပွားရေး အားသာချက်က အရင်းရှင်စနစ်ဟာ ဆိုရှယ်လစ်စနစ်ထက် ဈေးပေါပေါနဲ့ အရည်အသွေး ပိုကောင်းတဲ့ ကုန်စည်တွေ လက်ရှိအချိန်အထိ ထုတ်နေနိုင်သေးလို့ ဖြစ်တယ်။ တနည်းဆိုရရင် ခေတ်ဟောင်း အရင်းရှင် ယဉ်ကျေးမှုရဲ့ အင်နားရှား နိယာမနဲ့အညီ ဆက်ရှင်သန်နေဆဲ တိုင်းပြည် တွေက လုပ်အားရဲ့ ကုန်ထုတ်သတ္တိဟာ ဘာဘရစ်ဇင် အမွေဆက်ခံ ရရှိထားတဲ့ အခြေအနေတွေအောက် ဆိုရှယ် လစ် နည်းလမ်းတွေ စသုံးကာစ တိုင်းပြည်မှာထက် လက်ရှိအချိန်မှာ မယှဉ်သာအောင် မြင့်မားနေတယ်။

“သမိုင်းရဲ့ အခြေခံ နိယာမနဲ့ ကျနော်တို့ ရင်းနှီးကြပါတယ် - အောင်ပွဲဟာ အဆုံးမတော့ လူ့အဖွဲ့အစည်းကို စီးပွားရေး လွင်ပြင် ပိုမြင့်မားအောင် ဆွဲတင်ပေးနိုင်တဲ့ စနစ်ဆီပဲ ရောက်သွားတယ်”

“သမိုင်းဆိုင်ရာ အငြင်းပွားမှုကို လုပ်အား ကုန်ထုတ် သတ္တိ နှိုင်းယှဉ်ပြတဲ့ ကိန်းရှင်တွေကပဲ အဆုံးအဖြတ် ပြုသွား လိမ့်မယ်၊ (ဟုတ်ပါတယ်၊ တကြိမ်မက ဖြစ်မှာပါ)။” (ibid. page 345)

ဒီနေရာမှာ ထရော့စကီး ပြောနေတာတွေက ဆယ်စုနှစ်ပေါင်းများစွာ ကြာတဲ့နောက် စတာလင်နစ်(စ်) တိုင်းပြည် တွေမှာ ဖြစ်သွားခဲ့တာတွေကို နားလည်ရာမှာ အင်မတန် အရေးပါတယ်။ စီမံကိန်း စီးပွားရေးစနစ်ဟာ ဆိုဗီယက် ပြည်ထောင်စုကို ကုန်ထုတ် ပစ္စည်းတွေ တဟုန်ထိုး ဖွံ့ဖြိုးတိုးတက်စေခဲ့ပေမယ့် ရှေ့တန်းရောက် အရင်းရှင် တိုင်း ပြည်တွေနဲ့ နှိုင်းစာရင် အများကြီး နောက်ကျကျန်နေတုန်းပဲ။ ဒါပေမယ့် ဗျူရိုကရေစီက ကုန်ထုတ် အင်အားစုတွေ ကို တိုးတက်အောင် လုပ်ပေးနေသရွေ့ စတာလင်နစ်(စ်) အုပ်ချုပ်ရေးစနစ်တွေကို တစုံတရာ တည်ငြိမ်မှု ရစေခဲ့ တယ်။ အမှန်ပဲ၊ ၁၉၃၀ ခုနှစ်တွေမှာ (စတာလင်နစ်စ် ရပ်ရှားမှာ) ကုန်ထုတ် အင်အားစုတွေကို တိုးတက် ဖွံ့ဖြိုးစေ ရုံသာမက အရင်းရှင် ကမ္ဘာမှာ တိုးတက်နှုန်းထက် အဆမတန် ပိုမြန်ခဲ့တယ်။ ဒီအချက်က အဲဒီကာလမှာ စတာ လင်နစ်(စ်) အုပ်ချုပ်ရေးစနစ် ဘာ့ကြောင့် ရှင်သန်အားကောင်းနိုင်ခဲ့သလဲ ရှင်းပြတယ်။ ဒါ့အပြင် ဗျူရိုကရေစီ အတွင်း အရင်းရှင်စနစ် လိုလားတဲ့ အင်အားစုတွေ ဘာ့ကြောင့် အားကောင်း မလာနိုင်သေးသလဲ ရှင်းပြတယ်။

ဒါပေမယ့် အဆင့်တခု ရောက်လာတဲ့အခါ ဗျူရိုကရေစီက ကုန်ထုတ် ပစ္စည်းတွေ တိုးတက်မှုကို နှိုင်းရသဘော ဟန့်တားရာကနေ ပကတိ သဘော ပိတ်ပင်တားဆီးတဲ့အရာ ဖြစ်လာလိမ့်မယ်လို့ ထရော့စကီးက ရှင်းပြခဲ့တယ်။ တိုးတက်မှုနှုန်း နှေးကွေးသွားမယ်၊ ဒီနောက် အရင်းရှင်စနစ် ပြန်လည် အသက်သွင်းနိုင်ချေကို လမ်းစဖွင့်ပေးလိမ့် မယ်။ ၁၉၆၀ ခုနှစ်တွေနဲ့ ၁၉၇၀ ခုနှစ်တွေမှာ အဲဒီအတိုင်း ဖြစ်သွားတာပဲ။ ဆိုဗီယက် ပြည်ထောင်စုမှာ စီးပွားရေး တိုးတက်မှုက အစပိုင်းမှာ အရင်းရှင် အနောက်အုပ်စုလိုပဲ နှေးကွေးသွားတယ်၊ နောက်တော့ လုံးဝ ရပ်ဆိုင်းသွား တယ်။

ထရော့စကီး အလိုအရ အဲဒီအမှတ်ကို ရောက်သွားရင် ဖြစ်နိုင်ချေ နှစ်ခု ရှိတယ် - အလုပ်သမားထုက ဗျူရိုကရေစီ ကို ဖြိုချပစ်ပြီး စီမံကိန်း စီးပွားရေးစနစ်ကို ဆက်ထိန်းထားမယ်၊ ကုန်ထုတ်လုပ်မှုကို အလုပ်သမားထုက ဒီမိုက ရေစီနည်းကျ စီမံခန့်ခွဲမယ်၊ ပဲ့ကိုင်ထိန်းချုပ်ထားမယ်။ (သို့မဟုတ်) အရင်းရှင်စနစ်ဆီ ပြန်လှည့်သွားမယ့် တန်ပြန် တော်လှန်ရေး ဖြစ်လိမ့်မယ်။

ဒုတိယ ဖြစ်နိုင်ချေဟာ အဲဒီစတာလင်နစ်(စ်) အုပ်ချုပ်ရေး စနစ်တွေရဲ့ ကြမ္မာဖြစ်လာခဲ့ကြောင်း သမိုင်းက သက် သေထူသွားတယ်။ ၁၉၇၀ ခုနှစ်တွေကတည်းက အကြပ်ဆိုက်လာတဲ့ ရပ်ရှားနဲ့ အရှေ့ဥရောပမှာ စီးပွားရေး ဖွံ့ဖြိုး အောင် ဆက်မလုပ်နိုင်ပေးနိုင်မှန်း ထင်ရှားလာတာနဲ့ အဲဒီစနစ် လဲပြိုသွားတာကို ကျနော်တို့ မြင်တွေ့ခဲ့ရတယ်။ ရပ်ရှားမှာ ရုတ်ချည်း လဲပြိုသွားခဲ့တယ်။ စီးပွားရေး အခြေငြိမ်ပြီး အရင်းရှင်စနစ် အခြေခံနဲ့ တကျော့ပြန် ဖွံ့ဖြိုး နိုင်ဖို့ နှစ်ပေါင်း အတော်ကြာခဲ့တယ်။

သင်ခန်းစာတွေ ထုတ်ယူခဲ့တဲ့ တရုတ် ဗျူရိုကရေစီ

တရုတ်မှာကျ တမျိုးတဖုံ ဖြစ်ပေါ်ခဲ့တယ်။ ရပ်ရှားမှာ ဖြစ်နေတာတွေကို တရုတ် ဗျူရိုကရေစီက သေချာ စောင့် ကြည့် လေ့လာခဲ့တယ်။ တိန်ရှောင့်ဖိန် အမှူးပြုတဲ့ ဗျူရိုကရေစီ အင်အားစုက ရပ်ရှား အတွေ့အကြုံကနေ သင် ခန်းစာတွေ ထုတ်ယူခဲ့တယ်၊ တရုတ်ပြည်ကိုယ်တိုင် လောလောလတ်လတ် ကြုံခဲ့ရတဲ့ အတိတ်ကနေလည်း သင် ခန်းစာ ယူခဲ့တယ်။ တရုတ်ဟာ လူဦးရေ အမြောက်အမြားရှိတဲ့ တိုက်ကြီးတတိုက်လို ကျယ်ပြောတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက် ကြီးမား ကျယ်ပြန့်တဲ့ တိုင်းပြည်တခုလည်း ကမ္ဘာ့ စီးပွားရေးနဲ့ မပတ်သက်ဘဲ သီးခြား မဖွံ့ဖြိုးနိုင်ပါဘူး။ “တိုင်းပြည်တပြည်တည်း ဆိုရှယ်လစ်စနစ် ထူထောင်ရေး” မရှုမလှ ကျရှုံးခဲ့ပြီ။ မော် လက်အောက်က ဗျူရိုကရေစီ တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တဲ့ တံခါးပိတ် စီးပွားရေး စနစ်လည်း နောက်ဆုံးမှာ သူ့ အားနည်းချက်တွေ အားလုံး ထုတ်ပြသွားခဲ့ပြီ။

အကြပ်အတည်း ဆိုက်လာတဲ့ ရပ်ရှား နဲ့ အရှေ့ဥရောပ အုပ်ချုပ်ရေး စနစ်တွေကို တိန် အင်အားစု လေ့လာ ရှု ကြည့်ခဲ့တယ်၊ ဒီနောက် ၁၉၈၉-၉၁ ခုနှစ်တွေမှာ အဲဒီ အုပ်ချုပ်ရေး စနစ်တွေအားလုံး တခုပြီးတခု ပြိုကျသွားပြီး အရင်းရှင်စနစ်ဆီ ကူးပြောင်းသွားကြတာ သူတို့ မြင်တွေ့ခဲ့ရတယ်။ တခါကအင်မတန် အင်အားကြီးပါတယ် ဆို တဲ့ မိုနိုလစ်သစ် ရပ်ရှား ဗျူရိုကရေစီကြီး ကဒ်တွေနဲ့ဆောက်ထားတဲ့ အိမ်တလုံးလို ပြိုကျသွားတာ သူတို့ မြင်ခဲ့ရ တယ်။ ဆိုဗီယက် ပြည်ထောင်စုနဲ့ အရှေ့ဥရောပက စတာလင်နစ်(စ်) တိုင်းပြည်တွေအားလုံး (အထူးသဖြင့် အရင် ဆိုဗီယက် ပြည်ထောင်စု) မှာ ကုန်ထုတ် အင်အားစုတွေ အမြောက်အမြား ဖျက်စီးပစ်ခဲ့လို့ စီးပွားရေး နောက်ပြန် ခေါက် သွားခဲ့တယ်၊ ဗျူရိုကရေစီလည်း ဒီဖြစ်စဉ်ကို မအုပ်စီးနိုင်ခဲ့ဘူး။ စီးပွားရေး ပြန်တည်ငြိမ်ပြီး တကျော့ပြန် နိုး ထလာဖို့ အချိန်အတော်ကြာခဲ့တယ်။ ဒီဖြစ်ရပ်တွေကို ကြည့်ရင် တရုတ်ဗျူရိုကရေစီလည်း သူ့ အနာဂတ် အလား အလာကို မြင်နိုင်တယ်။ ဒါ့ကြောင့် ဒါမျိုး တရုတ်ပြည်မှာ ဖြစ်ခွင့်မပေးနိုင်ဘူးလို့ သူတို့ ကောက်ချက်ဆွဲခဲ့တယ်၊ တရုတ်ပြည်မှာ ဒီလို ပြိုကျမသွားအောင် ပေါ်လစီ အပြောင်းအလဲ လုပ်ဖို့ လိုအပ်ပြီလို့ သူတို့ နိဂုံးချုပ်ခဲ့တယ်။

ဒီကာလမှာပဲ ထန်းအန်းမင် အရေးတော်ပုံ ဖြစ်ခဲ့တယ်၊ တချိန်ချိန်မှာ တရုတ် ဗျူရိုကရေစီလည်း ဆိုဗီယက်လို ကြမ္မာမျိုး ရင်ဆိုင်ရနိုင်တယ်ဆိုတာ ပိုထင်ရှားသွားတယ်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကျတာမြင်ခဲ့ရတဲ့အပြင် အခုလို ကြုံလိုက်ရတဲ့အခါ တရုတ် ဗျူရိုကရေစီရဲ့ တွေးခေါ်စဉ်းစားပုံကို ကြီးကြီးမားမား သက်ရောက်မှု ရှိသွား တယ်။ တရုတ် ဗျူရိုကရေစီကို ဈေးကွက် ယန္တယားတွေ ကနဦးအဆင့် အသုံးပြုပြီး ကုန်ထုတ် သတ္တိ တိုးလာ အောင် လုပ်ဖို့ တွန်းပို့ပေးလိုက်တယ်။ ဒီအဆင့်မှာ နိုင်ငံတော်ပိုင် စီးပွားရေး ကဏ္ဍက လွှမ်းမိုးထားရမယ် ဆိုတဲ့ မူ ကို ဆုပ်ကိုင်ထားဆဲ ဖြစ်တယ်။ ဒါပေမယ့် ဈေးကွက် အစားထိုး ဖြစ်စဉ် အရှိန်ရလာပြီး အဆုံးမှာတော့ ပုဂ္ဂလိက ကဏ္ဍ လွှမ်းမိုးထားတဲ့ ဒီကနေ့ အနေအထားကို ရောက်လာခဲ့တယ်။ (မူရင်း စာတမ်းကို ရေးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ ကတည်းက ပုဂ္ဂလိက ကဏ္ဍ ကြီးစိုးတဲ့ အနေအထားကို ရောက်သွားခဲ့ပြီ။ ဘာသာပြန်သူ မှတ်ချက်)

ဆိုဗီယက် ပြည်ထောင်စုမှာ ဖြစ်ခဲ့သလိုပဲ တရုတ်မှာလည်း မော်လက်ထက်မှာ စီးပွားရေး ဖွံ့ဖြိုးလာတာနဲ့အမျှ ဗျူ ရိုကရက်တွေရဲ့ လောဘဇောလည်း ပိုတက်လာတယ်၊ စီးပွားရေး ကဏ္ဍအသီးသီးကြား ချိတ်ဆက်ပူးပေါင်းမှု ကင်း မဲ့သထက် ကင်းမဲ့လာတယ်။ “ခုန်ပျံကျော်လွှားရေး” နဲ့ “ယဉ်ကျေးမှု တော်လှန်ရေး” ဖြစ်ရပ်တွေကို ဒီလို ချဉ်း ကပ်မှ ရှင်းပြနိုင်တယ်။ မော်က စီးပွားရေးကို အဲဒီလို နည်းတွေနဲ့ ရှေ့တွန်းတင်ဖို့ ကြိုးစားခဲ့တယ်၊ တချိန်တည်း မှာပဲ ဗျူရိုကရေစီ တခုလုံး တည်မြဲမှုကို ခြိမ်းခြောက်လာတဲ့ ဗျူရိုကရေစီရဲ့ အလွန်အကျွံ လုပ်ရပ်တွေကို နှိပ်ကွပ်ခဲ့ တယ်။

ဗျူရိုကရေစီ အစိတ်အပိုင်း တချို့ရဲ့ အလွန်အကျွံ လုပ်ရပ်တွေဟာ ဗျူရိုကရက်တစ် အလွှာတခုလုံးရဲ့ အကျိုး စီးပွားကို ခြိမ်းခြောက်လာနိုင်တယ်။ ဒီသဘောနဲ့ ကြည့်ရင် ၁၉၃၀ ပြည့်နှစ်တွေမှာ စတာလင် လုပ်ခဲ့တာတွေနဲ့ သွားတူနေတယ်၊ စတာလင်လည်း ဗျူရိုကရေစီအတွင်းက အစိတ်အပိုင်းတချို့ကို အပြင်းအထန် အရေးယူခဲ့တယ်၊ ဒါပေမယ့် ဒီလို လုပ်ရတာဟာ ဗျူရိုကရေစီ အုပ်ချုပ်ရေးစနစ် တည်မြဲရေး ဖြစ်တယ်။ စတာလင်ဟာ ဗျူရိုကရက် တွေကို ပစ်သတ်ခဲ့တာတောင် ရှိတယ်၊ ဗျူရိုကရေစီ တခုလုံးကို ကယ်တင်ဖို့ ခြစားမှု အဆိုးဆုံး ဗျူရိုကရေစီ အင် အားစုတချို့ကို အပြင်းအထန် ထိုးနှက်ခဲ့တယ်။ တရုတ် ဗျူရိုကရေစီ အလွှာတခုကို ထိုးနှက် တိုက်ခိုက်ခဲ့တဲ့ “ယဉ် ကျေးမှု တော်လှန်ရေး”မှာလည်း ဒါမျိုးတွေ လုပ်ခဲ့တယ်။ မော်ဟာ သူ့ရပ်တည်မှု ခြေကုပ်ခိုင်အောင် “အရင်းရှင် စနစ် လမ်းကြောင်းဖော်သူတွေ” ဆိုပြီး လူပိန်းကြိုက် တိုက်ခိုက်ခဲ့တယ်၊ ဒီလို ဝေဖန်တိုက်ခိုက်ရင်း ဗျူရိုကရေစီ အုပ်ချုပ်ရေး စနစ်တခုလုံးကို လှိုက်စားလာနေတဲ့ အဆိုးဝါးဆုံး အကျင့်ပျက် ခြစားနေသော ဗျူရိုကရက် အစိတ် အပိုင်းတွေကို နှိပ်ကွပ်ခဲ့တယ်။

အနှစ်သာရအားဖြင့် “ယဉ်ကျေးမှု တော်လှန်ရေး” ဟာ အနောက်တိုင်းမှာ တချို့တွေ ပြောနေကြသလို လူငယ် တွေ၊ အလုပ်သမားတွေက ဗျူရိုကရက်တွေအပေါ် သူတို့ လိုလားချက်တွေ ဖိအားပေးခဲ့တဲ့ လှုပ်ရှားမှု တခု မဟုတ် ဘူး။ မန်ဒယ်(လ်) Mandel နဲ့ အပေါင်းအပါတွေက ယဉ်ကျေးမှု တော်လှန်ရေးကို ပါရီ ကွန်မြူးနဲ့ နှိုင်းကြတယ်။ အမှန်တကယ် ဖြစ်နေတာတွေကို သူတို့ နားလည်နိုင်စွမ်း မရှိဘူးဆိုတာ ဖော်ပြလိုက်တာပဲ။ ဒီလူတွေဟာ တရုတ် ဗျူရိုကရေစီရဲ့ အင်အားစု တခုက နောက် ဗျူရိုကရေစီ အင်အားစုတခုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ၁၈၇၁ ခုနှစ် က ပါရီ အလုပ်သမားထုရဲ့ စစ်မှန်သော အုံကြွမှုနဲ့ ရောထွေးပစ်လိုက်တယ်။ ယဉ်ကျေးမှု တော်လှန်ရေးကို အမြင့် ဆုံး အာဏာရှင် မော်က ထိပ်ပိုင်းကနေ အမြဲ ထိန်းချုပ်ထားခဲ့တယ်ဆိုတာ သူတို့ နားမလည်ခဲ့ဘူး။ အပေါ်က ရှင်း ခဲ့သလိုပဲ မော်ဟာ ဒီနည်းတွေနဲ့ စီးပွားရေးကို ရှေ့တွန်းတင်ဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့တဲ့အပြင် အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ၊ ဗရမ်းဗတာတွေပဲ ဖြစ်လာခဲ့တယ်။ လယ်ယာမြေ ကုန်ထုတ်လုပ်ငန်း၊ စက်မှုလုပ်ငန်း နှစ် ခုလုံး သုံးနှစ်ကြာ ပြိုလဲပျက်စီးခဲ့တယ်၊ ကျောင်းတွေ တက္ကသိုလ်တွေ ပိတ်ခဲ့တယ်။ တိန့်ရှောင်ဖိန် ခေါင်းဆောင်တဲ့ ဗျူရိုကရေစီ အင်အားစု တုန်လှုပ်ခြောက်ခြားခဲ့ရတယ်၊ ဒီအတွေ့အကြုံတွေကနေလည်း နိဂုံးချုပ်ချက်တွေ ချလာ ခဲ့တယ်။

စီမံကိန်း စီးပွားရေးစနစ်ဟာ အဆင့်တိုင်းမှာ အလုပ်သမား လူတန်းစားရဲ့ ထိန်းကွပ်မှု ရှိမှသာ အောင်မြင် ဖြစ် ထွန်းမယ်ဆိုတာ ကျနော်တို့ နားလည်ရမယ်။ စီမံကိန်းကို အဆင့်အားလုံးမှာ အလုပ်သမားထုက အကျေအလည် ဆွေးနွေးကြရမယ်။ ဒါ့ကြောင့်မို့ အလုပ်သမားထု ဒီမိုကရေစီ၊ အလုပ်သမားထု ထိန်းချုပ်မှုနဲ့ စီမံခန့်ခွဲမှုတွေဟာ စီမံကိန်းတခု အသက်ဝင်ရေးမှာ မရှိမဖြစ် အစိတ်အပိုင်းတွေ ဖြစ်နေတာပဲ။ အလုပ်သမားတွေဟာ စားသုံးသူတွေ လည်း ဖြစ်ကြတယ်၊ ဒါ့ကြောင့် အဆင့်အားလုံးမှာ စီမံကိန်း အလုပ်ဖြစ်မဖြစ် သေချာအောင် လုပ်ဖို့ အလုပ်သမား ထုမှာ လက်တွေ့ကျတဲ့ အကျိုးစီးပွား ရှိနေတယ်။ ဗျူရိုကရက်ကျ သူ့ဝေစု ပြည့်မီရေးပဲ စိတ်ဝင်စားတယ် (အရည် အသွေးလည်း သူစိတ်မဝင်စားဘူး၊ ကုန်ထုတ် ဖြစ်စဉ်ရဲ့ တခြားကဏ္ဍတွေနဲ့ ချိတ်ဆက် ပူးပေါင်းမှု ရှိမရှိလည်း စိတ်မဝင်စားဘူး) ဒါမှ သူ့အတွက် ဘိုးနပ်(စ်)တွေ ရလာမှာ။ ဒါ့အပြင် ဗဟိုဦးစီးချုပ်ကိုင်တဲ့ ဗျူရိုကရေစီတခုဟာ ကုန်ထုတ်ဖြစ်စဉ်ရဲ့ မျက်နှာစာအားလုံးကို ဆုံးဖြတ်ပေးနေလို့ မရဘူး။ အစစအရာရာ ဗျူရိုကရက်တစ် ဗဟို အမိန့် ပေးစနစ်ကို မှီခိုအားပြုထားရင် ဘယ်လိုမှ ထိရောက်မှု မရှိနိုင်ဘူး၊ ဆိုးဆိုးရွားရွား ပုံပျက်မှုတွေ ဖြစ်ပေါ်လာမယ်။ တခွင်တပြင်လုံးဆိုင်ရာ စီမံကိန်းကို အလုပ်သမားထုက အဆင့်အားလုံးမှာ ပဲ့ကိုင် ထိန်းကျောင်းရမယ်။ “မဟာခုန် ပျံ ကျော်လွှားရေး” နဲ့ “ယဉ်ကျေးမှု တော်လှန်ရေး” ရှုံးနိမ့်ခဲ့ခြင်းကို အထက်ပါ အတိုင်း ရှင်းပြနိုင်တယ်။ ဗျူရိုက ရေစီကို ဗျူရိုကရေစီနည်းတွေနဲ့ သွားတိုက်လို့ မရဘူး။ ဒီဖြစ်ရပ်နှစ်ခုလုံးဟာ ဗျူရိုကရေစီကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အထိအခိုက်တွေကို ပိုဆိုးစေခဲ့တာပဲ အဖတ်တင်သွားတယ်။

ယဉ်ကျေးမှု တော်လှန်ရေးမှာ ဖြစ်ခဲ့တာတွေကို နားလည်မှ တိန့်လက်ထက် ဖြစ်ပေါ်လာတာတွေကို နားလည် နိုင်မယ်။ မော်ဦးဆောင်တဲ့ ဗျူရိုကရေစီဟာ ဗျူရိုကရေစီ အင်အားစုတခုကို ဆန့်ကျင်တိုက်ဖျက်ဖို့ လူထုအားကို ယူသုံးခဲ့တယ်။ ဘိုနာပတ်တစ်(စ်) ပုံစံအတိုင်း အဲသလိုလုပ်ရင်း အောက်ခြေထု အင်အားကို ဖွင့်ထုတ်ပေးခဲ့တယ်၊ ဒါပေမယ့် ဒီလို လုပ်လိုက်ခြင်းဟာ အန္တရာယ်ကို တပါတည်း တွဲခေါ်လာခဲ့တယ်။ လူထုကို ဒီထက် ဆက်သွားခွင့် ပြုလိုက်ရင် ဗျူရိုကရေစီ ထိန်းကွပ်မှု ဆုံးရှုံးသွားတော့မယ်။ ဒါ့ကြောင့်လည်း ဗျူရိုကရေစီ အင်အားစုတခုကို နှိပ်ကွပ်ပြီးတာနဲ့ မော်နဲ့သူ့နောက်လိုက်တွေဟာ သူတို့ကိုယ်တိုင် လှုံ့ဆော်ပေးခဲ့တဲ့ လှုပ်ရှားမှုကို ပြန်ဖိနှိပ်ခဲ့တယ်၊ ၁၉၆၉ မှာ ပြန်ဇက်သတ်ခဲ့ရတယ်။ ဒါ့ကြောင့် “လူထုက မှန်တယ်၊ ပြည်သူတွေ ပြောတာ မှန်တယ်” ဆိုတဲ့ အဓိက ကြွေးကြော်သံကနေ “ဥက္ကဌ မော် စိတ်ထဲရှိတာ အမှန်တရားပဲ” ဖြစ်လာခဲ့တယ်။

လူထုကို နှိပ်ကွပ်လိုက်တဲ့အခါ အင်အား ချိန်ခွင်လျှာက အရင်းရှင်စနစ် လိုလားတဲ့ အုပ်စုဘက် ပိုသာသွားတယ်။ မော်က လူထုကို ဖိထားလိုက်တာနဲ့ အင်အား အချိုးအစားကို ဗျူရိုကရေစီ အတွင်းမှာပဲ အဆုံးအဖြတ် ပြုတော့ တယ်။ လူထု လှုပ်ရှားမှုကို မော် စိုးရိမ်တာ အကြောင်းရှိတယ်၊ ပြီးခဲ့တဲ့ ကာလမှာ အောက်ခြေကနေ ဖြစ်ပေါ်လာ တဲ့ လှုပ်ရှားမှုတွေ၊ သပိတ်တိုက်ပွဲတွေ ရှိခဲ့တယ်၊ နောက်ဆုံးဖြစ်ခဲ့တာ ၁၉၆၆-၆၇ နဲ့ ၁၉၇၆ ခုနှစ်တွေမှာ၊ ဒီကာလ မှာ အလုပ်သမား အဖွဲ့အစည်းတွေက လုပ်ခလစာ၊ အလုပ်ခွင် ပြဿနာတွေကို တောင်းဆိုလာကြတယ်။ အလုပ် သမား လူတန်းစားက ဗျူရိုကရေစီ ချပေးထားတဲ့ ဘောင်ကို ကျော်ပြီး လှုပ်ရှားဖို့ ပြင်လာကြတဲ့ သဘောပဲ။ ကျ နော်တို့ နားလည်ဖို့ အရေးကြီးတာက မော်ခေါင်းဆောင်တဲ့ ဗျူရိုကရေစီဟာ နိုင်ငံတော် စီမံကိန်းစနစ်ကို ခုခံ ကာကွယ်ပေမယ့် အလုပ်သမားထု လက်ထဲ အာဏာအပ်ဖို့အထိ မသွားနိုင်ဘူး။ ဒီလိုသာ ဖြစ်သွားရင် ဗျူရိုကရေစီ စံစားနေရတဲ့ အခွင့်ထူးတွေ ဆုံးရှုံးသွားမှာပဲ။

ဒါပေမယ့် စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်ရမယ့် ပြဿနာကို သူတို့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ စစ်မှန်တဲ့ မာ့(က်စ်) ဝါဒရှုထောင့်က ကြည့်ရင် တခုတည်းသော အဖြေဟာ စစ်မှန်သော အလုပ်သမားထု ဒီမိုကရေစီကို အစားထိုးဖို့ပဲ၊ ဟုတ်ပါတယ်၊ ဒါမျိုးကို ဗျူရိုကရေစီ မလိုလားဆုံးပဲ။ စီမံကိန်း စနစ်ကို ကာကွယ်ခဲ့တဲ့ ဗျူရိုကရေစီ အင်အားစုဟာ သူတို့ အကျိုးစီးပွားတွေ၊ အခွင့်ထူးတွေ ကာကွယ်ဖို့ ဒီလိုလုပ်ခဲ့တယ်ဆိုတာ ကျနော်တို့ မေ့လို့ မဖြစ်ဘူး။ In Defence of Marxism မှာ ဒီအခြေအနေကို ထရော့စကီး သေချာ ရှင်းပြသွားတယ် - “ဗျူရိုကရေစီ ဟာ သူ့ အာဏာ၊ သူ့ဂုဏ်ဒြပ်၊ သူ့ဝင်ငွေတွေကိုပဲ ရှေ့တန်းတင် ဦးစားပေး စဉ်းစားတယ်။ ဆိုဗီယက် ပြည်ထောင်စုကို ကာ ကွယ်ဖို့ထက် သူ့ကိုယ်သူ ပိုပြီး ကာကွယ်ထားတယ်။ ဆိုဗီယက် ပြည်ထောင်စုကို အပျက်အစီးခံပြီး သူ့ကိုယ်သူ ကာကွယ်တယ်၊ ကမ္ဘာ့ ပစ္စည်းမဲ့ လူတန်းစား အရေးတော်ပုံကို အနစ်နာခံပြီး သူ့ကိုယ်သူ ကာကွယ်တယ်။” ဒါဟာ အနှစ်သာရအားဖြင့် ဗျူရိုကရေစီရဲ့ သဘာဝပဲ။

ယဉ်ကျေးမှု တော်လှန်ရေး ပြီးဆုံးသွားတဲ့အခါ ဗျူရိုကရေစီရဲ့ အလွှာကြီးတခု သက်ပြင်းချနိုင်သွားတယ်၊ သူတို့အ နေနဲ့ အရင်လို တည်တည်ငြိမ်ငြိမ် ဖြစ်ချင်တယ်၊ တည်ဆဲစနစ်အတွင်းမှာပဲ အခွင့်ထူးတွေ စံစားချင်တယ်။ သေချာ တာက စီးပွားရေး ဖွံ့ဖြိုးအောင် ဈေးကွက်ပုံစံတမျိုးမျိုး သွတ်သွင်းကြည့်ဖို့ရာ ပြောဆိုဆွေးနွေးနေတဲ့ ဗျူရိုကရေစီ အင်အားစုတခု ရှိနေပြီ။

မော် အုပ်စိုးသောခေတ် နိဂုံး

မော် သေသွားတာနဲ့ တရုတ် ဗျူရိုကရေစီရဲ့ “အရင်းရှင်စနစ် လမ်းဖောက်သူ” အင်အားစုဟာ ထိုးစစ်ဆင်ခဲ့တယ်၊ ဈေးကွက်ပြဿနာ၊ ကမ္ဘာ့ဈေးကွက် ပြဿနာကို ဖော်ထုတ်လာကြတယ်။ တကယ်တော့ တိန့်ရှောင်ဖိန်နဲ့ အ ပေါင်းအပါတွေရဲ့ အယူအဆက မှန်တယ် - သဘောက တရုတ်ပြည်ကို ကမ္ဘာ့ စီးပွားရေးကနေ သီးခြား ခွဲထားလို့ မဖြစ်နိုင်ဘူး၊ ကမ္ဘာ့ ဈေးကွက်ထဲ တိုးဝင်သင့်တယ်။ ဒါကကနဦး အယူအဆ။ အလုပ်သမားထု ဒီမိုကရေစီ ဆိတ် သုဉ်းနေတဲ့အခါ ကမ္ဘာ့ ဈေးကွက်က စီမံခန့်ခွဲမှု အလွဲအမှားတွေ၊ အလုပ်မဖြစ် ပျက်စီးမှုတွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်ထိန်းချုပ်ပေးနိုင်တယ်။

၁၉၇၀ ခုနှစ်တွေက တရုတ်ပြည်မှာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ မာ့(က်စ်)ဝါဒီ တော်လှန်ရေး ပါတီတခု ဆိုရင် တောင် ၁၉၂၀ ခုနှစ်များ အစောပိုင်းကာလမှာ ဘော်ရှီဗစ်တွေ လုပ်ခဲ့သလိုမျိုး စီးပွားရေး ပေါ်လစီအသစ် (NEP) ပုံစံတမျိုးမျိုးကို ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး။ စီးပွားရေး ပင်မဒေါက်တိုင်ကြီးတွေ နိုင်ငံတော်ပိုင် ဖြစ်နေသရွေ့၊ စီမံကိန်းစနစ်အောက် ရှိနေသရွေ့ ထီးတည်းကြီး ဖြစ်နေတဲ့ အလုပ်သမား နိုင်ငံတော်တခုမှာ ဒီနည်းတွေကို စီးပွား ရေး ဖွံ့ဖြိုးအောင် လှုပ်နှိုးဖို့ အသုံးပြုနိုင်တယ်။

ကုန်ကြမ်းတွေ အမြောက်အမြား ရှိပေမယ့် စီးပွားရေး မဖွံ့ဖြိုးသေးတဲ့ ဆိုက်ဘေးရီးယားမှာ အနောက်တိုင်း အရင်းရှင်တွေကို လိုက်လျောချက်တွေ ပေးရတော့ လီနင်လည်း ဒီလိုမျိုး စဉ်းစားချက်တွေ ရှိခဲ့တယ်။ အားနည်း နေတဲ့ ငယ်ငယ်ရွယ်ရွယ် အလုပ်သမား နိုင်ငံတော်မှာ ဆိုက်ဘေးရီးယားကို ဖွံ့ဖြိုးအောင် မလုပ်နိုင်သေးဘူး။ ဒါ့ ကြောင့် အဲသလို အနေအထားမှာ ရင်းနှီးမြှုပ်နှံမှုတွေ ရလာအောင် လုပ်ဖို့၊ ကုန်ထုတ် အင်အားစုတွေ တိုးတက် လာအောင် လုပ်ဖို့ လိုအပ်တဲ့ နည်းပညာတွေ ရရှိနိုင်တဲ့ တခုတည်းသော နည်းက ပြည်ပ အရင်းကို လိုက်လျော ချက်တွေ ပေးရမယ်လို့ လီနင်က ရှင်းပြခဲ့တယ်။ အရင်းရှင်တွေကို အမြတ်ရစေသလို ကိုယ့်ဘက်က ဒေသဖွံ့ဖြိုး လာအောင် လုပ်ယူနိုင်မယ်၊ ကုန်ထုတ် ပစ္စည်းအသစ်တွေ ရနိုင်မယ်၊ နည်းပညာ အသစ်တွေ ရလိုက်မယ်၊ စသဖြင့်။ ဒါဟာ တော်လှန်ရေးကို အကျိုးဖြစ်စေလိမ့်မယ်ဆိုတဲ့ အယူအဆပဲ။

၁၉၁၈ မှာ လီနင်က “လက်ဝဲဂိုဏ်း ကလေးဆန်မှုနဲ့ ပက်တီးဘူဇွာ စိတ်ဓာတ်” ဆောင်းပါးမှာ အခုလို ထောက်ပြ ခဲ့တယ် - “ငါတို့ ပစ္စည်းမဲ့ လူတန်းစား ပါတီမှာ ထရပ်(စ်)တွေလို အကြီးစား ကုန်ထုတ်လုပ်ငန်းတွေ စုစည်းနိုင်စွမ်း ရရှိအောင် ပထမတန်းစား အရင်းရှင် ကျွမ်းကျင်ပညာရှင်တွေဆီက အရယူတဲ့နည်းကလွဲပြီး တခြားနည်း မရှိ ဘူး။”

နောက်နှစ် ဖေဖော်ဝါရီ (၄)မှာ တိန့်ရှောင်ဖိန်က Council of People's Commissars ကို သဘောထား ထုတ် ပြန်ချက်တခု ဖတ်ကြားခဲ့တယ်၊ “တရုတ် ကွန်မြူနစ်ပါတီဟာ ပြည်ပ အရင်းအနှီးတွေရဲ့ ကိုယ်စားလှယ်တွေကို လိုက်လျောချက်တခုပြုဖို့ စဉ်စားထားတယ်။ မူအရပြောရရင် တိုင်းပြည် ကုန်ထုတ် အင်အားစုတွေ တိုးတက် အောင် လုပ်ရတာဖြစ်လို့ လုပ်ခွင့်ရှိတယ်”။ အမှန်ပဲ၊ ကွာခြားချက် ရှိပါတယ်၊ ၁၉၁၈-၁၉မှာ ဆိုဗီယက် ပြည်ထောင် စုရဲ့ သဘာဝကို သံသယဝင်စရာ မရှိဘူး၊ သူဟာ ကျန်းမာကြံ့ခိုင်တဲ့ အလုပ်သမား နိုင်ငံတော်တခု ဖြစ်တယ် (အနည်းဆုံးတော့ နှိုင်းရသဘော ကျန်းမာကြံ့ခိုင်တဲ့ အလုပ်သမား နိုင်ငံတော်တခု)၊ ဒီလို လိုက်လျောချက်တွေ အသုံးပြုတာဟာ အလုပ်သမား နိုင်ငံတော်ကို ပိုအားကောင်းစေဖို့ ဖြစ်တယ်၊ အားနည်းအောင် လုပ်ဖို့ မဟုတ်ဘူး။

ဘော်ရှီဗစ်တွေ ဒီလို လိုက်လျောချက်တွေ ပေးခဲ့ရတာ ကမ္ဘာ့ တော်လှန်ရေး နှောင့်နှေးနေလို့ ဖြစ်တယ်ဆိုတာ ကျနော်တို့ အမှတ်ရဖို့ လိုတယ်။ နိုင်ငံတော် အာဏာဟာ အလုပ်သမား လူတန်းစား လက်ထဲရှိနေပြီး ပင်မ စီးပွား ရေး ဒေါက်တိုင်ကြီးတွေ နိုင်ငံတော်ပိုင် ဖြစ်နေသရွေ့ ဒီလိုမျိုး လိုက်လျောချက်တွေကို လက်ခံပေးနိုင်တယ်။ ဒါပေ မယ့် ပြဿနာက ပြည်ပ အရင်းရှင်တွေဟာ ၁၉၂၁ တုန်းက ဆိုဗီယက် ရပ်ရှားနဲ့ စီးပွားရေး အပေးအယူတွေ လုပ်ဖို့ ဝေးစွ၊ ဆိုဗီယက်ကို ချေမှုန်းဖို့ပဲ အလိုရှိခဲ့တယ်။ တရုတ် ဗျူရိုကရေစီနဲ့ကျ မတူဘူး။ အခွင့်ထူးခံ ဒီအလွှာနဲ့ သူတို့ အပေးအယူတွေ လုပ်နိုင်ခဲ့တယ်။ အလွန့်အလွန် ဖောက်ပြန်လှတဲ့ နစ်(ခ်)ဆင်တောင် တရုတ် ဗျူရိုကရေစီနဲ့ သဘောတူညီချက်ယူဖို့ ပြဿနာ မရှိခဲ့ဘူး။

မော် သေပြီးတဲ့နောက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တံခါးဖွင့်ပေးရေး အယူအဆ ဗျူရိုကရေစီအတွင်း အားကောင်း လာခဲ့တယ်၊ တိန့်ရှောင်ဖိန်က ဒီအယူအဆကို လူပုဂ္ဂိုလ်အဖြစ် ထင်ဟပ်ထားသူ။ ဗျူရိုကရေစီအလွှာရဲ့ အများစုက တံခါးပိတ် စီးပွားရေး ကျရှုံးသွားပြီ၊ တရုတ်ပြည်ဟာ ထီးတည်းရပ်တည်နေလို့ မဖွံ့ဖြိုးနိုင်ဘူးဆိုတဲ့ ကောက်ချက် ဆွဲလာကြတယ်၊ ဒီအချက်ကို ထင်ဟပ်ဖော်ထုတ် ထားခြင်းဖြစ်ပါတယ်။

တိန့်ဟာ ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်ခဲ့ဖူးတယ် ဒါပေမယ့် “ယဉ်ကျေးမှု တော်လှန်ရေး”အတွင်း ခေါင်း ဆောင်မှုနေရာကနေ ဖယ်ရှားခံခဲ့ရတယ်။ ဒါပေမယ့် ၁၉၇၄ ဇန်နဝါရီကျ သူဟာ ပေါ်လစ်ဗျူရို အဖွဲ့ဝင် ပြန်ဖြစ် လာခဲ့တယ်။ တကျော့ပြန် ရာထူးတွေအားလုံး ပြန်ရုတ်သိမ်းမခံရခင် တိန့်ဟာ ဝန်ကြီးချုပ် ဖြစ်ခဲ့သလို ပါတီရဲ့ ဒုဥက္ကဌလည်း ဖြစ်ခဲ့တယ်၊ စစ်ရေး ဦးစီးချုပ်လည်း ဖြစ်ခဲ့တယ်၊ တရုတ်ပြည်မှာ မော်ပြီးရင် ဒုတိယ အကြီးဆုံး ပုဂ္ဂိုလ် ဖြစ်လာတယ်။ ဒီလို အကြီးဆုံး ရာထူးတွေ ရထားပေမယ့် သူ့ကို “မကောင်းဆိုးဝါး”လို့ ပြစ်တင် ရှုတ်ချ ခဲ့တယ်၊ “အရင်းရှင်ပေါ်လစီ” နောက်လိုက်နေတဲ့ တန်ပြန် တော်လှန်ရေး ခေါင်းဆောင်တဦးအဖြစ် အပြင်းအထန် ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့် အရေးကြီးတဲ့အချက်က သူဟာ ပါတီကဒ်ကို ထိန်းထားနိုင်ခဲ့တယ်။ ပုံမှန်ဆို “ကြီး မြတ်သော ခေါင်းဆောင်ကြီး” အလိုမကျသူ မှန်သမျှ ကန်ထုတ်ခံရတာချည်း/ တချို့ ဒီထက်ပိုဆိုးတဲ့ အခြေအနေ ရင်ဆိုင်ရတယ်။ တိန့်ကျ ဒီလို မဖြစ်ခဲ့ဘူး၊ ဒါကလည်း သူ့မှာ ဗျူရိုကရေစီတွင်း ထောက်ခံမှု ကြီးမားလို့ပဲ။ ဖြစ်ခဲ့ပြီး သွားပြီမို့ ပြန်လည် သုံးသပ်ပြောရရင် ဗျူရိုကရေစီအတွင်း အများစု (အနည်းဆုံးတော့ ထိပ်ပိုင်း အလွှာတွေ) တိန့် ကို ထောက်ခံခဲ့ပုံရတယ်။ ဒါပေမယ့် မော် ရယူထားတဲ့ နေရာက ရှိနေသေးတယ်၊ တိန့် သိပ်မလှုပ်နိုင်သေးဘူး။

ဗျူရိုကရေစီအတွင်း တိန့်ကို ထောက်ခံမှု အားကောင်းခဲ့တယ်ဆိုတာ မော် သေပြီးတော့ သေချာသွားခဲ့တယ်။ မော့် ဇနီး အပါအဝင် “လေးဦးဂိုဏ်း”ဟာ “ယဉ်ကျေးမှု တော်လှန်ရေး” ဆက်လုပ်ရမယ်ဆိုတဲ့ အယူအဆကို ဆက်လက် ဖော်ထုတ်နေဆဲ ဖြစ်တယ်။ ဒါပေမယ့် ဗျူရိုကရေစီအတွင်း ဩဇာလွှမ်းထားနိုင်တဲ့ အင်အားစုရဲ့ အမြင်တွေက ရှင်း နေပြီ။ ၁၉၇၆ အောက်တိုဘာ (၆)ရက်နေ့မှာ “လေးဦးဂိုဏ်း”ကို ဖမ်းစီးလိုက်တယ်၊ သူတို့ဂိုဏ်း ဘယ်တော့မှ အာ ဏာ ပြန်မရတော့ဘူး၊ ၁၉၇၈မှာ တိန့်က ပါတီ ခေါင်းဆောင်အနေနဲ့ ရှေ့ထွက်လာခဲ့တယ်။

လက်ရှိ အခြေအနေတွေရဲ့ ရေသောက်မြစ်က အဲဒီကာလမှာ တွယ်လာခဲ့တယ်။ ကွန်မြူနစ်ပါတီတွင်း ပြည်ပ ရင်း နှီးမြှုပ်နှံမှုတွေ တံခါးဖွင့်ပေးရေး ကိစ္စအပေါ် စကားစစ်ထိုးပွဲတွေ ၁၉၇၇-၇၈ မှာ အစပြုခဲ့တယ်။ တိန် ခေါင်း ဆောင်တဲ့ ဂိုဏ်းက သူတို့ အဆိုတင်နေတဲ့ အကြောင်းအရာကို ထုတ်ဖော်ဖို့ “ဈေးကွက် ဆိုရှယ်လစ်စနစ်” ဆိုတဲ့ ဝေါဟာရကို တင်သွင်းလာခဲ့တယ်။ မော် အုပ်စိုးတဲ့ ခေတ်ဟာ စီးပွားရေးကို အပျက်အစီးတွေကြားထဲ ချန်ထား ခဲ့တယ်လို့ သူတို့ဘက်က ငြင်းချက်ထုတ်တယ်။ ဒီငြင်းချက်ဟာ အမှန်တရားတော့ မဟုတ်ဘူး၊ ကြီးမားတဲ့ အလှည့်အပြောင်းတွေ ရှိခဲ့ပေမယ့် ၂၅ နှစ်ကြာအောင် စီးပွားရေး တဟုန်ထိုး တိုးတက်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စီးပွားရေးစနစ် ရှုပ်ထွေးပွေလီလာလေ ဗျူရိုကရေစီ အမိန့်ပေးစနစ်က ချို့ယွင်းအားနည်းချက်တွေ ပိုပြီး ထုတ်ပြလေ ဖြစ်လာတာတော့ အမှန်ပဲ။ ဆိုဗီယက် ပြည်ထောင်စုမှာလိုပဲ စီးပွားရေးကဏ္ဍ အသီးသီးကြား ချိတ် ဆက် ပူးပေါင်းမှု မရှိခဲ့ဘူး၊ ကဏ္ဍအသီးသီးကြား မြှုပ်နှံမှု အချိုးအစား ချိန်ခွင်လျှာ မညီခဲ့ဘူး၊ တချို့ ကုန်စည်တွေ အထုတ်လွန်နေပြီး တချို့ပစ္စည်းကျ ထုတ်ဝေတာ မလောက်မငှ ဖြစ်ခဲ့တယ်။ အရည်အသွေး မပြည့်မီတာတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ တမင်တကာ ဖျက်လိုဖျက်စီး လုပ်တာတွေ၊ လေလွင့်ပျက်စီးမှုတွေ၊ ဗရမ်းဗတာ ဖြစ်မှု တွေ အမြောက်အမြား ရှိခဲ့တယ်။ စက်မှုကဏ္ဍမှာ ကုန်ထုတ်သတ္တိ ကျဆင်းလာတယ်။ ငွေကြေးဖောင်းပွမှု အလား အလာတွေ ရှိခဲ့တယ်။ စားသုံးရတဲ့ ကုန်စည်တွေ ရှားပါးလာတယ်၊ လူထု မကျေချက်တွေ မြင့်တက်လာတယ်။

ဒီအခြေအနေဟာ အလုပ်သမား၊ လယ်သမားတွေရဲ့ အခြေခံ လိုအပ်ချက်တွေအပေါ် ကြီးကြီးမားမား သက်ရောက် မှု ရှိလာတယ်၊ အလုပ်သမား၊ လယ်သမားတွေ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတယ်။ ဒီအခြေအနေ အားလုံးကို အလုပ် သမားထုကိုယ်တိုင် စီးပွားရေးဘဝကို စီမံခန့်ခွဲမှု၊ ထိန်းကွပ်ပဲ့ကိုင်မှုနဲ့သာ ဖြေရှင်းနိုင်မယ်။ ဒါပေမယ့် ဒီလို လုပ်နိုင် ဖို့ဆိုရင် နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးတရပ် လိုအပ်လိမ့်မယ်။ အာဏာဆုပ်ကိုင်ထားတဲ့ ဗျူရိုကရေစီကို ဖယ်ရှား ပစ်ရမယ်။ ဒါပေမယ့် ဗျူရိုကရေစီကတော့ အာဏာကို လွယ်လွယ်နဲ့ စွန့်မှာ မဟုတ်ဘူး။ တိန့်အမြင်၊ သူကိုယ်စား ပြုထားတဲ့ ဗျူရိုကရေစီ အင်အားစုအမြင်မှာ ကုန်ထုတ် အင်အားစုတွေ တည်ဆောက်ဖို့၊ ကုန်ထုတ် သတ္တိ တိုးလာ အောင် လုပ်ဖို့ ဈေးကွက်ရဲ့ စေ့ဆော်မှုတွေ လိုအပ်တယ်။

တရုတ်နဲ့ ရပ်ရှားဟာ ပကတိ ကုန်ထုတ်လုပ်မှုနဲ့ လုပ်အားရဲ့ ကုန်ထုတ် သတ္တိ အတိုင်းအတာအရဆိုရင် ဗြိတိန်လို နိုင်ငံတွေကို ကျော်လွန်သွားခဲ့ပြီ၊ ဒါပေမယ့်လည်း အနောက်တိုင်း အရင်းရှင် အုပ်စုရဲ့ နောက်မှာ အများကြီး ပြတ် ကျန်နေဆဲ ဖြစ်တယ်။ ရပ်ရှားမှာဆိုရင် စီးပွားရေး ဖွံ့ဖြိုးမှု သိသိသာသာ နှေးကွေးသွားတာနဲ့ အကြပ်ဆိုက်လာ တယ်။ တရုတ်မှာ တိန့်ရှောင်ဖိန် အမှူးပြုတဲ့ ဗျူရိုကရေစီ ဂိုဏ်းက ရှေ့တန်း အရောက်ဆုံး နည်းပညာတွေ တရုတ်ပြည် စီးပွားရေးစနစ်ထဲ တင်သွင်းလာဖို့ လိုအပ်ကြောင်း နားလည်ခဲ့တယ်။ ဒီလို လုပ်နိုင်ဖို့ဆိုရင် တရုတ် ပြည်ကို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် တံခါးဖွင့် ပေးရမယ်၊ ကမ္ဘာ့ ဈေးကွက်ထဲ ဝင်တိုးရမယ်။

နိုင်ငံတော် အာဏာသာ အလုပ်သမား လူတန်းစား လက်ထဲ ရှိနေခဲ့ရင် အရင်းရှင်စနစ် ပြန်လည် အသက်သွင်းလို တဲ့ ဦးတည်ချက်တွေကို ချိုးနှိမ်နိုင်ခဲ့လိမ့်မယ်။ ဒါပေမယ့် နိုင်ငံတော် အာဏာဟာ ဗျူရိုကရေစီ လက်ထဲမှာ ရှိနေခဲ့ တယ်။ ဒီလို အခြေအနေမျိုးမှာ အရင်းရှင်စနစ် စေ့ဆော်အားတွေ သွတ်သွင်းလာခြင်းဟာ အချိန်ကြာလာတာနဲ့ စီမံကိန်း စီးပွားရေးစနစ်ကို အလုံးစုံ ဖျက်စီးပစ်နိုင်တဲ့ အန္တရာယ်ကို ခေါ်ဆောင်လာတာပဲ။

ဒါပေမယ့်လည်း ဒီပြဿနာကို ယန္တယားဆန်ဆန် မချဉ်းကပ်မိဖို့ အရေးကြီးတယ်။ ၁၉၇၈ ခုနှစ်မှာ တိန့် အာဏာ ရလာကတည်းက ဗျူရိုကရေစီမှာ အရင်းရှင်စနစ်ကို ပြန်အသက်သွင်းဖို့ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက် ရှိခဲ့ တယ်လို့ အခုနေအခါမှာ လွယ်လွယ်လေး ပြောနိုင်တယ်၊ ဒါပေမယ့် ဒီအမြင်ဟာ မှားပါတယ်။ ဗျူရိုကရေစီဟာ အခြေအနေ အချိန်အခါအလိုက် လိုအပ်ချက်အပေါ် မူတည်ပြီး မီးစင်ကြည့် လှုပ်ရှားသွားတာ။ စတာလင်နစ်(စ်) ရပ်ရှားမှာတောင် ဈေးကွက် အင်အားစုတွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ကမ်းကြိုပြီး ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ ခဲ့တဲ့ ကာလတွေ ရှိခဲ့တယ်၊ နောက်မှ ဗဟိုချုပ်ကိုင်မှု တကျော့ပြန် ကျင့်သုံးခဲ့တဲ့ ကာလတွေ ရှိခဲ့တယ်။ ဒါတွေဟာ စီးပွားရေး ရှေ့ဆက်တိုးနိုင်အောင် ဗျူရိုကရေစီဘက်က ကြိုးပမ်းချက်တွေပဲ ဖြစ်တယ်။ ကုန်ထုတ်ပစ္စည်းတွေ တိုး တက်အောင် မလုပ်နိုင်ရင် သူတို့ စံစားနေရတဲ့ အခွင့်ထူးတွေလည်း အာမခံချက် မရှိမှန်း ဗျူရိုကရေစီ နားလည်ခဲ့ တယ်။

တိန့်ရှောင်ဖိန်ရဲ့ ၁၉၇၈ အချိုးအကွေ့

ဒီစဉ်းစားချက်ကြောင့်ပဲ ၁၉၇၀ ခုနှစ်တွေမှာ တရုတ် ကွန်မြူနစ်ပါတီက ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တံခါးဖွင့်ပေးဖို့ လိုအပ်ပြီလို့ နိဂုံးချုပ်ချက် ချခဲ့တယ်။ ၁၉၇၈ ဒီဇင်ဘာမှာ တရုတ် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ်မြောက် ကော်မတီ စုံညီအစည်းအဝေး ကျင်းပခဲ့တယ်။ ဒီအစည်းအဝေးမှာ အချိုးအကွေ့အသစ်ကို ဆွေးနွေးခဲ့ကြတယ်။ ဗဟိုဦးစီး စီမံကိန်းစနစ်ဟာ အဓိကပုံစံ ဖြစ်မြဲဖြစ်နေလိမ့်မယ်၊ ဒါပေမယ့် ဗဟိုချုပ်ကိုင်မှု လျှော့ချတာတွေ စတင် အသက်သွင်းလာတယ်၊ ပုဂ္ဂလိက လုပ်ငန်းတွေ ထူထောင်တာ အားပေးခဲ့တယ်။ စီးပွားရေး စနစ် လိုအပ်ချက်တွေ ပြည့်မီအောင် လုပ်ဖို့ ဈေးကွက် အင်အားတွေကို စတင်အသက်သွင်းပေးရမယ်ဆိုတဲ့ အယူအဆပဲ။

ဒီကနေစလို့ ၁၉၇၉ ဝန်းကျင်မှာ တိန့်ရှောင်ဖိန်က အထူး စီးပွားရေးဇုံ လေးခု တည်ဆောက်ရေး ကြံဆလာခဲ့တယ်၊ ဟောင်ကောင်နဲ့ မက်ကာအိုမှာ၊ တောင်ဘက် ကမ်းရိုးတန်းတကျော ဖူဂျီယန်းနဲ့ ဂွမ်ဒေါင်း ဒေသတွေမှာ အထူး စီးပွားရေးဇုံ လေးခု တည်ဆောက်ခဲ့တယ်။ ဒါတွေက ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ထွေးပွေ့ကြိုဆိုမယ့် ဇုံတွေ။ အစပိုင်းမှာတော့ ပြည်ပ အရင်းရှင်တွေ လာရောက် မြှုပ်နှံနိုင်မယ့် လုပ်ငန်းအမျိုးအစားနဲ့ အတိုင်းအတာတွေကို တင်းတင်းကြပ်ကြပ် ထိန်းကွပ်မှုတွေ ချမှတ်ထားခဲ့တယ်။ ဒါဟာ ကျနော်တို့ အပေါ်မှာ ထောက်ပြခဲ့တဲ့ အချက်ကို သက်သေထူနေတာပဲ၊ တိန့်ရှောင်ဖိန် ဂိုဏ်းကတောင် ဒီလိုမျိုး လုပ်ဆောင်ချက်တွေကို ကုန်ထုတ် အင်အားစုတွေ ခေတ်မီလာစေရေး အသုံးပြုရတဲ့ ယာဉ်တွေလို့ မြင်ခဲ့တယ်၊ ဒီလိုလုပ်ရင်း ဗဟိုဦးစီး စီးမံကိန်း စီးပွားရေးစနစ်နဲ့ ကုန်ထုတ် ပစ္စည်းတွေ နိုင်ငံတော်ပိုင် ပြုထားခြင်းကို ဆက်ထိန်းထားခဲ့တယ်။ အစပိုင်းမှာ သူတို့ သတိကြီးကြီး ထားလုပ်ခဲ့တယ်၊ အကန့်အသတ်နဲ့ပဲ လိုက်လျောမှုတွေ လုပ်ခဲ့တယ်။

ဒါပေမယ့် ဒီလို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်မှုတွေ ရှိခဲ့လို့ပဲ အထူး စီးပွားရေးဇုံ လေးခုဟာ ထင်သလောက် ချက် ချင်းလက်ငင်း မအောင်မြင်ခဲ့ဘူး။ ဒါ့ကြောင့်မို့ ၁၉၈၃ ခုနှစ်မှာ အဲဒီ အကန့်အသတ်တွေ ဖယ်ရှားပေးခဲ့တယ်၊ ဥပမာ ပြည်ပ အရင်းရှင်တွေချည်း ၁၀၀%ပိုင်ဆိုင်သော ကုမ္ပဏီတွေကို လုပ်ငန်းလုပ်ခွင့် ပေးခဲ့တယ်။ ဒီနေရာမှာ ဗျူရိုကရေစီရဲ့ မီးစင်ကြည့် လှုပ်ရှားမှု (empiricism) ကို မြင်တွေ့ရမယ်။ သေချာစဉ်းစား အကွက်ချထားတဲ့ ‘အစီ အစဉ်’ မရှိခဲ့ဘူး။ ဒါပေမယ့် ဗျူရိုကရေစီအဖို့ ဒီလမ်းကို စလျှောက်မိတာနဲ့ သူ့ကိုယ်ပိုင် လော့ဂျစ် စတင် ဖွံ့ဖြိုး လာတယ်။ ဗျူရိုကရေစီအနေနဲ့ ဈေးကွက် အင်အားတွေကို ကြိုးကိုင် ထိန်းချုပ်ဖို့ ပိုပြီး ခက်ခဲလာတယ်။ ဗျူရို ကရေစီအနေနဲ့ အရင်းရှင်တွေ လာပြီး ရင်းနှီးမြှုပ်နှံစေချင်ရင် သူတို့လာချင်အောင် ရေခံမြေခံကောင်းတွေ ဖန် တီးပေးရတယ်။

အဲဒီအထူးဇုံတွေ ဖန်တီးနေချိန်မှာပဲ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ အလားတူ ဖြစ်စဉ်တခု ပေါ်ထွန်းနေတယ်။ လယ်ယာမြေ စုပေါင်းပိုင်ဆိုင်သော စနစ်ဟောင်းကို ဖျက်သိမ်းလိုက်တယ်၊ ပုဂ္ဂလိက ကုန်ထုတ်ခြင်း လော့ဂျစ်ကို စတင်အသက်သွင်းလာတယ်။ မြေယာကို လယ်သမား မိသားစုအလိုက် “အငှားချခြင်း”အားဖြင့် အကောင်အထည် ဖော်ခဲ့တယ်။ ဥပဒေအရတော့ မြေယာကို နိုင်ငံတော်က ပိုင်ဆိုင်တယ် (ဒီစာတမ်းကိုရေးခဲ့တဲ့ ၂၀၀၆ မှာလည်း ဒီအတိုင်းပါပဲ) ဒါပေမယ့် လက်တွေ့မှာကျ မြေယာဟာ ပုဂ္ဂလိက ပိုင်ဆိုင်မှုလို ဖြစ်လာခဲ့တယ်။ ဥပမာ အငှားယူ လုပ်ကိုင်နေတဲ့ မြေယာကို သားမြေးတွေဆီ လက်ဆင့်ကမ်း အမွေပေးနိုင်တယ်။ ဒီလို ပြောင်းလဲလာတဲ့အခါ ၁၉၈၀ ပြည့်နှစ်တွေ ရောက်တော့ မြေအငှားချသူတွေက အဲဒီမြေကို ရောင်းလိုက ရောင်းနိုင်တယ် (သို့) အမွေ ပေးခဲ့နိုင်တယ်။

ဒီတော့ လယ်သမားထုအတွင်း လူတန်းစား ကွဲပြားမှု ဖြစ်ပေါ်လာခဲ့တယ်၊ လယ်သမားတချို့ ချမ်းသာလာပြီး အများစုက သူတို့ဘဝတည်မြဲရေး အရင်းအမြစ်ကို ဆုံးရှုံးသွားရတယ်၊ ဒီတော့ မြေမဲ့ယာမဲ့ဘဝနဲ့ မြို့ကြီးတွေဆီ မလွှဲမရှောင်သာ ရွှေ့ပြောင်းသွားခဲ့ရတယ်။ တဖက်မှာ လယ်ယာမြေရဲ့ ကုန်ထုတ်သတ္တိ တိုးလာခဲ့သလို အခြား တ ဖက်မှာကျ လူအများစုကြီး မွဲတေသွားခဲ့တယ်။ ဒီတော့ ဈေးပေါပေါ လုပ်အားတွေ ဒလဟော စီးဝင်စေခဲ့တယ်၊ မြို့ ကြီးတွေမှာ အရင်းရှင်စနစ် ဖွံ့ဖြိုးလာစေဖို့ အခြေခံအချက်တခု ဖြစ်လာခဲ့တယ်။

၁၈၆၁ ခုနှစ်က ရပ်ရှားပြည်မှာ Mir ဆိုတဲ့ ခေတ်ဟောင်း လယ်ယာကွန်မြူး ပြိုကွဲသွားပြီးနောက် ဖြစ်ခဲ့တာတွေနဲ့ သွားဆင်နေတယ်။ ကွန်မြူးတွေ ပြိုကွဲသွားတဲ့အခါ လယ်သမားတွေ မြို့ကြီးတွေဆီ စတင်ပြောင်းရွှေ့လာခဲ့တယ်၊ ၁၈၈၀ နဲ့ ၁၉၁၂ ကြား အရင်းရှင်စနစ် တိုးတက်ဖွံ့ဖြိုးလာဖို့ လိုအပ်တဲ့ လုပ်အားတွေ ထောက်ပံ့ပေးခဲ့တယ်။ ဒါပေမယ့် ဒီကနေ့ တရုတ်ပြည်မှာ ဖြစ်နေတာတွေက ကျနော်တို့ ရပ်ရှားမှာ မြင်ခဲ့ရတာထက် အဆမတန် ကြီးမား ကျယ်ပြန့်တယ်။ ဗြိတိန် အရင်းရှင်စနစ် အစောပိုင်း နေ့ရက်တွေမှာ မြင်တွေ့ခဲ့ရတဲ့ ဖြစ်စဉ်နဲ့လည်း နှိုင်းယှဉ် ကြည့်လို့ရတယ်၊ လယ်ယာမြေတွေကနေ အတင်းအဓမ္မ မောင်းထုတ်ခံလိုက်ရတဲ့ လယ်သမားတွေ မြို့ကြီးတွေဆီ တွန်းပို့ခံလိုက်ရတယ်၊ အင်မတန် ဆိုးရွားပြင်းထန်သော အခြေအနေမျိုးမှာ နေထိုင်ခဲ့ရတယ်။ အမေရိကန် ပြည် ထောင်စုမှာ အရင်းရှင်စနစ် တိုးချဲ့လာတဲ့ Wild West ကာလနဲ့လည်း နှိုင်းယှဉ်ကြည့်လို့ ရနိုင်တယ်။ တကယ်တော့ ကျနော်တို့ တရုတ်ပြည်မှာ တွေ့နေရတာတွေမှာ အဲဒီ သမိုင်း နမူနာတွေအားလုံးရဲ့ အစိတ်အပိုင်းတွေ ရှိနေတယ်။ ဒီဖြစ်စဉ်ရဲ့ အရှိန်အဟုန်နဲ့ အကျယ်အဝန်းကတော့ မယှဉ်သာအောင် ကြီးမား ကျယ်ပြောပေတယ်။

ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် တရုတ် အစိုးရ ကနဦး လုပ်ခဲ့တာတွေထဲက တခုက ‘လုပ်အားဈေးကွက်’ ဖန်တီးပေးတာပဲ။ ဒါ့ကြောင့် ပြုပြင်ရေးတွေ တသီတတန်းကြီး လုပ်လာတယ်၊ နိုင်ငံတော်ပိုင် လုပ်ငန်းတချို့ရဲ့ မန်နေဂျာ ရာထူးတွေကို ‘ရာသက်ပန်’ ဘဝကနေ ဖယ်ရှားပစ်လိုက်တယ်။ အလုပ်သမားတွေ အလုပ်ထုတ်ခံရနိုင် တယ်ဆိုတဲ့ အယူအဆကို စတင် မိတ်ဆက်ပေးခဲ့တယ်။

ဒီနောက် နှစ်အနည်းငယ် အကြာ၊ ၁၉၈၃ ခုနှစ်မှာ နိုင်ငံတော်က နောက်ခြေလှမ်းကြီးကြီး ထပ်လှမ်းလာတယ်။ နိုင်ငံတော်ပိုင် လုပ်ငန်းတွေမှာ အလုပ်သမားတွေကို စာချုပ်နဲ့ ယာယီ ခန့်အပ်လာခဲ့တယ်။ ဒီလိုမျိုး စနစ်အသစ် ပြောင်းလိုက်တဲ့အခါ အသစ်ခန့် အလုပ်သမားတွေအနေနဲ့ အတိတ်တုန်းက အစိုးရ အလုပ်သမားတွေလို (အစိုးရ ဝန်ထမ်းတွေလို) လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ မရတော့ဘူး။ ၁၉၈၇ ခုနှစ် ရောက်တဲ့အခါ အလုပ်သမား ၇.၅ သန်းကို နိုင်ငံတော်ပိုင် လုပ်ငန်းကြီးတွေက စာချုပ်နဲ့ ခန့်ထားခဲ့ပြီ ဖြစ်တယ်၊ နောက်ထပ် အလုပ်သမား ၆ သန်း လည်း ရာသက်ပန် အစိုးရ ဝန်ထမ်းဘဝကနေ စာချုပ်နဲ့ (ယာယီ) ခန့်အပ်တဲ့ ဘဝ ကူးပြောင်းသွားခဲ့တယ်။

ဒီကာလမှာ ပုဂ္ဂလိက ကဏ္ဍ လုပ်သားထု အင်အား ကြီးထွားလာခဲ့တယ်။ ၁၉၇၉ မှာ ၂.၅ သိန်းပဲ ရှိခဲ့ရာက ၁၉၈၄ ရောက်တော့ ၃.၄ သန်း ရှိသွားတယ်၊ အများစုက အသေးစား ပုဂ္ဂလိက လုပ်ငန်းတွေမှာ။ အစပိုင်းတော့ ပုဂ္ဂလိက လုပ်ငန်းတွေက ခန့်အပ်နိုင်တဲ့ အလုပ်သမား အရေအတွက်ကို ကန့်သတ်ထားခဲ့သေးတယ်၊ ဒါပေမယ့် ၁၉၈၇ ကျတော့ အဲဒီကန့်သတ်ချက်ကို ပယ်ဖျက်ပစ်ခဲ့တယ်။ ဒီလို ပုဂ္ဂလိကပိုင် လုပ်ငန်းအဖြစ် ပေါ်ပေါ်ထင်ထင် လုပ်ကိုင်တာတွေ အပြင် “မြို့ပြ အစုအဖွဲ့များ” (သို့) မြို့ပြနဲ့ ကျေးလက် လုပ်ငန်းများ (TVEs) ဆိုတဲ့ နာမည်တွေ သုံးပြီး ပုဂ္ဂလိက လုပ်ငန်းတွေကို ဖုံးဖိလုပ်ခဲ့တာလည်း ရှိခဲ့တယ်။ ဒီလို အသွင်ပြောင်း လုပ်ကိုင်တဲ့ လုပ်ငန်းတွေကို မြူနီစီပယ်တွေက ထိန်းချုပ်ထားတယ်၊ ဒေသန္တရ မြူနီစီပယ်တွေကို မှီပြီး လုပ်ကြရတယ်၊ ဒါပေမယ့်လည်း ဒီလုပ် ငန်းတွေဟာ “အမြတ်ဦးစားပေး” အလုပ်တွေသာ ဖြစ်တယ်၊ သဘောက အရင်းရှင် လုပ်ငန်းတွေ လည်ပတ်သလို ပဲ လည်ပတ်တယ်။ (နောက်ပိုင်းမှာ TVE တွေ ဖွံ့ဖြိုးလာပုံ သီးသန့်ဆွေးနွေးသွားပါမယ်)။

ဒီလို ဖြစ်ပေါ်တိုးတက်မှုတွေ ရှိခဲ့ပေမယ့် ဒီကာလတလျှောက်မှာ နိုင်ငံတော်ပိုင် ကဏ္ဍကပဲ လွှမ်းမိုးထားနိုင်ဆဲ ဖြစ် တယ်၊ စီးပွားရေး ဖြစ်စဉ်တခုလုံးကို ထိန်းကျောင်းပေးနေဆဲ ဖြစ်တယ်။ ၁၉၈၀ ခုနှစ်တွေမှာ မြို့ပြ လုပ်သားထုရဲ့ ၇၀% ကို နိုင်ငံတော်ပိုင် ကဏ္ဍက အလုပ်ခန့်ထားနိုင်တယ်။ ဒါပေမယ့်လည်း ဒီအလုပ်သမားတွေရဲ့ အနေအထား ကတော့ ပြောင်းလဲနေပြီ။ အကန့်အသတ် စာချုပ်တွေနဲ့ ခန့်အပ်ထားတဲ့ အလုပ်သမား အချိုးအစား ပိုများလာ တယ်။

နိုင်ငံတော်ပိုင် ကုမ္ပဏီတွေ ပိတ်လိုက်တဲ့အခါ အလုပ်လက်မဲ့ ဖြစ်ခြင်းလိုမျိုး အရင်တုန်းက မကြားဖူးခဲ့တာတွေ ဖြစ်ပေါ်လာစေခဲ့တယ်။ “ဈေးကွက် ပြုပြင်ရေးတွေ” ကနဦး တင်သွင်းလာပြီးတဲ့နောက် မကြာခင်မှာပဲ ငွေကြေး ဖောင်းပွမှု စဖြစ်လာတယ်၊ လူထုကြား မငြိမ်မသက်မှုတွေ စဖြစ်လာတယ်။ ဒါရဲ့ နိုင်ငံရေး နောက်ဆက်တွဲတွေကို ကြောက်ရွံ့လာတဲ့ အစိုးရဟာ ၁၉၈၁ ကျ ဒီဖြစ်စဉ်ကို အရှိန်လျှော့ချဖို့ ဆုံးဖြတ်ခဲ့တယ်။ နောင်မှာ ဒီလို အကြပ် ဆိုက်တိုင်းလည်း အခုလို လုပ်ခဲ့ရတယ်။ ဒါပေမယ့် ကျနော်တို့ မြင်ရပါလိမ့်မယ်၊ ဒီလို ကြုံလာတိုင်း ဗျူရိုကရေစီ ဟာ (အစပိုင်း အရှိန်လျှော့ နှေးလိုက်ပြီး အခြေအနေ ပြန်တည်ငြိမ်သွားရင်) ရှေ့ဆက်တိုးဖို့သာ ဆုံးဖြတ်ခဲ့တယ်၊ အရင်းရှင်စနစ် သွတ်သွင်းခြင်း ဖြစ်စဉ်ကို တကျော့ပြန် အရှိန်ထပ်တင်ပေးခဲ့တယ်။ နောက်ပြန်ဆုတ်တာ မရှိခဲ့ဘူး။

နိုင်ငံတော်ပိုင် ကဏ္ဍက လွှမ်းမိုးထားရမယ်လို့ ပါတီက ၁၉၈၂ မှာ တရားဝင် ကြေညာထားခဲ့တယ်။ ဒီကာလဟာ ပုံပျက်ယိုယွင်းနေတဲ့ အလုပ်သမား နိုင်ငံတော်ရဲ့ ဗျူရိုကရေစီ အုပ်စိုးမှု နယ်ပယ်ထဲမှာပဲ ရှိနေသေးတယ်။ အဲဒီ ဗျူရိုကရေစီက အရင်းရှင်စနစ် နည်းလမ်းတွေသုံးပြီး စီးပွားရေး တစုံလုံး ဖွံ့ဖြိုးအောင် လုပ်နေတဲ့ ကာလ။ ဒါပေမဲ့ ၁၉၈၄ ကျတော့ ဗျူရိုကရေစီဟာ အရင်းရှင်စနစ် ဖွံ့ဖြိုးနိုင်အောင် ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရရေး ဦး တည် ရွေ့လျားလာခဲ့တယ်။ ပုဂ္ဂလိကကဏ္ဍ ထုတ်လုပ်ရေးနဲ့ ဈေးကွက်ကို ပိုပိုပြီး ဦးစားပေးလာခဲ့တယ်။ စားသုံး စရာ ကုန်စည်အများစုနဲ့ လယ်ယာထွက် ကုန်စည် ဈေးနှုန်းတွေကို လွှတ်ပေးထားခဲ့တယ်။ အဲဒီအချိန်ကစပြီး ဈေးနှုန်း ပမာဏကို အဆုံးအဖြတ် ပေးမယ့် အင်အားစုဟာ ဈေးကွက်ကိုယ်တိုင် ဖြစ်လာခဲ့တယ်။

အဲဒီနှစ်မှာပဲ ကျင်းပခဲ့တဲ့ ကွန်မြူနစ်ပါတီရဲ့ ၁၂နှစ်ကြိမ် ကွန်းဂရက်(စ်)ကနေ “စီမံကိန်းချ ရောင်းကုန်ထုတ် စီးပွား ရေးစနစ်” အယူအဆကို စတင် ဖော်ထုတ်ခဲ့တယ်။ စီမံကိန်း စီးပွားရေးစနစ်နဲ့ အရင်းရှင်စနစ်ကြားက ပဋိပက္ခ စတင်ဖြစ်ပေါ်နေတာကို အစိုးရ သုံးထားတဲ့ ဝေါဟာရမှာတောင် လစ်ဟဖော်ထုတ်ထားတာ တွေ့ရတယ်။ ကမ်းရိုး တန်းတလျှောက်က မြို့ကြီး ၁၄ မြို့ကိုပါ အထူး စီးပွားရေး ဇုံတွေထဲ ထပ်တိုးခဲ့တယ်။ နောက်တနှစ် အကြာမှာ ပုလဲမြစ်ဝှမ်းဒေသ၊ မင်မြစ်ဝှမ်းဒေသနဲ့ ယန်စီမြစ်ဝှမ်းဒေသတွေကိုပါ ထပ်တိုးခဲ့တယ်။ အခြေခံအားဖြင့် တရုတ် ပြည် ကမ်းရိုးတန်း ဒေသတခုလုံးကို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ တံခါးဖွင့်ပေးထားခဲ့တယ်။

နောက်ထပ် ပြုပြင်ရေး အသစ်တွေ ထပ်တိုးလာတဲ့ ၁၉၈၆ မှာ ဒီဖြစ်စဉ် အရှိန်တက်လာခဲ့တယ်၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်ရကိုင်ရတာ အဆင်ပိုချောသွားခဲ့တယ်၊ အခွန်အခတွေ လျှော့ချပေးခဲ့တယ်၊ အလုပ်သမား ငှားခွင့် နဲ့ထုတ်ပစ်ခွင့်တွေ လွတ်လွတ်လပ်လပ် ပိုလုပ်နိုင်လာတယ်၊ ပြည်ပ ငွေကြေးဖလှယ်မှုနဲ့ အလွယ်တကူ လက်လှမ်း မီသွားခဲ့တယ်။ ဒီဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ ပြောင်းလဲမှုတွေ အများကြီး လုပ်လာတယ် - လုပ်ခလစာ တန်းတူညီမျှမှု စနစ်ကို ပယ်ဖျက်ပစ်ခဲ့တယ်၊ တသက်သာ အလုပ်အာမခံချက်ကို ဖယ်ရှားပစ်ခဲ့တယ်၊ လုပ်ခလ စာကို ကုန်ထုတ်သတ္တိနဲ့လိုက်ပြီး ပေးချေခဲ့တယ်၊ ရေတို စာချုပ်တွေနဲ့ အလုပ်ခန့်လာတယ်၊ အနောက်က အလုပ် သမားတွေအဖို့ ဒါတွေအားလုံးနဲ့ အကျွမ်းတဝင် ရှိပြီးသားပါ။

၁၉၈၇ ခုနှစ် ၁၃ကြိမ်မြောက် တပြည်လုံးဆိုင်ရာ ပါတီ ကွန်းဂရက်(စ်)မှာ “ပို့ကုန်အဓိက စီးပွားရေး” ဖော်ဆောင်ဖို့ နောက်ထပ် အဆိုတင်အသစ်တွေ တင်သွင်းလာခဲ့တယ်။ စက်မှု ကုန်ထုတ်စွမ်းရည် တိုးတက်ဖို့ စက်ယန္တယားတွေ နဲ့ တခြား ကုန်စည်တွေ တင်သွင်းဖို့ လိုအပ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ ၁၉၈၀ ခုနှစ်တွေမှာ တရုတ်ပြည်ရဲ့ ကုန် သွယ်ရေး လိုအပ်ချက် တဟုန်ထိုး မြင့်တက်လာခဲ့တယ်၊ ငွေကြေး ဖောင်းပွမှု ဖိအားတွေ တကျော့ပြန် ပေါက်ကွဲ လာတာနဲ့ ပေါင်းမိသွားတယ်။ ၁၉၈၈ နဲ့ ၁၉၈၉ ခုနှစ်တွေမှာ တနှစ်တာ ငွေးကြေးဖောင်းပွမှုနှုန်း ၁၈% ရှိခဲ့တယ်။ အလုပ်သမား လူတန်းစား မိသားစုတွေ အမှန်တကယ် ဝယ်ယူစားသုံးနိုင်စွမ်း အများကြီး ထိခိုက်နစ်နာ သွားခဲ့ တယ်။

ဒီလိုအခြေအနေတွေကြောင့် လူထုကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတဲ့အခါ အစိုးရက ဒီဖြစ်စဉ်ကို အရှိန်လျှော့ခဲ့ရ တယ်။ ၁၉၈၈ နှောင်းပိုင်းမှာ ဖိအားတွေ များလာတဲ့ အစိုးရအနေနဲ့ “ပြုပြင်ပြောင်းလဲမှု” ဆိုတာတွေကို ဘရိတ် အုပ်ခဲ့ရတယ်၊ ငွေကြေး ဖောင်းပွမှုကို ပြန်ထိန်းနိုင်အောင် ငွေကြေး supplyကို တင်းကြပ်ခဲ့ရတယ်။ ရလဒ်ကတော့ တရုတ် စီးပွားရေးရဲ့ ဖြစ်ရပ်အသစ်တခုကို မွေးဖွားပေးလိုက်တယ်၊ ၁၉၈၉ မှာ စီးပွားရေး ကျဆင်းသွားခဲ့တယ်။ ဒီအခြေအနေ အားလုံးပေါင်းဆုံပြီး လူထု မငြိမ်မသက် ဖြစ်လာတယ်၊ သပိတ်တွေ တလုံးပြီးတလုံး ပေါ်လာခဲ့တယ် ဒီသမိုင်းနောက်ခံ အနေအထားမှာ ဘေဂျင်းက ထန်းအန်းမင် ရင်ပြင် လူထု လှုပ်ရှားမှုကြီး ဖြစ်ပေါ်လာခဲ့တယ်။

ထန်းအန်းမင် ရင်ပြင် လှုပ်ရှားမှုက ဘာကို ကိုယ်စားပြုခဲ့သလဲ။ ၁၉၈၉ မှာ နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးတခုရဲ့ အစိတ်အပိုင်းတွေ ရှိနေခဲ့တာ အထင်အရှားပဲ။ ဒါကို မေးခွန်းထုတ်စရာ မရှိပါဘူး။ ကျောင်းသားတွေ အမြောက် အမြား လမ်းမပေါ်တွေ ထွက်လာခဲ့တယ်။ လူငယ်တွေက အင်တာနေရှင်နယ် သီချင်းကို သံပြိုင် ဟစ်ကြွေးခဲ့တယ်၊ “ကြည့်စမ်း ငါတို့ဟာ အရင်းရှင်စနစ်ကို မလိုလားဘူး၊ ငါတို့ဟာ တန်ပြန် တော်လှန်ရေးသမားတွေ မဟုတ်ဘူး”လို့ တရုတ်အစိုးရနဲ့ ကမ္ဘာကြီးကို ပြောနေသလိုပဲ။

ဒါပေမယ့် ကျောင်းသားနဲ့ လူငယ်တွေရဲ့ ဆန္ဒပြ လှုပ်ရှားမှုအဖြစ် စတင်ခဲ့ရာက အလုပ်သမားထုဆီ ကူးစက်သွား ခဲ့တယ်။ ဒီလို ပြန့်နှံ့သွားတဲ့အခါ အစိုးရကို တုန်လှုပ်သွားစေခဲ့တယ်၊ ဒီလှုပ်ရှားမှုကို သွေးမြေကျ ဖြိုခွဲပစ်မှ ဖြစ်မယ်လို့ စတာလင်နစ်(စ်)ဂိုဏ်းက နားလည်လက်ခံသွားခဲ့တယ်။ ဒီလို ရက်ရက်စက်စက် နှိပ်ကွပ်တဲ့နည်းနဲ့ အစိုးရက လူ့အဖွဲ့အစည်းကို အမိအရ ချုပ်ကိုင်ထားနိုင်အောင် လုပ်ခဲ့တယ်။ အရင်းရှင်စနစ် ပြန်လည် အသက် သွင်းတဲ့ ဖြစ်စဉ်မှာ အဓိက အချိုးအကွေ့က ဘယ်ကာလ ဖြစ်မလဲလို့ တချို့ မေးလာနိုင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)လောက်က အစပြုခဲ့တဲ့ ဒီဖြစ်စဉ်တခုလုံးကို ဆန်းစစ်ကြည့်တဲ့အခါ အချိန်တခုခုကို အဲသလို သတ်မှတ်ပေးလို့ မရနိုင်ဘူး။ (နှစ်ပေါင်း ၃၀ ဆိုတာ ၂၀၀၆ မတိုင်ခင် နှစ်ပေါင်း ၃၀ ကို ရည်ညွှန်းတာပါ)။ ဒါပေမယ့် ဒီဖြစ်စဉ်ကို သွက်သွက် ခုတ်မောင်းသွားစေဖို့ အားဖြည့်ပေးခဲ့တဲ့ ဖြစ်ရပ်ကြီးတွေ ရှိခဲ့တယ်။ ဒါ့ကြောင့် အချိုးအကွေ့တွေ တတန်းကြီး ဖြစ်ခဲ့တယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်၊ အဲလိုမျိုး အချိုးအကွေ့တခုက ထန်းအန်းမင်ပဲ။

ထန်းအန်းမင် ဆန္ဒပြပွဲတွေကို ဖြိုခွဲပြီးတဲ့နောက် နိုင်ငံရေး ချိန်သီးဟာ ညာဘက်ကို ရမ်းသွားခဲ့တယ်။ ထန်းအန်း မင် ရင်ပြင် လှုပ်ရှားမှုကြီးဟာ အလုပ်သမားတွေ၊ လူငယ်တွေရဲ့ မျှော်လင့်ချက်ကို ဆွဲတင်ပေးခဲ့တယ်၊ ဒါပေမယ့် လူထု အရေးနိမ့်ခဲ့တယ်။ ထန်းအန်းမင် လှုပ်ရှားမှု အပြီးမှာ အစိုးရက အရေးကြီး ခေါင်းဆောင်တွေ အားလုံးကို ရှာ ဖွေဖမ်းစီးခဲ့တယ်၊ အများစု ပျောက်ဆုံးသွားခဲ့တယ် (သို့) ထောင်ထဲမှာ နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရတယ်။ တချိန်တည်းမှာပဲ အခြေအနေ ပြန်တည်ငြိမ်အောင် ဗျူရိုကရေစီက ဈေးကွက် ပြုပြင်ရေး ဖြစ်စဉ်ကို ယာယီအား ဖြင့် အရှိန် လျှော့ပေးခဲ့တယ်။ သူ့ကိုယ်သူ ခိုင်မာပြီလို့ ယူဆမိတာနဲ့ အရင်းရှင်စနစ်ဆီ ဦးတည်တဲ့ လှုပ်ရှားမှု တ ကျော့ပြန် ပြင်းထန်လာခဲ့ပြန်တယ်။

ဒီအတောအတွင်း အရှေ့ဥရောပနဲ့ ဆိုဗီယက် ပြည်ထောင်စုမှာ ဖြစ်နေတာတွေကိုလည်း ကျနော်တို့ အမှတ်ရဖို့ လို တယ်။ ၁၉၈၉မှာ အရှေ့ဥရောပရဲ့ စတာလင်နစ်(စ်) အစိုးရတွေအားလုံး တခုပြီးတခု ပြိုကျသွားခဲ့တယ်။ ဗျူရိုကရေစီက အခြေအနေကို လုံးဝ မထိန်းနိုင်တော့ဘူး၊ အရင်းရှင်စနစ်ဆီ ဗရမ်းဗတာ ကူးပြောင်းဖို့ လမ်းစ ပွင့် သွားခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စုက နည်းနည်းလေး ပိုတောင့်ခံခဲ့တယ်၊ ဒါပေမယ့် အဆုံးမတော့ ဒီဖြစ်စဉ်ကို လက်လျှော့ပေးခဲ့ရတယ်၊ ၁၉၉၁ ခုနှစ်မှာ စတာလင်နစ်(စ်) အစိုးရ ပြိုကျသွားခဲ့တယ်။ ကျနော်တို့ ထောက်ပြ ခဲ့သလိုပဲ ဒီအစိုးရတွေဟာ သိပ်ကို ပုပ်ပွနေခဲ့ပြီးသား၊ ဒီတော့ ဗျူရိုကရေစီအနေနဲ့ ခုခံနိုင်စွမ်း မယ်မယ် ရရမရှိဘဲ ပြိုကျကုန်တယ်။ ရပ်ရှားမှာ ပြည်တွင်းစစ် ဖြစ်နိုင်ချေ အခိုင်အမာ ရှိခဲ့ပေမယ့်လည်း ခေါင်းမာဂိုဏ်း စတာ လင်နစ်(စ်)တွေ ယိုယွင်းပျက်စီးနေပုံများ ဘာတခုမှ ကြီးကြီးမားမား မဆန့်ကျင်နိုင်ဘဲ ပြိုခဲ့ရတယ်။ သူတို့ ကိုယ် စားပြုထားတဲ့ စနစ်ဟာ အဆုံးသတ်ကို ရောက်နေခဲ့ပြီ။

ဒီဖြစ်ရပ်တွေဟာ တရုတ် စတာလင်နစ်(စ်)တွေအပေါ် ကြီးကြီးမားမား သက်ရောက်ခဲ့လိမ့်မယ်။ အဲဒီမတိုင်ခင် အထိ၊ သူတို့ဟာ ဈေးကွက် ပြုပြင်ရေးတွေ သွတ်သွင်းနေခဲ့တယ်၊ တရုတ်ပြည် ဒေသကြီးတွေကို အရင်းရှင် ရင်းနှီး မြှုပ်နှံမှုတွေ ဖိတ်ခေါ်နေခဲ့တယ်၊ ဒါပေမယ့် နိုင်ငံတော်ပိုင် ကဏ္ဍက လွှမ်းမိုးနေဆဲ ဖြစ်တယ်၊ ပါတီရဲ့ သဘောထား ကလည်း ဒီလိုသာ ဖြစ်သင့်တယ်လို့ ထုတ်ဖော်ထားခဲ့တယ်။ ဒီဖြစ်စဉ်ကို နောက်ပြန်လှည့်မယ်ဆို လှည့်နိုင်သေး တယ်။ အဓိက အကြောင်းက နောက်ပြန်လှည့်လို့ ဗျူရိုကရေစီမှာ အကျိုးမရှိဘူး။ ကျနော်တို့ ဆိုခဲ့ပြီးသလိုပဲ နောက်ကို ခြေတလှမ်းမှ ပြန်မဆုတ်ခဲ့ဘူး။ မငြိမ်မသက် ကာလတွေကို ရင်ဆိုင်ရရင်တောင် ဒီဖြစ်စဉ်ကို အရှိန် လျှော့ရုံပဲ လျှော့ခဲ့တယ်၊ တခါမှ နောက်ပြန်မလှည့်ခဲ့ဘူး။

၁၉၉၂ - “တရုတ် လက္ခဏာတွေနဲ့ ဆိုရှယ်လစ် ဈေးကွက် စီးပွားရေးစနစ်”

ဆိုဗီယက် ပြည်ထောင်စုနဲ့ အရှေ့ ဥရောပမှာ စတာလင်နစ်ဇင် ပြိုကျသွားခြင်း၊ ထန်းအန်းမင် ဆန္ဒပြပွဲတွေ ဖြစ် ပေါ်ခဲ့ခြင်းတို့ရဲ့ ပူးပေါင်း သက်ရောက်မှုဟာ တရုတ် ဗျူရိုကရေစီအပေါ် အင်မတန် ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့ တယ်။ ဒီဖြစ်ရပ်ကြီးတွေ ပေါ်ပေါက်ပြီးတဲ့နောက် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းက “ဈေးကွက် ပြုပြင်ရေး” ဖြစ်စဉ်ကို အရှိန်မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အရင်းရှင်စနစ် ပြန်လည်အသက်သွင်းခြင်းကို သူတို့ အကြပ်အတည်း ရဲ့ အဖြေပဲလို့ မြင်လာကြတယ်၊ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ ဗျူရိုကရေစီရဲ့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်မှုအောက် ရှိရမယ်လို့ ပိုင်းဖြတ်ထားကြတယ်။ အနှစ်သာရအားဖြင့် ဗျူရိုကရေစီက သူ့ကိုယ်သူ အရင်းရှင် လူတန်းစားတရပ် အဖြစ် ပြောင်းလဲပစ်ဖို့ ရေခံမြေခံတွေ ပြင်ထားခဲ့တယ်။

ဗျူရိုကရေစီက အရင်းရှင်စနစ်ဆီ ဦးတည် ရွေ့လျားနေတယ် ဆိုလို့ အရင်းရှင်စနစ် ပြန်လည်အသက်သွင်းခြင်း ဖြစ်စဉ်ကို မလွဲမသွေ ဆုံးခန်းတိုင် အောင်မြင်သွားလိမ့်မယ်လို့ မဆိုလိုဘူး။ ရည်ရွယ်ချက်ကို ကြေညာထားတာက တပိုင်း၊ ရည်ရွယ်ထားသလို ပေါက်မြောက်အောင် လုပ်ဖို့က တပိုင်း ဖြစ်ပါတယ်။ အရင်းရှင် အနောက်အုပ်စုမှာသာ ၁၉၂၉ ပျက်ကပ်လို ပြင်းပြင်းထန်ထန် အကြပ်ဆိုက်နေမယ်ဆိုရင် တရုတ်ပြည်မှာ တမျိုးတဖုံ ဖြစ်ခဲ့လိမ့်မယ်။ ဒါ ပေမယ့် ဒီလို မဖြစ်ခဲ့ပါဘူး။ ကျနော်တို့ တခြားစာတမ်းတွေမှာ ရှင်းလင်းခဲ့သော အကြောင်းအချက်တွေ ပေါင်းစုံပြီး အနောက်တိုင်းမှာ စီးပွား အတက်ကာလ ရှည်ကြာခဲ့တယ်။ ဒီလိုရှည်ကြာခဲ့ခြင်းဟာ ပဋိပက္ခ အသစ်တွေ စုပြုံသွား စေခဲ့တယ်၊ နောင်မှာ ပိုကြီးတဲ့ ပျက်ကပ်ကြီးတခု ဖြစ်လာနိုင်အောင် ပြင်ဆင်ပေးထားခဲ့တယ်။ ဒါပေမယ့် တရုတ် ဗျူရိုကရေစီက ဒီသဘောကို နားမလည်ဘူး။ ဒီဖြစ်စဉ်တွေကို မာ့(က်စ်)ဝါဒရှုထောင့်ကနေ နားမလည်ဘူး၊ ဖြစ် လာသလို မီးစင်ကြည့် ကသွားကြတယ်။ စတာလင်နစ်ဇင် ပြိုကျနေချိန်မှာ အရင်းရှင်စနစ်က ကမ္ဘာတလွှား စီးပွား အတက်ကာလကို ဖြတ်သန်းနေတယ်၊ တရုတ် ဗျူရိုကရေစီ မြင်နိုင်တာ ဒါအကုန်ပဲ။

ဒီဖြစ်ရပ်ကြီးတွေကနေ ဗျူရိုကရေစီ ထုတ်ယူခဲ့တဲ့ နိဂုံးချုပ်ချက်တွေကို ၁၉၉၂ ခုနှစ်မှာ ရှင်းရှင်းလင်းလင်း မြင် တွေ့ခဲ့ရတယ်။ အဲဒီနှစ်မှာ ၁၄ကြိမ်မြောက် ပါတီ ကွန်းဂရက်(စ်) ကျင်းပခဲ့တယ်၊ နိုင်ငံတော်ပိုင် ကဏ္ဍက လွှမ်းမိုး ထားသင့်တယ် ဆိုတဲ့ အယူအဆကို တရားဝင် ပယ်ဖျက်ပစ်ခဲ့တယ်။ “တရုတ် လက္ခဏာတွေနဲ့ ဆိုရှယ်လစ် ဈေး ကွက် စီးပွားရေးစနစ်” ဆိုသောအရာကို တည်ဆောက်သွားဖို့ ကြေညာခဲ့တယ်။ ဒီနှစ်ထဲမှာပဲ “သူတို့အခေါ် ပြုပြင် ရေး လုပ်ငန်းစဉ်” ရဲ့ အဆင့်သစ်တခုကို တိန့် အစပြုခဲ့တယ်။ Shenzen အထူးစီးပွားရေး ဇုံကို တိန့် သွားခဲ့တယ်၊ နာမည်ကျော် ဒီကြေညာချက်ကို ထုတ်ဖော်ခဲ့တယ် - “ငွေရှာပေးနေသရွေ့ တရုတ်ပြည်အတွက် ကောင်းတယ်”။ အုပ်ချုပ်ရေး စနစ်အတွင်း နောက်ထပ် အရေးကြီး အချိုးအကွေ့တခု ဖြစ်ခဲ့တယ်။

ဈေးကွက် ယန္တယားတွေက တရုတ်ပြည်မှာ အချိန်အတော်ကြာ လည်ပတ်နေခဲ့ပြီးသားပါ။ ၁၉၉၂ ရဲ့ အဓိက ထူး ခြားချက်က နိုင်ငံတော်ပိုင် လုပ်ငန်းတွေကို အဓိက ကဏ္ဍအဖြစ် ဆက်ထိန်းထားမယ့် ပိုင်းဖြတ်ချက်ကို ပါတီက တရားဝင် စွန့်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါ့ကြောင့် နိုင်ငံတော်ပိုင် ကဏ္ဍကို သေးကျုံ့သွားအောင်လုပ်ဖို့ ဆုံးဖြတ် ခဲ့ကြတယ်။ ဒီမတိုင်ခင်အထိ ဖြစ်နေခဲ့တာက နိုင်ငံတော်ပိုင် ကဏ္ဍအပြင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးခြင်း ဖြစ်ပါတယ်။ အခုတော့ နိုင်ငံတော်ပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပြောင်းလဲပစ်ရေး ရှေးရှုချီတက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ နိုင်ငံ တော်ပိုင် ဒေသန္တရ လုပ်ငန်းပေါင်း ၂၅၀၀ နဲ့ ဗဟိုအဆင့်ကနေ လည်ပတ်နေတဲ့ နိုင်ငံတော်ပိုင် လုပ်ငန်း ၁၀၀ ကို ပုဂ္ဂလိကပိုင် ပြောင်းလဲဖို့ ရွေးချယ်ခဲ့ကြတယ်။ ၁၉၉၈ မှာ ဒီလျာထားချက် ပြီးမြောက်သွားခဲ့တယ်။

၁၉၉၄ မှာ ပုဂ္ဂလိကပိုင် ပြုခြင်း လုပ်ငန်းစဉ်ကို တိုးချဲ့လာခဲ့တယ်။ နိုင်ငံတော်ပိုင် အကြီးဆုံး လုပ်ငန်းကြီး ၁၀၀၀ ကို အစိုးရက ဆက်ထိန်းထားမယ်၊ ကျန်တဲ့ နိုင်ငံတော်ပိုင် လုပ်ငန်းအားလုံးကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချမယ် (သို့) ငှားရမ်းမယ်လို့ ဆိုထားတယ်။ ၁၉၉၀ ပြည့်နှစ်များ အကုန်မှာ နိုင်ငံတော်ပိုင် လုပ်ငန်းတွေက အလုပ်သမား ၈၃ သန်းကို ခန့်အပ်ထားခဲ့တယ်၊ ဒီအရေအတွက်ဟာ အလုပ်ခန့်အပ်မှု အားလုံးရဲ့ ၁၂%ပဲ ရှိတယ်၊ မြို့ပြမှာတောင် အလုပ်ခန့်အပ်မှုရဲ့ သုံးပုံတပုံသာ ရှိတော့တယ်။ ၁၉၇၈ မှာ မြို့ပြ အလုပ်ခန့်အပ်မှုရဲ့ ၇၈% က နိုင်ငံတော်ပိုင် ကဏ္ဍမှာ ရှိခဲ့တာနဲ့ ယှဉ်ကြည့်လိုက်ရင် အများကြီး ပြောင်းလဲသွားပြီ။

၁၉၉၀ ပြည့်နှစ်များ အကုန်မှာ နိုင်ငံတော်ပိုင် ကုမ္ပဏီတွေရဲ့ ဂျီဒီပီ ထည့်ဝင်မှု အချိုးအစားဟာ ၃၈% အထိ ကျ ဆင်းသွားတယ်။ ၁၉၉၉ စက်တင်ဘာလ၊ ၁၅ ကြိမ်မြောက် ပါတီ ကွန်းဂရက်(စ်)ရဲ့ လေးကြိမ်မြောက် ကော်မတီ စုံ ညီအစည်းအဝေးမှာ နောက်ခြေလှမ်းအသစ် ထပ်လှမ်းလာခဲ့တယ်။ “လွတ်လွတ်လပ်လပ် သွားခွင့်ပေးတဲ့ ပေါ်လ စီ” လို့ ဗျူရိုကရေစီက ကင်ပွန်းတပ်ခဲ့တယ်၊ နိုင်ငံတော်က ထိန်းချုပ်မှုတွေ ပယ်ဖျက်ပြီး ဖြေလွှတ်ပေးလိုက်တယ် လို့ ဆိုလိုပါတယ်။ နိုင်ငံတော်ပိုင် အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို ထိန်းကွပ်မှု ဖြေလွှတ်ပေးခဲ့ကြတယ်။ ဥပမာ ၂၀၀၀ ခုနှစ်၊ ဇူလိုင်လမှာ နယ်ပယ်အကျယ်ကြီး အုပ်စိုးထားတဲ့ ဘေဂျင်း မြို့တော် အစိုးရက အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ အားလုံးမှာ နိုင်ငံတော် နဲ့ စုပေါင်း ပိုင်ဆိုင်မှုကို ပယ်ဖျက်သွားလိမ့်မယ်လို့ ကြေညာခဲ့ တယ်။ ၂၀၀၁ ခုနှစ်မှာ နိုင်ငံတော်ပိုင် လုပ်ငန်းက ကုန်ထုတ် လုပ်ငန်း စုစုပေါင်းရဲ့ ၁၅% ပဲရှိတော့တယ်၊ ပြည်တွင်း ကုန်သွယ်ရေးမှာ နိုင်ငံတော်က အလုပ်ခန့်အပ်ထားတာ ၁၀% အောက်ပဲ ရှိတော့တယ်။

တရုတ်ပြည်က အရှေ့တောင် အာရှ စတော့(ခ်) အိတ်ချိန်း ထိုးကျမှုဒဏ်ကို ရင်ဆိုင်နိုင်ခဲ့တယ်၊ အကြောင်းက ပြည်ပကုန်သွယ်ရေးကို နိုင်ငံတော်က အတိုင်းအတာတခုအထိ ထိန်းကွပ်ထားဆဲ ဖြစ်တယ်၊ ပြည်ပငွေကြေးလည်း အလွယ်တကူ ပြောင်းလဲလို့ မရသေးဘူး။ ဒီနှစ်ချက်ကြောင့် အဲဒီပျက်ကပ် ဒဏ်တွေကနေ တရုတ်ပြည် အကာ အကွယ်ရခဲ့ခြင်း ဖြစ်တယ်။ ဒီပျက်ကပ်အပြီးမှာ တရုတ်ပြည်က ပိုအားကောင်းလာပြီး ဒေသတွင်း ဩဇာကြီးလာ တယ်။ ဒီကစလို့ ၁၉၉၈-၂၀၀၁ ကာလအတွင်းမှာ အရင်းရှင်စနစ်ဆီ ဦးတည် ပြောင်းလဲတဲ့ ဖြစ်စဉ် အရှိန်ပိုမြန်လာ ခဲ့တယ်။ အခုတော့ ဒီဖြစ်စဉ်ရဲ့ ဦးတည်ချက်လည်း အင်မတန် ရှင်းလင်းသွားခဲ့ပြီ။ ကွန်မြူနစ်ပါတီ ဗျူရိုကရေစီက ပုဂ္ဂလိကပိုင် လုပ်ငန်းတွေဟာ နိုင်ငံတော်ပိုင် လုပ်ငန်းတွေထက် ပိုပြီး အလုပ်ဖြစ်တယ်လို့ အခိုင်အမာ ယုံကြည် လာခဲ့ပြီ။ သူတို့ စိတ်ကူးကြည့်နိုင်တဲ့ နိုင်ငံတော်ပိုင် စက်မှု လုပ်ငန်းတွေဆိုတာ ဗျူရိုကရေစီ စီမံကိန်းအောက်မှာ ရှိ ခဲ့တဲ့ လုပ်ငန်းတွေပဲ၊ ဒီတော့ စီမံခန့်ခွဲမှု အလွဲအားလုံး ပါဝင်နေတယ်။ အလုပ်သမားထု ထိန်းချုပ်ထားတဲ့ ထိ ရောက်မှု ရှိသော နိုင်ငံတော်ပိုင် စက်မှု လုပ်ငန်းတွေကို သူတို့ မမြင်နိုင်ဘူး။

၂၀၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ‘တရုတ်ပြည်ရဲ့ ပိုင်ဆိုင်မှု အပြောင်းအလဲ’ စာတမ်းထဲမှာ စိတ်ဝင်စားစရာ အချက် အလက်တချို့ တွေ့ရမယ်၊ ဒီထဲက တချို့ကို ကောက်နှုတ် ဖော်ပြထားပါတယ်။ ဒီစာတမ်းကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပရေးရှင်း၊ ဩစထရေးလျ နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်၊ ဘောဂဗေဒ သုတေသနဆိုင်ရာ တရုတ် စင်တာနဲ့ ပီကင်း တက္ကသိုလ်တို့က Ross Garnaut, Ligang Song, Stoyan Tenev and Yang Yao တို့ ရေးသား ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ လက်ခွဲ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပရေးရှင်းက ပုံနှိပ်ထုတ်ဝေခဲ့ တယ်၊ www.ifc.org မှာ ရှာကြည့်လို့ ရပါတယ်။

ပုဂ္ဂလိကပိုင် ပြုခြင်းကို ၁၉၉၂ ခုနှစ်မှာ အင်တိုက်အားတိုက် အစပြုခဲ့တယ်လို့ စာရေးသူတွေက ဇောင်းပေး ပြော ထားတယ်။ ၁၉၉၅ ကို ရည်ညွှန်းပြီး အခုလို ဆိုထားတယ် - “နိုင်ငံတော်ပိုင် အကြီးစား လုပ်ငန်းပေါင်း ၅၀၀- ၁၀၀၀ လောက်ကို ဆက်ထိန်းထားပြီး ဒီထက်သေးတဲ့ လုပ်ငန်းတွေကိုတော့ ပုဂ္ဂလိက လက်ထဲ ငှားရမ်းခွင့်ပေးဖို့ (သို့) ရောင်းချပစ်ဖို့ အစိုးရက ဆုံးဖြတ်ခဲ့တယ်”။ ဒီလိုလုပ်ရတာ အကြောင်းပြချက် ကောင်းကောင်းရှိတယ်၊ ၁၉၉၇ ခုနှစ်မှာ နိုင်ငံတော်ပိုင် အကြီးဆုံး လုပ်ငန်း ၅၀၀ (အများစုကို ဗဟိုအစိုးရက ထိန်းချုပ်ထားတယ်) က အစိုးရပိုင် စက်မှုလုပ်ငန်းဆိုင်ရာ ပိုင်ဆိုင်မှုရဲ့ ၃၇% ရှိခဲ့တယ်၊ နိုင်ငံတော်အတွက် ဝင်ငွေ အများကြီး ရှာပေးခဲ့တယ်၊ စသဖြင့်။

ဒီဖြစ်စဉ် အရှိန်တင်ခဲ့တဲ့ ကာလကို ရည်ညွှန်းရင်း အခုလို ရှင်းပြထားတယ် - “သွားနေတဲ့ လမ်းကြောင်းက လုပ် ငန်းတခုကို အမှန်တကယ် ပြောင်းလဲပစ်ဖို့ဆိုရင် လုပ်ငန်း စီမံခန့်ခွဲသူတွေဟာ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်ဆိုတဲ့ ယုံကြည်မှုကို ထင်ဟပ်နေခဲ့တယ်”။ အခုဆိုရင် တရုတ် အစဉ်အလာမှာ “နိုင်ငံတော်က နောက် ဆုတ်သွားပြီး ပုဂ္ဂလိက ကဏ္ဍက ရှေ့ကို လှမ်းချီလာတယ်” ဆိုတဲ့ ကြွေးကြော်သံ ပေါ်ထွက်လာခဲ့ပြီ။ လူထုကြား ပေးချင်တဲ့ သတင်းစကား ပြန့်သွားအောင် ဒီကြွေးကြော်သံကို သူတို့ ဖန်တီးခဲ့ကြခြင်း ဖြစ်တယ်။

ဒီဖြစ်စဉ်ကို ကောက်ကြောင်းဖော်ပေးတဲ့ အချက်အလက်တွေ၊ အရှိန်မြှင့်တင်လိုက်တဲ့ ခြေလှမ်းတွေကို ဖွင့်ထုတ်ပြ ထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေ အများကြီး ဖော်ပြထားပါတယ်။ ဥပမာ၊ အဲဒီစာတမ်းထဲမှာ အခုလို ရှင်း ပြထားတယ် - “[နမူနာ မြို့ကြီး ၆ မြို့ကို ရည်ညွှန်းရင်း] ကျန်တပြည်လုံးမှာ ဒီနှုန်းအတိုင်း သွားနေရင် တရုတ် ပြည်ရဲ့ ပုဂ္ဂလိကပိုင် ပြောင်းလဲခြင်း ဖြစ်စဉ်ဟာ အရှေ့ ဥရောပနဲ့ အရင် ဆိုဗီယက် တိုင်းပြည်တွေမှာထက် အများ ကြီး ရှေ့ရောက်နေခဲ့ပြီ။”

ဒါပေမယ့် ဒီဖြစ်စဉ်ဟာ နိုင်ငံတော်ပိုင် အားလုံး အကုန်ထုတ်ရောင်းရုံ သက်သက် မဟုတ်ဘူး။ နိုင်ငံတော်ပိုင်နဲ့ ပုဂ္ဂလိကပိုင်တို့ရဲ့ % အချိုးအစားကိုပဲ ကြည့်ရတဲ့ ပြဿနာ မဟုတ်ဘူး (နောက်ဆုံး သတ္ထုချလိုက်ရင် ဒီပြဿနာ က အဆုံးအဖြတ် ပြုပေးတဲ့ အကြောင်းအချက် ဖြစ်ပေမယ့်)။ နိုင်ငံတော် လက်ထဲ ဘယ့်လောက်များများ ရှိနေလဲ ဆိုတဲ့ ပြဿနာမျှသာ မဟုတ်။ နိုင်ငံတော် လက်ထဲ ရှိနေသေးတဲ့ ကဏ္ဍတွေကို ဘယ်လို လည်ပတ်နေသလဲ၊ ဘာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေသလဲ ဆိုတဲ့ ပြဿနာတွေဟာလည်း အင်မတန် အရေးကြီးတယ်။ ဒီဖြစ်စဉ်တစုံ လုံးရဲ့ ဦးတည်ချက်ကို ကြည့်ဖို့လည်း လိုသေးတယ်။ ဒီဖြစ်စဉ်တစုံလုံးက အရင်းရှင်စနစ်ဆီ ဦးတည် ရွေ့လျားနေ ခဲ့ပြီ၊ နောက်ကြောင်းပြန် မရတော့ဘူး။

ဒါပေမယ့် အရင်းရှင်စနစ်ဆီ ပြောင်းလဲတဲ့ ဖြစ်စဉ်အတွင်း အမေရိကန်နဲ့ ဂျပန်က နိုင်ငံစုံ ဖြတ်ကျော် လုပ်ငန်းစု တွေလောက် ကြီးမားကျယ်ပြန့်တဲ့ ကော်ပရေးရှင်းကြီးတွေကို နိုင်ငံတော်ရဲ့ အကူအညီမပါဘဲ မောင်းနှင်လည်ပတ် နိုင်စွမ်းရှိတဲ့ ဘူဇွာ လူတန်းစားတရပ် ဖွံ့ဖြိုးလာအောင် မလုပ်ပေးနိုင်သေးဘူး။ နိုင်ငံတော်က အချိန်တခုကြာတဲ့ အထိ အဓိက ဇတ်ကောင် ဖြစ်နေဦးမယ်၊ ဒါပေမယ့် အဆုံးမတော့ အင်မတန် အားကြီးတဲ့ ဘူဇွာလူတန်းစား ထွက် ပေါ်လာလိမ့်မယ်။ (မူရင်းစာတမ်းကို ရေးခဲ့တဲ့ ၂၀၀၆ ခုနှစ်မတိုင်မီ အချက်အလက်ကို အခြေခံ ပြောနေတာပါ)။

ဗျူရိုကရေစီက အသေးစားနဲ့ အလတ်စား ကုမ္ပဏီအများစုကို ထုတ်ရောင်းနေခဲ့တယ်၊ တချိန်တည်းမှာပဲ အစိုးရ လက်ထဲ မရှိခဲ့ဖူးတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ကြီးထွားလာအောင်လည်း အားပေးနေခဲ့တယ်။ အခုဆိုရင် အကြီးဆုံး MNC ၅၀၀ ထဲက ၄၅၀ ဟာ တရုတ်ပြည်ထဲ လည်ပတ်နေပြီ။ ဒါ့ကြောင့် အရေးကြီး အချက်တခုက ပုဂ္ဂလိက ကဏ္ဍဟာ နိုင်ငံတော်ပိုင် ကဏ္ဍထက် မြန်မြန်ဆန်ဆန် ကြီးထွားနေတယ်။ ဒါ့အပြင် နိုင်ငံတော်ပိုင် ကဏ္ဍအဖြစ် ကျန်နေသေးတာတွေကို ကြည့်လိုက်မယ်ဆိုရင် တချို့ကို ပုဂ္ဂလိကပိုင် ပြောင်းဖို့ ပြင်ဆင်ထားတာ တွေ့ရမယ်။ အစိုးရပိုင် အကြီးစား လုပ်ငန်းစုကြီးတွေကို ကုမ္ပဏီ အမျိုးမျိုးအဖြစ် ခွဲခြမ်းပစ်နေတယ်၊ အဲဒီအထဲက အလုပ်သိပ် မဖြစ်တဲ့ ကဏ္ဍတွေကို ပိတ်ပစ်လိုက်ပြီး အမြတ်ကောင်းကောင်းရတဲ့ ကဏ္ဍတွေကို ထုတ်ရောင်းခဲ့တယ်။

နိုင်ငံတော်ပိုင် ကုမ္ပဏီတွေက မန်နေဂျာတွေဟာ နိုင်ငံတော်ပိုင် ပစ္စည်းတွေ ချွတ်ရောင်းရင်း အလုပ်ရှုပ်နေတယ်။ ပုဂ္ဂလိက ကဏ္ဍမှာ သူတို့ရဲ့ မိတ်ဆွေကြီးတွေ ရှိကြတယ်၊ ဒီမန်နေဂျာတွေက ကုမ္ပဏီကိုတော့ ဖရိုဖရဲဖြစ်၊ထိုးဆိုက် သွားစေပြီး ပုဂ္ဂလိက ကဏ္ဍမှာ အကောင်းဆုံး စက်တွေ၊ အကောင်းဆုံး အစိတ်အပိုင်းတွေ… ပိုင်ဆိုင်သွားစေ တယ်။ ဒီမန်နေဂျာတွေ စိတ်ထဲမှာ “ဒီစက်ရုံကို တချိန်ချိန်မှာ ပုဂ္ဂလိကပိုင် ပြောင်းတော့မယ်၊ စက်ရုံကို ငါပိုင်ရ တော့မယ်” လို့ ခံယူထားကြတယ်။ ဒီတော့ သဘောတရားက အစိုးရပိုင် ကုမ္ပဏီကို တန်ဖိုး အနည်းဆုံး ဖြစ်သွား တဲ့အထိ လျှော့ချပစ်မယ်၊ ဒါမှ ဈေးချိုချိုနဲ့ ဝယ်လို့ရနိုင်မယ်။ မြို့တော်တော်များများမှာ ဒေသန္တရ ကောင်စီတွေက အခုလို ဆုံးဖြတ်ထားကြတယ် - ကုမ္ပဏီတခု အလုပ်ဖြစ်စေမယ့် အကောင်းဆုံးနည်းက ကုမ္ပဏီပိုင် ပစ္စည်းတွေ ချွတ်ရောင်းတာ ရပ်သွားအောင် မန်နေဂျာတွေဆီ ကုမ္ပဏီကို ဈေးပေါပေါနဲ့ ထုတ်ရောင်းဖို့ ဖြစ်တယ်၊ သဘောက မန်နေဂျာတွေသာ ပိုင်ရှင်ဖြစ်သွားရင် ကုမ္ပဏီ တိုးတက်လာအောင် ဒီပစ္စည်းတွေကို အသုံးပြုလိမ့်မယ်၊ ရလာမယ့် အမြတ်တွေကို သူတို့ပဲ အပိုင်သိမ်းသွားရမှာကိုး။

ဒီပြောင်းလဲမှု ဖြစ်စဉ်အတွင်းမှာ အလုပ်သမားတွေက အများကြီး စတေးခဲ့ရတယ်၊ အလုပ်တွေ သန်းပေါင်းများစွာ ဆုံးရှုံးသွားခဲ့တယ်။ ၁၉၉၀-၂၀၀၀ ခုနှစ်ကာလအတွင်း နိုင်ငံတော်ပိုင် ကဏ္ဍက အလုပ်ပေါင်း ၃၀,၀၀၀,၀၀၀ ဖျက်စီးခံလိုက်ရတယ်။ တရုတ်ပြည်မှာ နဂိုနိုင်ငံတော် စီမံကိန်းရဲ့ နှလုံးသည်းပွတ်ဒေသ ဖြစ်ခဲ့သော အရှေ့မြောက် လို အစဉ်အလာ စက်မှုဇုံ ဒေသတွေမှာ “rust belt” ဆိုသောအရာ ထွက်ပေါ်လာခဲ့တယ် (အရင်တုန်းက စက်မှု လုပ်ငန်းတွေနဲ့ စည်ကားခဲ့ပြီး အခုများကျ စက်ရုံတော်တော်များများ ပိတ်ထားလိုက်ရတယ်၊ ဓနဥစ္စာလည်း လျော့ နည်းသွားတယ်။ အဲလို ဒေသမျိုးကို “rust belt” လို့ သုံးနှုန်းပါတယ်)။ အလုပ်မပြုတ်သေးတဲ့ သူတွေဆိုလည်း အရင် နှစ်ပေါင်းများစွာက သူတို့ ရရှိခဲ့တဲ့ အကျိုးခံစားခွင့် အားလုံး ဖျက်စီးခံလိုက်ရတယ်။ နှစ်ပေါင်းများစွာ ကြာ လာတဲ့အခါ ၁၉၄၉ တော်လှန်ရေးရဲ့ အောင်သီးအောင်ပွင့်တွေ အားလုံး တတိတိနဲ့ ဖြုတ်ချွေခံလိုက်ရတယ်။ အဲဒီ ထဲမှာ အလုပ်သမား လူတန်းစားရဲ့ ခုခံဆန့်ကျင်မှုလည်း ပါဝင်တယ်၊ ဗျူရိုကရေစီကတော့ ရှေ့ကိုသာ တရစပ် တွန်းထိုးသွားခဲ့တယ်။

ဗျူရိုကရေစီက ကျန်းမာရေး စောင့်ရှောက်မှု၊ အိမ်ရာနဲ့ အလုပ်သမား ခန့်အပ်မှု ကဏ္ဍအသီးသီးမှာ လွတ်လပ် သော ဈေးကွက်ကို သွတ်သွင်းလာခဲ့တယ်။ အခုဆိုရင် ပညာရေးကိုတောင် ငွေနဲ့ပေးဝယ်နေရပြီ။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကတည်းက အရင်းရှင်စနစ်ရဲ့ အစိတ်အပိုင်းတွေ အခိုင်အမာ ရှိနေခဲ့ပါပြီ။ ၁၉၉၂ မှာ ရောင်းချမှုအားလုံး ရဲ့ ၄၀%ဟာ ပုဂ္ဂလိက ကဏ္ဍက လာပါတယ်။ ၁၉၉၁ ခုနှစ်မှာ အလုပ်သမားပေါင်း ၂၁,၀၀၀,၀၀၀ ခန့်အပ်ထားတဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းရှင် ၁၃,၀၀၀,၀၀၀ ရှိနေခဲ့ပြီ။ (ဒီလုပ်ငန်း အများစုက အသေးစားတွေ ဖြစ်ပါတယ်)။ ဒါဟာ အစပဲ ရှိပါသေးတယ်။ ကျေးလက်မှာလည်း ချမ်းသာ လယ်သမားတွေကို လိုက်လျောချက်တွေ လုပ်ခဲ့တယ် - မြေယာ ငှားရမ်းခွင့် ပေးခဲ့ပြီး ထွက်လာတဲ့ ကုန်စည်တွေကို ဈေးကွက်ထဲ တင်ရောင်းခွင့် ပြုခဲ့တယ်၊ စုပေါင်း ပိုင်ဆိုင်မှုတွေ ဖြိုခွဲပစ်ခဲ့တယ်၊ ဆင်းရဲ လယ်သမားနဲ့ ချမ်းသာ လယ်သမား ကွဲပြားမှုကို ပိုဆိုးစေခဲ့တယ်။ ၁၉၉၈ မှာ နိုင်ငံတော်ပိုင် လုပ်ငန်း ၂၃၈၀၀၀ ရှိနေသေးတယ်၊ ဒါပေမယ့် ၂၀၀၃ ကျ ၁၅၀,၀၀၀ အထိ ကျဆင်းသွားခဲ့ပြီ။ (ဒီကိန်းဂဏန်းက ကျေးလက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ရည်ညွှန်းပြောနေတာပါ)

မြို့နယ်နဲ့ ကျေးလက် လုပ်ငန်းများ (TVEs)

ကျနော်တို့ အပေါ်မှာ တစွန်းတစ တို့ထိထားခဲ့သလိုပဲ အရင်းရှင်စနစ် ဖွံ့ဖြိုးလာခြင်းမှာ နောက်ထပ် အကြောင်း အချက်တခုက (TVE)တွေ ကြီးထွားလာခြင်းပဲ။ အခုဆိုရင် TVE တွေက ဂျီဒီပီရဲ့ ၃၀%ကို ထည့်ဝင်ထားတယ်၊ ဒါပေမယ့် သူတို့ရဲ့ သဘောသဘာဝက မရှင်းလင်းဘူး၊ ဝိရောဓိအသွင် ဆောင်နေတယ်။ ဗျူရိုကရက်တွေအဖို့ စီးပွားရေး၊ နိုင်ငံရေး ဖရိုဖရဲ မဖြစ်စေဘဲ အဲဒီလုပ်ငန်းတွေအားလုံး ပုဂ္ဂလိက ပြောင်းလဲပစ်လို့ မရနိုင်ဘူး။ ရှိသမျှ အကုန် တချီတည်းနဲ့ ပုဂ္ဂလိကပိုင် ပြောင်းလိုက်ရင် လုပ်ငန်း အတော်များများ နဲ့ ကဏ္ဍ အတော်များများ ပိတ်ပစ် လိုက်ရလိမ့်မယ် (သို့) ပြိုကွဲသွားလိမ့်မယ်။ ဒီလိုသာ ဖြစ်ကုန်ရင် တရုတ် ကွန်မြူနစ်ပါတီ နိဂုံးချုပ်သွားလိမ့်မယ်။

ဒါ့ကြောင့် TVE တွေ သွတ်သွင်းလာခြင်းဟာ အလုံးစုံ ပုဂ္ဂလိကပိုင် ပြောင်းလဲခြင်း လမ်းမပေါ် လျှောက်လမ်းဖို့ အကူးအပြောင်း အဆင့်တခုသာ ဖြစ်ခဲ့တယ်။ ဒီလိုလုပ်ထားတဲ့အခါ မန်နေဂျာတွေနဲ့ တခြားလူ့ကပ်ပါး အလွှာတွေ အဲဒီလုပ်ငန်းတွေကို ပိုင်ဆိုင်နိုင်ဖို့ လိုအပ်တဲ့ ‘အရင်း’ စုဆောင်းချိန် ရသွားတယ်။ ဒါဟာ အရင် နိုင်ငံတော်ပိုင် လုပ် ငန်းတွေနဲ့ နိုင်ငံတော်ပိုင် ကဏ္ဍတွေက ဒီကနေ့ တရုတ်ပြည်မှာ အရင်းရှင်စနစ် အကျိုးစီးပွားကို ဘယ်လို ကောင်း ကျိုးပြုသလဲ ဖော်ပြနေတဲ့ စံပြနမူနာတခုပဲ၊ လူ့အဖွဲ့အစည်းအတွင်း ပေါ်ထွန်းစ ဘူဇွာ အစိတ်အပိုင်းတွေကို သူတို့ ကိုယ်တိုင် တိုက်ရိုက် ပိုင်ဆိုင်လာနိုင်တဲ့အထိ ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးခဲ့ကြတယ်။ တချို့ ဖြစ်ရပ် တွေမှာဆိုရင် TVE တွေဟာ မြူနီစီပယ် ကုမ္ပဏီတွေ ဖြစ်ကြတယ်၊ တချို့ကျလည်း ပုဂ္ဂလိက အရင်းရှင်တွေနဲ့ ပူး တွဲလုပ်ငန်းတွေ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် TVE အားလုံးကတော့ အရင်းရှင် လုပ်ငန်းလို လည်ပတ်ကြတာ ချည်း၊ တဖြည်းဖြည်းနဲ့ အကုန်လုံး ပုဂ္ဂလိက အရင်းရှင်တွေလက်ထဲ ရောက်နေပြီ။

တခါတလေမှာ TVE တွေကို စာရင်းထဲထည့်ပြီး စီးပွားရေး ကဏ္ဍရဲ့ အများစုကို ပြည်သူပိုင် ဖြစ်နေသယောင် ဖော်ပြကြတယ်၊ တချို့ဆို ဒီကိန်းဂဏန်းတွေ လက်ညှိုးထိုးပြပြီး “ဆိုရှယ်လစ်စနစ်” ပုံစံတမျိုးလို့ ဆိုတတ်ကြ တယ်။ ဒါပေမယ့် သေချာဆန်းစစ်ကြည့်ရင် ကွဲပြားတဲ့ ပန်းချီကားတချပ်ကို တွေ့ရမယ်။ ၁၉၈၇ မှာ TVE အရေ အတွက် ၁.၅ သန်း ရှိခဲ့ရာက ၁၉၉၃ မှာ ၂၅ သန်းအထိ တိုးလာတယ်၊ ဒီမှာ အလုပ်သမားပေါင်း ၁၂၃ သန်းကို အလုပ်ခန့်ထားတယ်၊ ဒါပေမယ့် ၁၉၉၆ ကစလို့ TVE တွေကို ပုဂ္ဂလိကပိုင်ဘဝ လုံးလုံးလျားလျား ပြောင်းလဲပစ်တဲ့ အခါ အရေအတွက် ထိုးကျသွားတယ်။ နိုင်ငံတော်ပိုင် (သို့) မြူနီစီပယ်ပိုင် ကုမ္ပဏီတွေ ဖြစ်နေသေးရင်တောင် TVE တွေဟာ ပုဂ္ဂလိက ကုမ္ပဏီတွေလို လည်ပတ်ပါတယ်၊ မန်နေဂျာတွေမှာ အလုပ်သမားတွေကို ငှားခွင့်၊ ထုတ် ခွင့် အပြည့်ရှိတယ်။

Hart-Landsberg နဲ့ Burkett တို့ရဲ့ လေ့လာမှုတွေအရ “ပျမ်းမျှအားဖြင့် TVE အလုပ်သမားတွေဟာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်ထက် အခြေခံ လုပ်ခလစာပိုနည်းကြတယ်။ အချိန်ပိုတွေ လုပ်ကြရတယ်၊ ကုန်ထုတ် စံချိန်အလိုက် တွက်ပေးတဲ့ ဘိုးနပ်(စ်)တွေကို အားကိုးရတယ်။ တကယ်တော့ အခြေခံ လစာတောင် အာမခံချက် မရှိပါဘူး၊ အနိမ့်ဆုံး လုပ်ခလစာကို ဒေသန္တရ မြို့နယ် အာဏာပိုင်တွေက ပြဌာန်းပေးတယ်၊ ဒီအာဏာပိုင်တွေရဲ့ အကျိုးစီးပွားဟာ (အင်စတီကျူးရှင်းဆိုင်ရာရော၊ ပုဂ္ဂလိက အကျိုးစီးပွားရော) အမြတ် များနိုင်သမျှ အများဆုံး ထုတ်နိုင်ရေးနဲ့ ချည်နှောင်ထားတယ်။ အမှန်ပဲ၊ TVE တွေရဲ့ ‘ယှဉ်ပြိုင်မှုနဲ့ အမြတ်အစွန်းတွေ’ကို ကွန်မြူးစနစ် ဖျက်သိမ်းလိုက်ခြင်း နဲ့ လယ်သမား မိသားစုတွေ မွဲပြာကျသွားခြင်းကနေ ဖန်တီးပေးလိုက်တဲ့ ‘ဈေးပေါပေါနဲ့ ကျေးလက် အလုပ်သမားတွေ တပုံတပင် ရှိနေခြင်း’ က အာမခံချက် အများကြီး ပေးထားတယ်။” (China and Socialism - Market Reforms and Class Struggle, page 45)

TVEတွေရဲ့ ကြမ္မာဟာ စီးပွားရေးစနစ်အတွင်း ပြောင်းလဲနေတဲ့ ဖြစ်စဉ်တစုံလုံးနဲ့ ပူးကပ် ချည်နှောင်ထားခံရတယ်။ ပုဂ္ဂလိက ကဏ္ဍက လွှမ်းမိုးလာတဲ့အခါ TVE တွေလည်း ဒီအခြေအနေနဲ့ အလိုက်သင့် ပြောင်းလဲခဲ့ရတယ်။ အပေါ် မှာ ကိုးကားထားတဲ့ စာရေးသူတွေက အခုလို ရှင်းပြသေးတယ် - “ပုဂ္ဂလိကပိုင် ထုတ်လုပ်ရေးကနေ အမြတ် ရနိုင် ချေ အခွင့်အလမ်းအသစ်တွေ ပေါ်ထွန်းလာတာနဲ့အတူ TVE တွေအတွက် အလားတူ ယိုယွင်း ပျက်စီးသွားစေ တာက မန်နေဂျာ တော်တော်များများဟာ TVE ပိုင် ပစ္စည်းတွေ/ ထုတ်ကုန်တွေကို သူတို့အတွက် အကျိုးအမြတ် ပိုရနိုင်မယ့် ပုဂ္ဂလိက လုပ်ငန်းတွေဆီ မှောင်ခိုနည်းနဲ့ လွှဲပြောင်းပေးခဲ့ကြတယ်။ ပါတီက နိုင်ငံတော်ပိုင် အသေး စား လုပ်ငန်းတွေကို ပုဂ္ဂလိက ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ၁၉၉၀ ခုနှစ်များ အလယ်လောက်မှာ ဒီလို TVE ပိုင် ပစ္စည်းတွေ ချွတ်ရောင်းခြင်း အရှိန်မြန်လာခဲ့တယ်။ အမြတ်ရတာ နည်းလာပြီး စက်ယန္တယားတွေ ပျက်စီးလာ တဲ့အခါ TVE အရာရှိတွေက နိုင်ငံတော် အရာရှိတွေဆီကနေ အကူအညီ တောင်းခံကြတယ်။ ၁၉၉၆ ခုနှစ်မှာ TVE တွေကို တက်သုတ်ရိုက် ရောင်းချခြင်း အစပြုခဲ့တယ်။” (ibid)

ခိုင်မာတဲ့ တရုတ် အရင်းရှင်စနစ် တည်ဆောက်ဖို့ နိုင်ငံတော်ကို အသုံးပြုခြင်း

တရုတ် ဗျူရိုကရေစီက နယ်ချဲ့စနစ် ဗိုလ်ကျအုပ်စိုးမှုရဲ့ သားကောင် မဖြစ်လိုဘူး။ ဒါမျိုး အဖြစ်ခံမှာလည်း မဟုတ် ဘူး။ ခိုင်မာတဲ့ တရုတ် အရင်းရှင် ကဏ္ဍကို ဆက်ထိန်းထားရမယ်ဆိုတာ သူတို့ နားလည်တယ်၊ နိုင်ငံတော်ပိုင် ကုမ္ပဏီတချို့ကို တည်ဆောက်ပေးပြီး အားကောင်းလာစေတဲ့နည်းနဲ့ ပုဂ္ဂလိက အရင်းရှင် ကဏ္ဍကို ဆက်ထိန်း ထားခဲ့တယ်။ တရုတ် ဗျူရိုကရေစီ လက်ထဲမှာ အရင်းအနှီးတွေ အများကြီး ရှိနေပြီ။ နိုင်ငံတော်ပိုင် ကော်ပရေးရှင်း တွေထဲ ငွေတွေ ပုံအောထည့်ဖို့ နိုင်ငံတော်ဘဏ်တွေကို အသုံးပြုခဲ့တယ်။

‘တရုတ်ပြည်ရဲ့ ပိုင်ဆိုင်မှု အပြောင်းအလဲ’ စာအုပ်ရေးသူတွေရဲ့ အလိုအရ “နိုင်ငံတကာ ဈေးကွက်ထဲ ယှဉ်ပြိုင်နိုင် တဲ့ ဧရာမ ကော်ပရေးရှင်းတွေ၊ လုပ်ငန်းစုကြီးတွေ ၂၀ ကျော်လောက် တရုတ်ပြည်မှာ တည်ဆောက်ထားခဲ့တယ်။ အဲဒီထဲက ကုမ္ပဏီတချို့ဟာ ဝန်ထမ်းတွေ သောင်းချီ သိန်းချီ ဖြုတ်ပစ်ခဲ့တယ်၊ ငွေရေးကြေးရေး အကြပ်ဆိုက်နေ လို့ ဖြုတ်ပစ်တာ မဟုတ်ဘူး၊ တချို့ဆို အမြတ်တွေ တနင့်တပိုး ရနေတာ၊ ဒီလိုလုပ်ရတာက အရေးကြီးတဲ့ အင် တာနေရှင်နယ် တန်းဝင် ကစားသမားတွေအဖြစ် သူတို့ကိုယ်တိုင် နေရာချထားချင်လို့ ဖြစ်တယ်။ ၂၀၀၂ ခုနှစ်မှာ နိုင်ငံဖြတ်ကျော် ထိပ်တန်း တရုတ် ကုမ္ပဏီကြီး ၁၂ ခု (အများစုက နိုင်ငံတော်ပိုင် လုပ်ငန်းစုကြီးတွေ) က ပြည်ပ ပိုင်ဆိုင်မှု အရပ်ရပ်ရဲ့ ဒေါ်လာ ဘီလျံ ၃၀ ကို ချုပ်ကိုင်ထားတယ်၊ ပြည်ပ ဝန်ထမ်း ၂၀၀၀၀ ခန့်ထားတယ်၊ ပြည်ပ ရောင်းချမှုပေါင်း ၃၃ ဘီလျံဒေါ်လာ ရှိခဲ့တယ်။”

ဒီလုပ်ငန်းစုကြီးတွေဟာ နိုင်ငံတော်ပိုင် ဖြစ်နေပေမယ့် အမေရိကန်၊ ဂျပန်တို့နဲ့ ယှဉ်ပြိုင်နိုင်အောင် တရုတ် နိုင်ငံ တော်ပိုင် ကော်ပရေးရှင်းကြီးတွေအဖြစ် အရင်းရှင်စနစ် အခြေခံပေါ်မှာ ပြင်ဆင်ထားတယ်။ ဆိုခဲ့ပါ စာတမ်းထဲမှာ ပိုင်ဆိုင်မှု အမျိုးအစားအလိုက် တရုတ်နိုင်ငံ ဂျီဒီပီ ဖွဲ့စည်းမှု အချိုးအစားကို ဇယားတခုနဲ့ ဖော်ပြထားတယ်။ ၁၉၈၈ ကတည်းက နိုင်ငံတော်ပိုင် ကဏ္ဍရဲ့ ဂျီဒီပီ အချိုးအစားဟာ ၄၁% အထိ ကျဆင်းသွားတာ တွေ့ရတယ်။ ၂၀၀၃ ရောက်တဲ့အခါ ၃၄% အထိ ထပ်ကျသွားခဲ့တယ်။ သူတို့အခေါ် “ပုဂ္ဂလိက ကဏ္ဍ စစ်စစ်” ရဲ့ ဂျီဒီပီ ထည့်ဝင် မှု အချိုးအစားက ၁၉၈၈-၂၀၁၃ ကာလအတွင်း ၃၁% ကနေ ၄၄% အထိ တက်သွားခဲ့တယ်။ ဒါပေမယ့် နိုင်ငံတော် ပိုင် မဟုတ်တဲ့ ကဏ္ဍတခုလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ၂၀၀၃ မှာ ဂျီဒီပီရဲ့ ၆၆% ရှိနေပြီ။ “ပုဂ္ဂလိက ကဏ္ဍက တရုတ်ပြည် စီးပွားရေးကို လွှမ်းမိုးထားပြီ” လို့ အဲဒီစာတမ်းက နိဂုံးချုပ်ထားတယ်။ ဆက်ပြောသေးတယ် - “ဘုံ ပိုင် လယ်ယာတွေရဲ့ ရာခိုင်နှုန်း တော်တော်များများကို တကယ်တမ်းကျ ပုဂ္ဂလိက ပိုင်ဆိုင်မှုလို ထိန်းချုပ်ထား တယ်၊ ပုဂ္ဂလိက ကဏ္ဍက ယေဘုယျအားဖြင့် တခြား စီးပွားရေး ကဏ္ဍတွေထက် ကုန်ထုတ် သတ္တိ ပိုကောင်းနေ တယ် ဆိုတဲ့ အချက်တွေကို ထည့်စဉ်းစားလိုက်မယ်ဆိုရင် ပုဂ္ဂလိက ကဏ္ဍ ရှယ်ယာအချိုးအစားက ထင်ထားတာ ထက် ပိုများနေတယ်”။

အရင်က တခြားနေရာမှာ ဒါမျိုး ခပ်သေးသေး ဖြစ်သွားတာ ကျနော်တို့ မြင်ခဲ့ရတယ်။ တောင်ကိုးရီးယားမှာ နိုင်ငံ တော်က ကော်ပရေးရှင်းကြီးတွေ ဖွံ့ဖြိုးလာအောင် လုပ်ပေးခဲ့တယ်၊ ဒါပေမယ့် ဒါကို ပုံပျက်ယိုယွင်းနေသော အလုပ်သမား နိုင်ငံတော်တခုလို့ မသတ်မှတ်ပါဘူး (သို့) အကူးအပြောင်း နိုင်ငံတော်တခုလို့တောင် မခေါ်ပါဘူး။ အားချိနေတဲ့ အရင်းရှင်စနစ်မို့ နိုင်ငံတော်က အရင်း စိုက်ထုတ်ပေးမှသာ တည်ဆောက်နိုင်ခဲ့တယ်။ ဘူဇွာ လူတန်း စားက သူ့ဘာသာ လုပ်နိုင်လောက်အောင် အားမကောင်းဘူး၊ ချိနဲ့နေတယ်။ တရုတ်ပြည်မှာကျ အလားတူ ဖြစ်စဉ် ကို အဆမတန် ကြီးမားကျယ်ပြောတဲ့ အတိုင်းအတာနဲ့ မြင်တွေ့ရတယ်။ တရုတ်ပြည်မှာ (တောင်ကိုးရီးယားထက်) ပိုအားကောင်းတဲ့ ဘူဇွာ လူတန်းစား တရပ်ကို ဖန်တီးထားပေမယ့် ကော်ပရေးရှင်းကြီးတွေ ဖွံ့ဖြိုးလာအောင် လုပ်ဖို့ တရုတ် ဘူဇွာတွေမှာ အရင်းအမြစ် မလုံလောက်သေးဘူး။ (အဲဒီကော်ပရေးရှင်းကြီး အတော်များများကို နိုင်ငံတော်က ပိုင်နေဆဲ ဖြစ်တယ်)။ ဒါ့ကြောင့် တရုတ်ပြည်ကို အုပ်စိုးနေတာ နိုင်ငံတော် ဖြစ်တယ်၊ ဒီနိုင်ငံတော်က အရင်းရှင်စနစ် နဲ့ ဘူဇွာ လူတန်းစားကို တည်ဆောက်ပေးခဲ့တယ်။

တရုတ်ပြည်က ဥပဒေ အဆောက်အအုံကို ကြည့်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့ ၃-၄ နှစ်အတွင်း ပိုင်ဆိုင်မှု ဆက်ဆံရေး အသစ်တွေနဲ့ အံဝင်ခွင့်ကျ ဖြစ်စေမယ့် ဥပဒေ မူဘောင်တွေ ချမှတ်ပေးဖို့ အရေးကြီး အပြောင်းအလဲတွေ လုပ်ထား တာ တွေ့ရမယ်။ ၂၀၀၄ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရေးကြီး အပြောင်းအလဲတွေ လုပ်ခဲ့တယ်။ ဒီခြေဥ ပြင်ဆင်ချက်ထဲမှာ တိုင်းပြည် စီးပွားရေးကို ကျားကန်ပံ့ပိုးရာမှာ နိုင်ငံတော်ပိုင် မဟုတ်သော ကဏ္ဍတွေရဲ့ အခန်း ကို ဇောင်းပေးထားတယ်၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေ လက်လွတ်စပယ် သိမ်းယူခြင်းကနေ အကာအကွယ် ပေးထား တယ်။

တရုတ်ပြည်မှာ မကြာသေးခင်ကအထိ (မူရင်းစာတမ်းကို ရေးသားခဲ့တဲ့ ၂၀၀၆ မတိုင်ခင် နှစ်တွေကို ရည်ညွှန်း) အများပြည်သူ ဝန်ဆောင်မှုနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုလို ကဏ္ဍမျိုးတွေမှာ ပုဂ္ဂလိက ကုမ္ပဏီတွေ ဝင်လာလို့မရ အောင် တားမြစ်ထားတယ် (သို့) ဥပဒေနဲ့ ထိန်းချုပ်ထားတယ်။ ၂၀၀၅ ကျ အဲဒီဥပဒေတွေကို ပယ်ဖျက်ပစ်လိုက် တယ်၊ အဲဒီကဏ္ဍတွေထဲ ပုဂ္ဂလိက ကုမ္ပဏီတွေ ဝင်လာခွင့် ပေးလိုက်တယ်။ အခုဆိုရင် ဘဏ်နဲ့ဆိုင်တဲ့ ကဏ္ဍမှာ လည်း အလားတူ ဖြစ်နေပြီ။ ဘဏ်တွေကို ပုဂ္ဂလိကပိုင် စပြောင်းနေပြီ၊ ပြည်ပ အရင်းတွေကို ဘဏ်တွေဆီ ဝင် လာခွင့် ပေးလိုက်ပြီ။ တကယ်လည်း ဘူဇွာ အကဲဖြတ်တွေ ဒီကနေ့ တရုတ်ပြည်အကြောင်း ရေးကြတဲ့အခါ ဥပဒေ တွေ၊ ဥပဒေ အဆောက်အအုံတွေက ပိုင်ဆိုင်မှု ပုံစံအသစ်တွေနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ လိုအပ်ကြောင်း အသေးစိတ် ခြယ်မှုန်းကြတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေ ကောင်းကောင်း လည်ပတ်နိုင်အောင် အတိတ်ရဲ့ လက်ကျန် အဲဒီဥပဒေ တွေကို ဖယ်ရှားပစ်ရမယ်လို့ သူတို့ မြင်ထားတယ်။

တရုတ်ပြည်မှာ ပိုင်ဆိုင်မှု ဆက်ဆံရေးတွေ ပြောင်းလဲသွားပြီ၊ ဥပဒေ အဆောက်အအုံကို ပြောင်းလဲလာတဲ့ ပိုင်ဆိုင် မှု ဆက်ဆံရေးနဲ့ ဆီလျော်အောင် အများကြီး ပြောင်းလဲထားပေမယ့် ဥပဒေ စနစ်ဟောင်းရဲ့ အကြွင်းအကျန်တွေ အများကြီး ရှိနေသေးတယ်။ ပိုင်ဆိုင်မှု ဆက်ဆံရေး အသစ် ဖြစ်ထွန်းလာရင် ဥပဒေ အခွံဟောင်းနဲ့ ပဋိပက္ခ ဖြစ် လာနိုင်တယ်။ ဥပဒေ စနစ်ဟောင်းက စီးပွားရေး အုတ်မြစ် အခြေခံနဲ့ ချက်ချင်း အသားကျလာမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း မကြာခင် တချိန်ချိန်မှာ အဲဒီ “အပေါ်ထပ် အဆောက်အအုံ” က စီးပွားရေး အခြေခံ အုတ်မြစ်နဲ့ စရွေးကိုက် ဖြစ်လာရမယ်။ ၁၈၅၉ ခုနှစ်က A Contribution to the Critique of Political Economy အမှာစာမှာ ကား(လ်)မာ့(က်စ်) ထောက်ပြခဲ့သလိုပဲ -

“ဖွံ့ဖြိုးမှု အဆင့်တခု ရောက်တဲ့အခါ လူ့အဖွဲ့အစည်းရဲ့ ကုန်ထုတ် အင်အားစုတွေက တည်ဆဲ ကုန်ထုတ် ဆက်ဆံ ရေးတွေနဲ့ ပဋိပက္ခ ဖြစ်လာကြတယ် ဒါမှမဟုတ် (ဒီအချက်ကိုပဲ ဥပဒေ ဘာသာစကားနဲ့ ထင်ဟပ် ဖော်ထုတ်ပြ တယ်) ပိုင်ဆိုင်မှု ဆက်ဆံရေးတွေနဲ့ ပဋိပက္ခဖြစ်လာတယ် - ဒီမတိုင်ခင်အထိ ကုန်ထုတ် အင်အားစုတွေကို အဲဒီ ပိုင်ဆိုင်မှု ဆက်ဆံရေး ဘောင်ထဲကနေ မောင်းနှင် အသုံးပြုလာခဲ့ကြတယ်။ ကုန်ထုတ်အင်အားစုတွေကို တိုးတက် ဖွံ့ဖြိုးစေခဲ့တဲ့ ကုန်ထုတ်/ ပိုင်ဆိုင်မှု ဆက်ဆံရေးတွေဟာ ကုန်ထုတ် အင်အားစုတွေရဲ့ တိုးတက်မှုကို နှောင့်ယှက် တားဆီးသူ ဖြစ်လာတယ်။ အဲဒီအခါ လူမှု တော်လှန်ရေး ခေတ်တခေတ် အစပြုတယ်။ စီးပွားရေး အုတ်မြစ် ပြောင်းလဲမှုဟာ မကြာမတင်မှာ အပေါ်ထပ် အဆောက်အအုံ တစုံလုံး ပြောင်းလဲသွားစေမယ်။”

တရုတ်ပြည်မှာ ကျနော်တို့ ရင်ဆိုင်နေရတာ ခေတ်ပြောင်းတော်လှန်ရေးတရပ် မဟုတ်ဘူး၊ တန်ပြန် တော်လှန်ရေး တခုသာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မာ့(က်စ်) ထောက်ပြခဲ့တဲ့ အချက်က မှန်နေဆဲ ဖြစ်တယ်။ ပိုင်ဆိုင်မှု ဆက် ဆံရေးတွေ ပြောင်းလဲသွားတာနဲ့ ဥပဒေရေးရာ အပေါ်ထပ် အဆောက်အအုံလည်း လိုက်ပါ ပြောင်းလဲရမယ်။ ဒါ့ ကြောင့် ဥပဒေရေးရာ အပေါ်ထပ် အဆောက်အအုံကို စီးပွားရေး အခြေခံ အုတ်မြစ်နဲ့ စရွေးကိုက် ပြောင်းလဲတဲ့ ဖြစ်စဉ် ခြေလှမ်းသွက် လာလိမ့်မယ်လို့ တွက်ဆနိုင်တယ်။ ဗျူရိုကရေစီရဲ့ အလွှာတချို့က ဒီအပြောင်းအလဲကို ဆန့်ကျင်ကြပေမယ့် သိပ်မဝေးတဲ့ အနာဂတ်မှာ ဒီနှစ်ခု အံကိုက်ဖြစ်သွားရမယ်။ အခုကို အတော်များများ ပြောင်း ပြီးနေပါပြီ၊ ခြေဥ ပြင်ဆင်ချက်တွေက သက်သေပဲ။

WTO ထဲ ဝင်ရောက်လာခြင်း

နောက်ထပ် အရေးကြီး အချိုးအကွေ့တခုက ၂၀၀၁ နိုဝင်ဘာထဲမှာ ဖြစ်ခဲ့တယ်၊ အဲဒီကာလမှာ တရုတ်အစိုးရက ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီး (WTO) ထဲပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ WTO ထဲ ဝင်ရောက်ခြင်း ကိစ္စဟာ အရေးကြီး ပြဿနာတရပ် ဖြစ်တယ်။ WTO ထဲဝင်လိုက်တာနဲ့ ပြည်ပ ကုန်သွယ်ရေးအပေါ် ထိန်းချုပ်မှုအားလုံးကို တရုတ် အစိုးရက ငါးနှစ်အတွင်း အပြီးတိုင် ဖယ်ရှားပေးရမယ်၊ အဲဒီအချိန်ကစလို့ တခုပြီးတခု ဖယ်ရှားပေးလာခဲ့တယ်။ WTO ထဲ တရုတ်အစိုးရ ဝင်လိုက်ရတဲ့ အကြောင်းက ရှင်းတယ်။ လက်ရှိ တရုတ်ပြည် စီးပွားရေးကို ကမ္ဘာ့ စီးပွား ရေးနဲ့ ပူးပူးကပ်ကပ် ချည်နှောင်ထားမှ ရပ်တည်နိုင်တော့မယ်။ တရုတ်ပြည် စီးပွားရေးဟာ ပို့ကုန် တင်ပို့မှု အပေါ် အများကြီး မှီခိုထားရတယ်၊ ဒီတော့ ကုန်သွယ်ရေးမှာ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု ရှိထားဖို့ လိုအပ်လာ တယ်။ ကမ္ဘာ့စီးပွားရေးထဲကို ခြေစုံပစ် ဝင်မှ ဖြစ်တော့မယ်။ ဒီလို လုပ်လိုက်ခြင်းဟာ တရုတ်ပြည်အတွင်း အရင်း ရှင် စနစ်ဆီ ကူးပြောင်းခြင်းဖြစ်စဉ်ကို အရှိန် ပိုမြန်သွားစေခဲ့တယ်။

ပြည်ပ ကုန်သွယ်ရေးအပေါ် နိုင်ငံတော် ထိန်းချုပ်မှု ပယ်ဖျက်ပစ်လိုက်ခြင်းဟာ တရုတ်ပြည်ကို ကမ္ဘာ့ ဈေးကွက်နဲ့ ချိတ်ဆက်မိစေတဲ့ အရေးကြီး အချက်တချက် ဖြစ်တယ်။ ဘော်ရှီဗစ် လုပ်ငန်းစဉ်ထဲက အရေးကြီး အစိတ်အပိုင်း တခုကို ပြန်ကြည့်ရအောင် - အရင်းရှင် ကမ္ဘာ ပတ်လည်ဝိုင်း ခံထားရတဲ့ အလုပ်သမား နိုင်ငံတော်တခုဟာ ပြည်ပ ကုန်သွယ်ရေးအပေါ် နိုင်ငံတော်ရဲ့ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှု ရှိကိုရှိရမယ်၊ (ထရော့စကီးက စတာလင်နဲ့ ဘူခါ ရင်တို့ကို ဆန့်ကျင်ပြီး ဒီဘော်ရှီဗစ် လုပ်ငန်းစဉ်ကို ပြတ်ပြတ်သားသား ခုခံကာကွယ်ခဲ့တယ်)။ အထူးသဖြင့် မဖွံ့ ဖြိုးသေးတဲ့ တိုင်းပြည်တခုမှာ ဒီလို ထိန်းချုပ်ထားဖို့ လိုအပ်တယ်။

စီးပွားရေး ဖွံ့ဖြိုးအောင် လယ်သမားထုထဲက အလွှာတခုကို သူ့ဘာသာ ချမ်းသာလာအောင် လုပ်ကိုင်ခွင့် ပေးထား ဖို့ လိုအပ်တယ် ဆိုတဲ့ အယူအဆကိုလည်း ဘူခါရင်က ကိုင်ဆွဲထားခဲ့တယ်။ ဒီလိုနည်းနဲ့ ရုပ်ဝတ္ထုပိုင်း မက်လုံးတွေ ရှိလာရင် ကုန်ထုတ်လုပ်မှု ပိုအားကောင်းလာမယ်၊ ပိုထိရောက်သွားမယ်လို့ သူယူဆခဲ့တယ်။ ဒါပေမယ့် သူ့ အယူ အဆတွေက ဘယ်ကို ဦးတည်သွားနိုင်မှန်း ဘူခါရင် မသိခဲ့ဘူး။ သူ့ရပ်တည်ချက်က အရင်းရှင် ဆက်ဆံရေးတွေဆီ ပြန်ဦးလှည့်သွားနိုင်တဲ့ ရပ်တည်ချက်တမျိုး ဖြစ်နေတာကို ဘူခါရင် မမြင်နိုင်ခဲ့ဘူး။ ဘူခါရင် အမြင်သာ အသာစီး ရသွားခဲ့ရင် ဆိုဗီယက် ပြည်ထောင်စုမှာ ၁၉၂၈ လောက်ကတည်းက အရင်းရှင်စနစ်ကို ပြန်လှည့်သွားခဲ့လိမ့်မယ်။ အဲဒီကာလမှာတောင် အရင်းရှင်စနစ်ရဲ့ ဖိအားတွေကို ဆိုဗီယက် ပြည်ထောင်စုမှာ ပြင်းပြင်းထန်ထန် ခံစားလာရပြီ ဘူခါရင်နဲ့ တိန့်ကို ယှဉ်တွဲကြည့်လို့ရတယ်။ သူတို့သုံးခဲ့တဲ့ စကားလုံးချင်းတောင် တူနေသေး။ “ချမ်းသာအောင် လုပ်တာ မင်္ဂလာပဲ” ဆိုတဲ့ ကြွေးကြော်သံကို တိန့်သုံးခဲ့တယ်၊ ဘူခါရင်ရဲ့ ကြွေးကြော်သံက “ချမ်းသာအောင် လုပ် ကြ”တဲ့။

ပြည်ပ ကုန်သွယ်ရေးကို နိုင်ငံတော်က လက်ဝါးကြီးအုပ် ထိန်းချုပ်ခြင်းဆိုတာ အရင်းရှင် ကမ္ဘာရဲ့ လွှမ်းမိုးမှုတွေ ထိုးဖောက်ဝင်ရောက် မလာနိုင်အောင် အကာအကွယ် လုပ်ဆောင်ခြင်း တမျိုးပဲ။ ရှေ့တန်းရောက် တိုင်းပြည်တွေ ရဲ့ အရင်းရှင်စနစ် သမိုင်းကို ကြည့်လိုက်မယ်ဆိုရင် သူတို့ပြည်တွင်း ဈေးကွက်ကို ကာကွယ်ဖို့ ကာကွယ်ရေးဝါဒကို အဆင့်တခုမှာ သုံးခဲ့ကြဖူးတယ်၊ လွတ်လပ်စွာ ကုန်သွယ်ခွင့်ဆိုတာ နောက်ပိုင်း အဆင့်တွေကျမှ ဘူဇွာတွေရဲ့ သည်းချေကြိုက် ပေါ်လစီ ဖြစ်လာတာ။ ဗြိတိန် ဘူဇွာတွေတောင် သူတို့ စက်မှုလုပ်ငန်းကြီးတွေ ကြီးထွားအောင် လုပ်နေချိန်မှာ ပြည်တွင်း ဈေးကွက်ကို ကာကွယ်ပေးခဲ့ရတယ်။ ရင်ဘောင်တန်းနိုင်တဲ့ မော်ဒန် စက်မှုလုပ်ငန်း တွေ အဆင်သင့်ဖြစ်တဲ့အခါ ကာကွယ်ရေးဝါဒကို သူတို့ မလိုတော့ဘူး။ ဒီအဆင့်ရောက်တော့ သူတို့ စက်မှုလုပ်ငန်း တွေက ကမ္ဘာ့ ဈေးကွက်ကို ကြီးစိုးထားနိုင်တဲ့အထိ အားကောင်းနေပြီ။ ဘူဇွာတွေကို ရည်ညွှန်းရင်း ကွန်မြူနစ် ကြေညာစာတမ်းထဲမှာ မာ့(က်စ်)နဲ့ အန်းဂယ်(စ်) ရေးခဲ့သလိုပဲ - “ဈေးပေါပေါ ရောင်းကုန်တွေဟာ တရုတ် မဟာ တံတိုင်းကြီး(လို ခိုင်ခံ့တဲ့ အတားအဆီး) အားလုံးကို လှဲဖြိုချနိုင်တဲ့ ဧရာမ အမြောက်တပ်ကြီးပဲ”။

ဒီကနေ့ခေတ် မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေမှာ ဒီလို ကာကွယ်ရေးဝါဒကို သိပ်မကြာခင် အချိန်အထိ ကျင့်သုံးခဲ့ ကြတယ်။ ဥပမာ - ပါကစ္စတန်မှာဆိုရင် လွန်ခဲ့တဲ့ နှစ်(၂၀)လောက်အထိ ပို့ကုန်သွင်းကုန် အခွန်အခတွေနဲ့ ကာ ကွယ်ရေး အစီအမံတွေ အများကြီး ရှိခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလမှာတော့ သူတို့ရဲ့ ပြည်တွင်း ဈေးကွက်ကို ဖွင့်ပေးခဲ့ရတယ်။ အရင်းရှင် နယ်ချဲ့သမားတွေက ဒီလို တိုင်းပြည်တွေရဲ့ ပေါ်လစီကို ပြဌာန်းတယ်၊ နယ်ချဲ့သမားတွေအဖို့ ဒီတိုင်းပြည်တွေရဲ့ ပြည်တွင်းဈေးကွက် ကာကွယ်ရေး အစီအမံတွေကို သည်းမခံနိုင်ဘူး၊ တချိန်တည်းမှာပဲ သူတို့ ကိုယ်ပိုင် ဈေးကွက်တွေကျ သဝန်တိုပြီး ကာကွယ်ထားကြတယ်။ အရင်းရှင် နယ်ချဲ့ သမားတွေဟာ သူတို့တင်ပို့တဲ့ ကုန်စည်တွေကို ဈေးကွက်အားလုံးက တံခါးဖွင့် လက်ခံပေးဖို့ အသည်းအသန် လို အပ်ကြတယ်။

တရုတ်နဲ့ ပါကစ္စတန် မတူတဲ့အချက်က ပါကစ္စတန်ကို တံခါးဖွင့် ဈေးကွက်စီးပွားရေး အတင်းအကြပ် ကျင့်သုံး ခိုင်းလိုက်ခြင်းဟာ ထောင်ပေါင်းများစွာသော စက်မှုလုပ်ငန်းတွေကို ဖျက်စီးပစ်ရာ ရောက်တယ်။ ပါကစ္စတန်ရဲ့ ဖွံ့ဖြိုးမှု အတိုင်းအတာက သိပ်ကို နိမ့်ပါးလွန်းတယ်၊ ပြင်ပက ဝင်ရောက်လာတဲ့ ယှဉ်ပြိုင်မှုကို ရင်ဆိုင်အံတုနိုင် ခြင်း မရှိဘူး။ ဒါပေမယ့် တရုတ်က ပါကစ္စတန် မဟုတ်ဘူး၊ တရုတ်အစိုးရက အခုလို တွေးနေလိမ့်မယ် - “အခုချိန် မှာ ငါတို့က အင်အားတောင့်တင်းနေပြီ၊ ပြင်ပက ဝင်ရောက်လာမယ့် ယှဉ်ပြိုင်မှုကို ရင်ဆိုင်နိုင်လောက်တဲ့ ကုန် ထုတ်သတ္တိ ငါတို့မှာ ရှိနေပြီ။” ဒါပေမယ့် အမေရိကန်ဘက်က ဒီအနေအထားကို လက်တုံ့ပြန် ဆောင်ရွက်လာ တယ်၊ ဈေးပေါပေါ တရုတ် ကုန်စည်တွေ အမေရိကန် ဈေးကွက်ထဲ ထိုးဖောက်ဝင်ရောက်လာခြင်းကို တန်ပြန် ခုခံ ဖို့ ကာကွယ်ရေး အစီအမံတွေ ချမှတ်လာတယ်။

ညင်သာတဲ့ အကူးအပြောင်းလား

အခုဆို အရင်းရှင်စနစ်ဆီ ကူးပြောင်းသွားခဲ့မှန်း ရှင်းနေပြီ။ ဒါပေမယ့် ဘယ်လို ကူးပြောင်းသွားခဲ့သလဲ။ လက်နက် ကိုင် တန်ပြန် တော်လှန်ရေးလည်း မဖြစ်ခဲ့ဘူး၊ ဗျူရိုကရေစီရဲ့ ဂိုဏ်းအသီးသီးကြား ထိပ်တိုက် ပဋိပက္ခတွေလည်း ကြီးကြီးမားမား မရှိခဲ့ဘူး။ ပြုပြင်ရေးဝါဒ ရုပ်ရှင် နောက်ပြန်ရစ်ကြည့်တဲ့ အယူအဆကို ထရော့စကီး တခါသုံးပြဖူး တယ်။ တန်ပြန် တော်လှန်ရေးတခု ဖြစ်ပွားဖို့ဆိုရင် အကြမ်းဖက် ပဋိပက္ခ ပုံစံတမျိုးမျိုး ရှိလိမ့်မယ်လို့ သူရှင်းပြခဲ့ တယ်။ အဲဒီလို ဖြစ်လာမှ အရင်းရှင်စနစ်ဆီ နောက်ပြန်လှည့်သွားနိုင်မယ်။ အရင်းရှင်စနစ် ပြန်ဖြစ်လာအောင် “ပြု ပြင်ယူလို့” မရနိုင်ဘူးလို့ သူပြောနေတာ။

ဒီနေရာမှာ ထရော့စကီးဆီကနေ ကျနော်တို့ သင်ယူရမယ်။ ထရော့စကီး အရေးအသားတွေကနေ စာကြောင်းတွေ ကို သီးခြား ဆွဲထုတ် အနက်ကောက်လို့ မရဘူး၊ သူသုံးခဲ့တဲ့ နည်းလမ်းကို သင်ယူရမယ်။ ထရော့စကီး ကိုင်တွယ် နေတာက ၁၉၃၀ ပြည့်နှစ်များဆီက တော်လှန်ရေး အစဉ်အလာတွေ ရှင်သန်နေဆဲ ရပ်ရှား ဖြစ်တယ်။ ရပ်ရှား အ လုပ်သမား လူတန်းစားက တော်လှန်ရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်၊ အရင်းရှင်စနစ်ဆီ ပြန်လှည့် သွားရင် ဘယ်လို ဖြစ်မယ်ဆိုတာ သူတို့ ကောင်းကောင်း သိတယ်။ ဒီတော့ အရင်းရှင်စနစ်ကို ပြန်ပြီး အသက်သွင်း လာရင် အလုပ်သမား လူတန်းစားက မလွဲမသွေ ခုခံဆန့်ကျင်ကြလိမ့်မယ်။ ကမ္ဘာ့ အခြေအနေကလည်း ဆိုဗီယက် ပြည်ထောင်စုအတွင်း (ဒီကနေ့နဲ့ ကွဲပြားတဲ့) အင်အား ချိန်ခွင်လျှာကို ပြဌာန်းပေးခဲ့တယ်။ ဗျူရိုကရေစီ အလွှာကြီး တခုမှာ နိုင်ငံတော်ပိုင် စီမံကိန်းကို ထိန်းသိမ်းခြင်းကနေ ရလာမယ့် အကျိုးစီးပွားတွေ ရှိနေခဲ့တယ်။

ဆိုဗီယက် ပြည်ထောင်စုမှာ စတာလင်နစ်ဇင်က ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်ခဲ့တယ်၊ ထရော့စကီး ခန့်မှန်းခဲ့ တာထက် အများကြီး ပိုကြာခဲ့တယ်၊ နှစ်ပေါင်း (၇၀)ကျော် သက်ဆိုးရှည်ခဲ့တယ်။ အရေအတွက်သဘော ပြောင်း လဲမှုတွေကနေ အရည်အသွေးသဘော ပြောင်းလဲမှုတွေ ဖြစ်စေခဲ့တယ်။ ဒီနှစ်ပေါင်း (၇၀)ကျော် ကာလအတွင်း တော်လှန်ရေး အစဉ်အလာတွေကို အလုပ်သမားထုရဲ့ အသိစိတ်ထဲကနေ အမြစ်ပြတ် ဖယ်ရှားပစ်ခဲ့တယ်။ တော် လှန်ရေး ဖြတ်သန်းမှုရှိခဲ့တဲ့ မျိုးဆက်လည်း မရှိတော့ဘူး။ လူထုရဲ့ အထက်ကနေ ဂုတ်ခွစီးထားတဲ့ လောဘဇော နေသော ဗျူရိုကရေစီကိုသာ မျိုးဆက်သစ်တွေ မြင်တွေ့ခဲ့ရတယ်။ အဆင့်တိုင်းမှာ လေလွင့်ပျက်စီးမှု၊ အကျင့်ပျက် ခြစားမှုနဲ့ ရုပ်ပျက်ဆင်းပျက် စီမံခန့်ခွဲမှု အလွဲအမှားတွေကိုသာ သူတို့မြင်ခဲ့ရတယ်၊ နိဂုံးချုပ်ခါနီး လက်ကျန်အဖြစ် သူတို့ရင်ဆိုင်ခဲ့ရတာက ထိုးရပ်သွားတဲ့ စနစ်တခု။ တခါတလေမှာ အစိုးရတရပ် ပုပ်ပွပျက်စီးနေပြီဆိုရင် အုပ်စိုးသူ လူတန်းစား (သို့) အုပ်စိုးသူ အလွှာတခုဟာ အောက်ခြေကနေ ပေါက်ကွဲထွက်လာတဲ့ လှုပ်ရှားမှုရဲ့ မဆိုစလောက် ဖိအားလေးကိုတောင် ရင်မဆိုင်နိုင်တော့ဘူး။

အရင်းရှင်စနစ် ဖွံ့ဖြိုးနိုင်အောင် ရေခံမြေခံ တည်ဆောက်ပေးဖို့ ဘူဇွာ တော်လှန်ရေးတခု လိုအပ်တယ်ဆိုတဲ့ အယူ အဆက ၁၇၈၉ ပြင်သစ်မှာ (သို့) ၁၆၄၀ အင်္ဂလန်မှာ ဖြစ်ပွားခဲ့တဲ့ စံတော်ဝင် ဘူဇွာ တော်လှန်ရေး အတွေ့အကြုံ ကနေ လာခြင်းဖြစ်တယ်။ ပဒေသရာဇ်စနစ် ဝမ်းကြာတိုက်အတွင်းမှာ ဘူဇွာ လူတန်းစား ဖွံ့ဖြိုးလာခဲ့တယ်၊ ဓန ဥစ္စာတွေ စုဆောင်းမိလာတယ်၊ နောက်ဆုံးမှာ ပဒေသရာဇ်စနစ်ရဲ့ အကန့်အသတ်ဘောင်တွေကို ရိုက်ချိုးပစ်ခဲ့ရ တယ်။ တက်သစ်စ ဘူဇွာ လူတန်းစားက ကျန်အဖိနှိပ်ခံ လူထုကြီးကို ဦးဆောင်ပြီး မြေရှင် အုပ်စိုးသူ လူတန်းစား ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တယ်၊ မြေရှင် ပဒေသရာဇ်စနစ်ကို ဖြိုချခဲ့တယ်၊ မော်ဒန် အရင်းရှင်စနစ် ဖွံ့ဖြိုးလာစေဖို့ ရေခံမြေခံတွေ ဖန်တီးပေးခဲ့တယ်။ ဒါပေမယ့် အချက်အချာကျ တိုင်းပြည်ကြီးတွေ (ဗြိတိန်၊ ပြင်သစ်၊ အမေရိက) မှာ အရင်းရှင်စနစ် ဖွံ့ဖြိုးပြီးတာနဲ့ အဲဒီတိုင်းပြည်တွေမှာ အရင်းရှင်စနစ် ဖွံ့ဖြိုးလာခဲ့တဲ့ ပုံစံကို တခြား မဖွံ့ဖြိုး သေးတဲ့ တိုင်းပြည်တွေမှာ ထပ်ကျော့ဖို့ လက်တွေ့အားဖြင့် မဖြစ်နိုင်တော့ဘူး။ မာ့(က်စ်)က ဒီအချက်ကို ဂျာမနီ တော်လှန်ရေးမှာ မြင်တွေ့ခဲ့တယ်၊ ဂျာမန် ဘူဇွာတွေဟာ အာဏာ မရခင်ကတည်းက ဖောက်ပြန်သွားနိုင်တယ်လို့ အတိအလင်း ထုတ်ပြောခဲ့တယ်။

မင်ရှီဗစ်တွေက ဒီပြဿနာကို နားမလည်ခဲ့ဘူး။ တိုင်းပြည်အားလုံး တူညီသော အဆင့်တွေကို ဖြတ်သန်းသွားလိမ့် မယ်လို့ မျှော်လင့်ထားခဲ့တယ်။ ရပ်ရှားဟာ လယ်သမား အများစုရှိပြီး မြေရှင်ကြီးစနစ် ရှိနေသေးတဲ့ ခေတ်နောက် ကျ တိုင်းပြည်တခု ဖြစ်တယ်။ ဒါ့ကြောင့် ပြင်သစ်နဲ့ အင်္ဂလန်မှာ ဖြစ်ခဲ့တဲ့ ပုံစံမျိုး ရပ်ရှားမှာလည်း ဖြစ်ရမယ်လို့ ယန္တယားဆန်ဆန် ယူဆခဲ့ကြတယ်။ ဒါ့ကြောင့် မင်ရှီဗစ်တွေရဲ့ အမြင်မှာ ရပ်ရှား ကွန်မြူနစ်တွေရဲ့ အလုပ်က “တိုး တက်သော ဘူဇွာတွေ”ကို အထောက်အကူ ပြုရေး ဖြစ်တယ်။ “Permanent Revolution” စဉ်ဆက်မပြတ် တော် လှန်ရေး သီအိုရီထဲမှာ ထရော့စကီး ရှင်းပြခဲ့တာကို သူတို့ နားမလည်ခဲ့ဘူး။ အရင်းရှင် နယ်ချဲ့ခေတ်မှာ မဖွံ့ဖြိုး သေးတဲ့ တိုင်းပြည်တွေက ဘူဇွာ လူတန်းစားဟာ ပြင်သစ် (သို့) ဗြိတိန် (ဘူဇွာ တော်လှန်ရေးမှာ) ထမ်းဆောင်ခဲ့ သလိုမျိုး တိုးတက်တဲ့ အခန်းကဏ္ဍ မရှိတော့ဘူး။

ဒါ့ကြောင့် တခြား တိုင်းပြည်တွေမှာ လူထုကြီးကို ဘူဇွာ လူတန်းစားက ဦးဆောင် ဆင်နွှဲခဲ့သော စံတော်ဝင် ဘူဇွာ တော်လှန်ရေးကနေ အရင်းရှင်စနစ် ဖွံ့ဖြိုးလာခဲ့တာ မဟုတ်ဘူး။ ဥပမာ - ဂျပန် (သို့) ဂျာမနီမှာ အရင်းရှင်စနစ် ဖွံ့ဖြိုးလာတဲ့ ပုံစံက အဲလို မဟုတ်ဘူး။ ဒီကနေ့အချိန်မှာ အဲဒီ(၂)နိုင်ငံလုံး ကမ္ဘာ့ ထိပ်တိန်း အင်အားကြီး နိုင်ငံတွေ ဖြစ်နေပြီ။ ဂျပန်မှာ ပဒေသရာဇ် နိုင်ငံတော်ရဲ့ ဗျူရိုကရေစီက အမေရိကန် အရင်းရှင်စနစ် ဖိအားကြောင့် အရင်း ရှင် စနစ်ဆီ ဦးဆောင် ချီတက်ခဲ့ရတယ်၊ အဲဒီခေတ် ဘူဇွာ လူတန်းစားဟာ အင်မတန် အားနည်းချိနဲ့တယ်။ ဘာ့ ကြောင့် ဒီလို ဖြစ်ခဲ့သလဲ။ ကမ္ဘာ့ ဖွံ့ဖြိုးမှုတွေက ဖြစ်စဉ်အားလုံးကို လွှမ်းမိုး ခြယ်လှယ်နေလို့ပဲ။ အရင်းရှင်စနစ် ဖွံ့ဖြိုးလာအောင် လုပ်နိုင်မှ ဂျပန်ဟာ အင်အားကြီး နိုင်ငံတခုအဖြစ် အနာဂတ်မှာ ရပ်တည်နိုင်မယ်။ ဂျပန် ဘူဇွာ လူတန်းစားက အဲဒီသမိုင်းရေး တာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိခဲ့လို့ နောက်လူတန်းစား တရပ်က ဒီတာဝန်ကို ယူခဲ့ရခြင်း ဖြစ်တယ်။ ဂျာမနီမှာဆိုရင်လည်း အလားတူ ဖြစ်စဉ်ကို ကြီးကြပ်မောင်းနှင်ခဲ့တာ ခေတ်ဟောင်း ပဒေ သရာဇ် နိုင်ငံတော်ရဲ့ Junker (မြေပိုင်ရှင် မင်းမျိုးစိုးနွယ်)တွေ ဖြစ်တယ်။

ဒါပေမယ့် တော်လှန်ရေး မရှိခဲ့လို့ပဲ ခေတ်ဟောင်း ပဒေသရာဇ်စနစ် အကြွင်းအကျန်တွေ ဆက်ရှိနေခဲ့တယ်။ ဂျာမ နီမှာ အဲဒီပဋိပက္ခတွေကို သားလျှောသွားခဲ့သော ၁၉၁၈ ပစ္စည်းမဲ့ တော်လှန်ရေး ဆင်နွှဲပြီးမှပဲ အပြီးတိုင် ဖြေရှင်း နိုင်ခဲ့တယ်။ ၁၉၁၈ ပစ္စည်းမဲ့ တော်လှန်ရေးဟာ အရေးနိမ့်ခဲ့ပေမယ့် ဘူဇွာ တော်လှန်ရေးရဲ့ မပြီးဆုံးသေးသော တာဝန်တွေကို ပြီးမြောက်စေခဲ့တယ်။ ဂျပန်မှာ ဒီတာဝန်ကို ၁၉၄၅ နောက်ပိုင်း ကျူးကျော် သိမ်းပိုက်ခဲ့တဲ့ အမေရိ ကန် အင်အားစုတွေက ထမ်းဆောင်ခဲ့တယ်။ တရုတ်ပြည် တော်လှန်ရေး ဂျပန် လူထုဆီ ရိုက်ခတ်လာမှာ ကြောက် တဲ့ မက်(က်)အာသာက ဂျပန်မှာ မြေယာ တော်လှန်ရေးကို အတင်းအကြပ် ဖော်ဆောင်ခဲ့တယ်။

ဒီဖြစ်ရပ်တွေမှာ “ဘူဇွာ တော်လှန်ရေး” မရှိခဲ့ဘူး၊ စနစ်တခုကနေ နောက်စနစ်တခုဆီ “ညင်ညင်သာသာ” ကူး ပြောင်းသွားခဲ့တယ်။ သမိုင်းက မြူတေးရှင်း မျိုးကွဲအားလုံး၊ ပြောင်းလဲမှု ပုံစံအားလုံးကို နားလည်တယ်လို့ လီနင် မှတ်ချက် ပေးခဲ့ဖူးတယ်။ လက်တွေ့ ဘဝ ဖြစ်စဉ်တွေဟာ ပြဌာန်း စာအုပ်တွေထဲကအတိုင်း အသေးစိတ် တူနေမှာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်း ပြောင်းလဲမှု ဘယ်လိုပုံစံ ဖြစ်လာမယ်ဆိုပြီး အတိအကျ ပြဌာန်းထားတာမျိုး မရှိဘူး။ မာ့(က်စ်)ဝါဒီတွေ ဖြစ်တဲ့ ကျနော်တို့ဟာ ဒီအချက်ကို သိနားလည်ရမယ်။ ဒီလိုနားလည်မထားရင် တင်ကူး ဖော် ထုတ်ထားတဲ့ ယန္တယားဆန်ဆန် အယူအဆတွေနဲ့ စရွေးမကိုက်သော ဖြစ်ရပ်တွေ ကြုံလာတိုင်း ဗရမ်းဗတာ လွင့် စင်သွားလိမ့်မယ်။

ဒါ့ကြောင့် “ညင်သာတဲ့ အကူးအပြောင်း”အပေါ် ထရော့စကီး အမြင်ကို သူကိုင်တွယ်ခဲ့တဲ့ သမိုင်းနောက်ခံနဲ့ ဆက် စပ်ကြည့်ရမယ်။ ဗျူရိုကရေစီက အရင်းရှင်စနစ် ပြန်လည် အစားထိုးခြင်းနဲ့ ဘယ်လို လွယ်လွယ်ကူကူ ချိန်ညှိနိုင် သလဲ ဆိုတာကို ထိုးထွင်းသိမြင်နိုင်အောင် ထရော့စကီးက ဆန်းစစ်ပြခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စုမှာ ဘူဇွာ တန်ပြန် တော်လှန်ရေးတခု ဖြစ်လာခဲ့ရင် အုပ်စိုးသူ လူတန်းစား အသစ်ဟာ (ဗျူရိုကရေစီကို ဖြိုချပစ်ပြီး အလုပ် သမားထု ဒီမိုကရေစီနဲ့ အစားထိုးစေမယ့်) နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးတခုမှာလို နိုင်ငံတော် ယန္တယား အတွင်း ကနေ များများစားစား ရှင်းထုတ်ဖို့ မလိုဘူးလို့ သူရှင်းပြခဲ့တယ်။ ယဲ့ဆင် အာဏာရလာချိန်မှာ ဆိုဗီယက် ဗျူရိုက ရေစီလည်း အဲဒီအတိုင်း ဖြစ်ခဲ့တယ်၊ တရုတ် ဗျူရိုကရေစီလည်း မထူးပါဘူး။ “သစ္စာဖောက်ခံလိုက်ရသော တော် လှန်ရေး” ကျမ်းထဲမှာ ထရော့စကီး ရေးခဲ့တဲ့ စာသားအတိအကျက ဒီလို -

(ဒုတိယမြောက် အနုမာနတခု ကြံဆကြည့်မယ်) ဘူဇွာပါတီ တခုခုက ဆိုဗီယက် အုပ်စိုးသူ အလွှာကို ဖြိုချပစ် မယ်ဆိုရင် လက်ရှိ ဗျူရိုကရက်တွေ၊ အုပ်ချုပ်ရေးသမားတွေ၊ တတ်သိပညာရှင်တွေ၊ ဒါရိုက်တာတွေ၊ ပါတီ အတွင်း ရေးမှူးတွေနဲ့ ယေဘုဘျအားဖြင့် အခွင့်ထူးခံ လူကုန်ထံ အသိုင်းအဝိုင်းကြားမှာ တန်ပြန် တော်လှန်ရေးကို ဦးရွက် မယ့်သူတွေ မနည်းမနော အဆင်သင့် တွေ့ရလိမ့်မယ်။ ဒီလို တန်ပြန် ဘူဇွာ တော်လှန်ရေး ဖြစ်လာရင်လည်း နိုင်ငံ တော် ယန္တယားထဲကနေ ဖယ်ထုတ်ရှင်းလင်းမှု လုပ်ဖို့ လိုအပ်နေဦးမှာပဲ။ ဒါပေမယ့် ဘူဇွာ လူတန်းစား တကျော့ ပြန် ကြီးစိုးမှုဟာ တော်လှန်ရေး ပါတီတရပ် ဦးဆောင်ဆင်နွှဲမယ့် နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးလောက် များများ စားစား ဖယ်ထုတ်ရှင်းလင်းစရာ မလိုဘူး။ တန်ပြန် တော်လှန်ရေးကနေ အာဏာရလာမယ့် အုပ်စိုးသူ အသစ်ရဲ့ အ ဓိက တာဝန်က ကုန်ထုတ် ပစ္စည်း ပုဂ္ဂလိက ပိုင်ဆိုင်မှု ပြန်လည် အစားထိုးရေးပဲ။ ကနဦးအနေနဲ့ အားချိနေတဲ့ ဘုံ လယ်ယာတွေကနေ ဓနအင်အားကောင်းသော လယ်သမားတွေ ဖွံ့ဖြိုးလာနိုင်အောင် ရေခံမြေခံ ဖန်တီးပေးဖို့ လို အပ်လိမ့်မယ်။ အားကောင်းနေဆဲ ဘုံလယ်ယာ လုပ်ငန်းတွေကို ဘူဇွာပုံစံ သမဝါယမတွေအဖြစ် ပြောင်းလဲ၊ ဒီက နေ လယ်ယာစိုက်ပျိုးရေး စတော့(ခ်) ကုမ္ပဏီတွေအဖြစ် ကူးပြောင်းနိုင်စေမယ့် ရေခံမြေခံတွေ ဖန်တီးပေးဖို့ လို အပ်လိမ့်မယ်။ စက်မှုလုပ်ငန်း နယ်ပယ်မှာ အသေးစား စက်ရုံတွေနဲ့ အစားအသောက် ထုတ်လုပ်ရေး စက်ရုံတွေ ကို နိုင်ငံတော်ပိုင် အဖြစ်ကနေ ဗွေဆော်ဦး စွန့်လွှတ်လိမ့်မယ်။ အကူးအပြောင်း ကာလမှာ စီမံကိန်း ချမှတ်ခြင်း မူ ကို နိုင်ငံတော် အာဏာနဲ့ “ကော်ပရေးရှင်း” ပိုင်ရှင် ဖြစ်လာနိုင်သူတွေကြား အပေးအယူ စီးရီးတခုအဖြစ် ပြောင်း လဲပစ်လိမ့်မယ်။ (ကော်ပရေးရှင်း ပိုင်ရှင် ဖြစ်လာနိုင်သူတွေက ဆိုဗီယက် စက်မှုလုပ်ငန်းတွေရဲ့ ကပ္ပတိန်တွေ၊ ပြည်ပမှာ ခိုလှုံနေရတဲ့ ပိုင်ရှင်ဟောင်းတွေနဲ့ ပြည်ပ အရင်းရှင်တွေထဲမှာ ရှိတယ်)။ ဆိုဗီယက် ဗျူရိုကရေစီက ဘူ ဇွာ လူမှုစနစ် ပြန်လည် အသက်သွင်းခြင်းဆီ ဦးတည်ပြီး အတော်လေး ခရီးပေါက်တဲ့အထိ သွားထားခဲ့ပေမယ့် လည်း အစိုးရ အသစ်ဟာ ပိုင်ဆိုင်မှု ပုံစံတွေနဲ့ ကုန်ထုတ် စနစ်ပိုင်းမှာ ပြုပြင်ရေးလောက်ပဲ လုပ်လို့မရဘူး၊ လူမှု တော်လှန်ရေးတရပ် ဆင်နွှဲရမှာ။”

ဆိုဗီယက် ပြည်ထောင်စုရဲ့ လူမှုစီးပွား အခြေခံက အလုပ်သမား နိုင်ငံတော်တခုရဲ့ အခြေခံ ဖြစ်ပါတယ်၊ ကုန်ထုတ် စီးပွားဘဝကို နိုင်ငံတော်က ပိုင်တယ်၊ ဗဟိုဦးစီးမှု ရှိတဲ့ စီမံကိန်း စီးပွားရေးစနစ် ဖြစ်တယ်၊ ဒါပေမယ့်လည်း ဘူဇွာ စနစ်ကို ကူးပြောင်းသွားခဲ့ရင် နိုင်ငံတော် ယန္တယားထဲကနေ လူတွေအများကြီး ထုတ်ပစ်စရာ မလိုဘူး။ အကြောင်း က သူတို့ဟာ အခွင့်ထူးခံ အစိတ်အပိုင်းတွေ ဖြစ်နေပြီးသားမို့ပဲ၊ အလုပ်သမား နိုင်ငံတော်ရဲ့ အခွင့်ထူးခံ ဗျူရိုက ရက်တွေဟာ အရင်းရှင်စနစ်ရဲ့ အခွင့်ထူးခံ အစေအပါးတွေအဖြစ် သူတို့ကိုယ်တိုင် ပြောင်းလဲသွားမှာမို့ပဲ။ ဒါနဲ့ဆန့် ကျင်ဘက်၊ နိုင်ငံရေးဆိုင်ရာ တော်လှန်ရေးတရပ် ဆင်နွှဲခဲ့ရင် အဲဒီဗျူရိုကရက်တွေကို အလုပ်သမား တယောက်ရဲ့ လုပ်ခလစာအတိုင်း ပေးရမယ်၊ သူတို့စံစားနေရတဲ့ အခွင့်ထူးတွေ ဖယ်ရှားပစ်ရမယ်။ ဒါ့ကြောင့် ပဋိပက္ခ ကြီးကြီး ဖြစ်လာမယ်။ ဒီကနေ့ ရပ်ရှားရဲ့ အခြေအနေက ထရော့စကီး မှန်ကြောင်း သက်သေထူနေတယ်။

ဆိုဗီယက် ပြည်ထောင်စုအပေါ် ထရော့စကီးရဲ့ ဆန်းစစ် သုံးသပ်ချက်ဟာ တရုတ်ပြည်အတွင်းက ဒီကနေ့ အခြေ အနေကို ကျနော်တို့ နားလည်နိုင်အောင် ကူညီပေးတယ်။ တရုတ်ပြည်မှာလည်း အခွင့်ထူးခံ အလွှာတခုကို တွေ့ရ မယ်၊ ထရော့စကီး ထောက်ပြခဲ့သလိုပဲ အခွင့်ထူးခံ ဗျူရိုကရက်အလွှာက အဆင့်တခု ရောက်တဲ့အခါ ကုန်ထုတ် ပစ္စည်းတွေရဲ့ ပိုင်ရှင်တွေ ဖြစ်ချင်လာတယ်၊ ဒီလို ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ် ပြောင်းလဲနိုင်မှ သူတို့လက်ရှိ စံစားနေ ရတဲ့ အခွင့်ထူးတွေ အာမခံချက် ရှိနိုင်မယ်။ (ဒီကနေ့ ကာလဆိုတာ ၂၀၀၆ မတိုင်ခင် ကာလကို ရည်ညွှန်းတာ)။

တရုတ် ဗျူရိုကရေစီကို ဒီလမ်းကြောင်းအတိုင်း တွန်းပို့ခဲ့တဲ့ အကြောင်းအချက်တွေ အများကြီး ရှိပါတယ်။ အရင်း ရှင် အနောက် ကမ္ဘာမှာ ဒုတိယ ကမ္ဘာစစ်အလွန် စီးပွားရေး အတက်ကာလကို ဖြတ်သန်းခဲ့ရတယ်၊ ကုန်ထုတ် အင် အားစုတွေ တဟုန်ထိုး တိုးတက်လာခဲ့တယ်။ ဒီနောက် အရှေ့ဥရောပနဲ့ ဆိုဗီယက် ပြည်ထောင်စုမှာ စတာလင်နစ် အစိုးရတွေ အကြပ်ဆိုက်ခဲ့တယ်။ ၁၉၇၀ ခုနှစ်များ အစောပိုင်းကာလမှာ မာ့(က်စ်)ဝါဒီ အင်အားစုက ဒီအခြေအ နေကို မှတ်ချက်ပြုခဲ့တယ်။ တရုတ် ဗျူရိုကရက်တွေလည်း ဒီအခြေအနေကို မှတ်သားခဲ့တယ်။ ဆိုဗီယက် ပြည် ထောင်စုမှာ ဖွံ့ဖြိုးမှုနှုန်းက ၃% အထိ ကျလာတယ်၊ ၂% ကနေ သုညအထိ ထိုးကျသွားခဲ့တယ်။ စနစ်က လုံးဝတုံ့ ဆိုင်းသွားပြီ။ အဆုံးမှာတော့ အရှေ့ ဥရောပ ပြိုကျသွားခဲ့တယ်။ နောက်(၂)နှစ်အကြာမှာ ဆိုဗီယက် ပြည်ထောင် စု လည်း ပြိုကျသွားခဲ့တယ်။ ဆိုဗီယက် ပြည်ထောင်စုက သူပိုင် နယ်နိမိတ် အများကြီး ဆုံးရှုံးခဲ့ရတယ်။

ဒါတွေဟာ တရုတ် ဗျူရိုကရက်တွေရဲ့ တွေးခေါ်စဉ်းစားပုံကို ပြဌာန်းပေးရာမှာ အင်မတန် စွမ်းအားကြီးတဲ့ အ ကြောင်းအချက်တွေပဲ။ စီးပွားရေး အားကောင်းလာအောင် (ဘော်ရှီဗစ်တွေ ပြည်တွင်းစစ်ကာလမှာ ကျင့်သုံးခဲ့တဲ့ စီးပွားရေး ပေါ်လစီအသစ်) NEP တရုတ် ဗားရှင်းနဲ့ စတင်ခဲ့တယ်။ ကမ္ဘာ့ ဖြစ်စဉ်တွေကို တရုတ် ဗျူရိုကရက်တွေ အကဲခတ်နေခဲ့တယ်၊ ကမ္ဘာ့ အခင်းအကျင်း တစုံလုံးက သူတို့ကို အရင်းရှင်စနစ် ပြန်အစားထိုးမယ့် လမ်းကြောင်း အတိုင်း တွန်းပို့ပေးခဲ့တယ်။ သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဆိုဗီယက် ပြည်ထောင်စုမှာ ထိန်းမနိုင် သိမ်းမရ ဗရမ်းဗတာဖြစ်ပြီး ပျက်စီးသွားခဲ့တာကို တရုတ် ဗျူရိုကရက်တွေ မြင်ခဲ့ရတယ်။ “တရုတ်ပြည်မှာတော့ ဒါမျိုး အဖြစ်မခံနိုင်ဘူး၊ ဈေးကွက် စီးပွားရေးကို ငါတို့ ကျင့်သုံးရမယ် ဒါပေမယ့် ဒီလို ပြောင်းလဲတဲ့ ဖြစ်စဉ်ကို ငါတို့ကိုယ် တိုင် ထိန်းကွပ်သွားရမယ်” လို့ တရုတ် ဗျူရိုကရေစီ စဉ်းစားခဲ့လိမ့်မယ်။ ဒါ့ကြောင့် အရင်းရှင်စနစ် ပြန်အသက် သွင်းခြင်းကို ဖြည်းဖြည်းချင်း လုပ်ခဲ့တယ်၊ တဆင့်ချင်း သွားခဲ့တယ်၊ ဒါပေမယ့် သူတို့ ဒီလမ်းကို လျှောက်မိတာနဲ့ အရင်းရှင်စနစ်ဆီ ချီတက်တဲ့ ဖြစ်စဉ်ဟာ သူ့ကိုယ်ပိုင် လော့ဂျစ်နဲ့ မောင်းနှင်သွားတယ်၊ အဆုံးမတော့ ဒီကနေ့ အခြေအနေ ရောက်သွားတာပဲ။

ဒီကနေ့ (၂၀၀၆ ဝန်းကျင်) တရုတ်ပြည်မှာ အင်မတန် ပါဝါကြီးတဲ့ ဘူဇွာ အကျိုးစီးပွားတွေ ရှိနေပြီ။ ကြီးထွားစ ဘူဇွာ လူတန်းစားက သူတို့ လူတန်းစား အကျိုးစီးပွား ကာကွယ်ဖို့ရာ တရုတ် ကွန်မြူနစ် ပါတီကို အသုံးပြုနေပြီ။ ဒီအခြေအနေမှာ ဗျူရိုကရေစီက နောက်ပြန်လှည့်လို့ ရနိုင်ပါ့မလား။ အရင်းရှင်စနစ်ဆီ ချီတက်တဲ့ ဖြစ်စဉ်က ပဋိ ပက္ခ ပြင်းပြင်းထန်ထန် မဖြစ်ဘဲ နောက်ပြန်လှည့်လို့ မရတဲ့ အဆင့်ရောက်သွားပြီ။ တရုတ် ဗျူရိုကရေစီ ဂိုဏ်း တခုခုက ဒီဖြစ်စဉ်ကို ပြန်ခေါက်ချင်ရင် အရင်းရှင်စနစ် လိုလားတဲ့ ဗျူရိုကရေစီ ဂိုဏ်းနဲ့ အကြီးအကျယ် ထိပ်တိုက် ရင်ဆိုင်ရမယ်။ ဗျူရိုကရေစီ ထိန်းချုပ်ထားတဲ့ စီမံကိန်း စီးပွားရေး ပုံစံတမျိုးမျိုးကို “ညင်ညင်သာသာ ကူးပြောင်း” လို့ မရနိုင်တော့ဘူး။ ဒီလို ပြန်လှည့်ချင်တဲ့ ဂိုဏ်းတခုရှိတယ်လို့ ယူဆနိုင်တဲ့ အထောက်အထား မရှိပါဘူး၊ ဆိုတော့ ဒါဟာ အနုမာန အမြင်တခုပဲ ဖြစ်ပါတယ်။

တရုတ်ပြည်မှာ အရေးကြီး အစိတ်အပိုင်းက အလုပ်သမား လူတန်းစားရဲ့ အရွယ်အစားနဲ့ အတွေ့အကြုံပဲ။ အရင်း ရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု မှန်သမျှဟာ ဒီအလုပ်သမား လူတန်းစားကို လှုံ့ဆော် စည်းရုံးကြရမယ်၊ စတာ လင်နစ်ဇင်ဆီ ပြန်ခေါက်သွားမယ့် လှုပ်ရှားမှုဆိုရင် တရုတ် အလုပ်သမားထု လက်ခံမှာ မဟုတ်ဘူး။ တရုတ် အ လုပ်သမား လူတန်းစားဟာ စစ်မှန်သော ဆိုရှယ်လစ်စနစ်၊ စစ်မှန်သော အလုပ်သမား လူတန်းစား အာဏာဆီ ချီ တက်သွားလိမ့်မယ်။

အဲဒီလို ဖြစ်လာရင် ပါတီရဲ့ အစိတ်အပိုင်းတခုကို မလွဲမသွေ သက်ရောက်မှု ရှိလာလိမ့်မယ်။ တရုတ် စာနယ်ဇင်း တွေမှာ ပေါ်ပေါ်လာတဲ့ ဆောင်းပါးတွေ၊ ပေးစာတွေကို လေ့လာကြည့်ရင် တရုတ် ကွန်မြူနစ် ပါတီထဲမှာ ၁၉၄၉ တော်လှန်ရေး စံနှုန်းတွေကို ယုံကြည်တဲ့သူတွေ အခုထိ ရှိနေပုံရတယ်၊ အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး လှုပ်ရှားမှုဖြစ်လာရင် အဲဒီလူတွေကို သွားရိုက်ခတ်လိမ့်မယ်၊ အရင်းရှင်စနစ် လိုလားတဲ့ ဗျူရိုကရေစီဂိုဏ်းနဲ့ အဲဒီ လူတွေနဲ့ ပဋိပက္ခ ဖြစ်လာလိမ့်မယ်။ အလွှာအသီးသီးကြား ကွဲအက်မှု ဖြစ်လာမယ်၊ ထိပ်ပိုင်း ဗျူရိုကရက်တွေက အရင်းရှင် ဆက်ဆံရေး အသစ်ကို ကာကွယ်ပြီး အောက်ခြေ အလွှာတချို့က အလုပ်သမား လူတန်းစား လှုပ်ရှားမှု နောက် လိုက်ပါသွားလိမ့်မယ်။

ရပ်ရှား ဗျူရိုကရေစီအတွင်းမှာ “Reiss” ဂိုဏ်းတခု ရှိနေတယ်လို့ ထရော့စကီး ပြောခဲ့ဖူးတယ်၊ သဘောက အောက်တိုဘာ တော်လှန်ရေးရဲ့ စံနှုန်းတွေဆီ စစ်မှန်သော ဘော်ရှီဗစ်ဇင်ဆီ ပြန်သွားလိုတဲ့ ဂိုဏ်းတခု ရှိနေတယ်။ ၁၉၃၀ ခုနှစ်တွေမှာ အဲဒီလို အင်အားစုတခု အမှန်တကယ် ရှိနေခဲ့တယ်။ တော်လှန်ရေး ဖြစ်ခဲ့တာ သိပ်မကြာသေး ဘူး၊ တော်လှန်ရေး မဖြစ်ခင်ကတည်းက ပါတီအဖွဲ့ဝင် ဖြစ်လာသူ အတော်များများအဖို့ စတာလင်ဝါဒ နဲ့ စစ်မှန် သော ဘော်ရှီဗစ်ဇင်ကြား ခြားနားချက်တွေကို မြင်နိုင်သေးတယ်။

ဒါပေမယ့် ဆိုဗီယက် ပြည်ထောင်စုက စတာလင်နစ်(စ်) အုပ်ချုပ်ရေးစနစ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ အသက် ရှည်ခဲ့တယ်။ အောက်တိုဘာ တော်လှန်ရေး စံနှုန်းတွေနဲ့ အချိတ်အဆက်မှန်သမျှကို တတိတိနဲ့ စတာလင် ဖျက်စီး ပစ်ခဲ့တယ်။ ဒီလို ဖျက်စီးပစ်ခဲ့ပေမယ့်လည်း ၁၉၉၁ ဆိုဗီယက် ပြည်ထောင်စု ပြိုကျချိန်မှာ စစ်မှန်သော လီနင်ဝါဒ သဘောတရားတွေကို ရှာဖွေခဲ့တဲ့ ဂိုဏ်းတခု (အရေအတွက် အင်မတန် နည်းပေမယ့်) ရှိခဲ့တယ်။

တရုတ်မှာကျ အခြေအနေက မတူဘူး။ ထရော့စကီး ရည်ညွှန်းခဲ့တဲ့ “Reiss” ဂိုဏ်း မရှိဘူး။ ၁၉၄၉ တော်လှန်ရေး ကို လီနင့် အယူအဆတွေပေါ် အခြေခံမထားဘူး။ တရုတ် ကွန်မြူနစ်ပါတီဟာ အာဏာမရခင် နှစ်ပေါင်းများစွာ ကတည်းက စတာလင်နစ်(စ်) အဖွဲ့အစည်းတခုအဖြစ် ပြောင်းသွားခဲ့ပြီ။ ဒါ့ကြောင့် ၁၉၄၉ မတိုင်ခင်ကတည်းက ပါတီဝင်ဖြစ်လာခဲ့သူတွေတောင် စတာလင်နစ်ဇင်ကိုပဲ လမ်းညွှန်အဖြစ် သဘောထားကြတယ်။

“လှိုက်စားပျက်စီးသွားသော အလုပ်သမား နိုင်ငံတော်” (degenerated workers' state) နဲ့ “ပုံပျက်ယိုယွင်းနေ သော အလုပ်သမား နိုင်ငံတော်” (deformed workers' state) ကြားက ခြားနားချက်ကို နားလည်ဖို့ လိုတယ်။ သမိုင်းတလျှောက် “လှိုက်စားပျက်စီးသွားသော အလုပ်သမား နိုင်ငံတော်” (degenerated workers' state) ဆိုလို့ တခုတည်း ရှိသေးတယ်၊ အဲဒါ ဆိုဗီယက် ပြည်ထောင်စုပဲ။ ဆိုဗီယက် ယူနီယံက ကနဦးမှာ နှိုင်းရသဘော ကျန်းမာ ကြံ့ခိုင်တဲ့ အလုပ်သမား နိုင်ငံတော်တခု ဖြစ်ခဲ့တယ်၊ နောက်ပိုင်းမှာ တော်လှန်ရေး ထီးတည်းဖြစ်ခဲ့လို့ အာဏာကို မောင်ပိုင်စီးထားတဲ့ ဗျူရိုကရေစီ ထွက်ပေါ်လာပြီး အလုပ်သမား နိုင်ငံတော် လှိုက်စား ပျက်စီးသွားခဲ့ရတယ် (degeneration)။ ဒီဖြစ်စဉ် အပြီးသတ် အောင်ပွဲခံနိုင်အောင် စတာလင်နစ်(စ်) ဗျူရိုကရေစီက စစ်မှန်သော ကွန်မြူနစ် ထောင်ပေါင်းများစွာကို သတ်ဖြတ်ရှင်းလင်းခဲ့ရတယ်၊ ဘော်ရှီဗစ်တွေ တည်ထောင်ဖို့ တိုက်ပွဲဝင်ခဲ့တဲ့ အရာနဲ့ ခေတ်နောက်ကျ တိုင်းပြည်တခုမှာ တော်လှန်ရေး ထီးတည်းဖြစ်ရာက ထွက်ပေါ်လာတဲ့ ရုပ်ပျက်ဆင်း ပျက် ဗျူရိုကရေစီ အာဏာရှင် နိုင်ငံတော်ကြားက ကွာခြားချက်ကို ကွန်မြူနစ်စစ်စစ်တွေ ကောင်းကောင်း နား လည်ကြတယ်။ (ဒါ့ကြောင့် သူတို့ကို သတ်ဖြတ်ရှင်းလင်းပြီးမှ စတာလင် ဗျူရိုကရေစီ အာဏာရလာခြင်း ဖြစ် တယ်)။

တရုတ်ပြည်မှာ နိုင်ငံတော်က ဘယ်တုန်းကမှ ကျန်းမာကြံ့ခိုင်တဲ့ အလုပ်သမား နိုင်ငံတော် မဖြစ်ခဲ့ဖူးဘူး။ ဘယ် တုန်းကမှ စစ်မှန်သော အလုပ်သမား ဒီမိုကရေစီ၊ အလုပ်သမား အာဏာ မရှိခဲ့ဖူးဘူး။ ကွန်မြူနစ်ပါတီ အာဏာရ တဲ့နေ့ကတည်းက “ပုံပျက် ယိုယွင်းနေသော အလုပ်သမား နိုင်ငံတော်” (deformed workers' state) တခုအနေနဲ့ စတင်ခဲ့တယ်။ တကယ်တမ်းကျ ကွန်မြူနစ်ပါတီဟာ ခေတ်ဟောင်း မန်ဒရင်း နိုင်ငံတော် ယန္တယားကို အမွေဆက် ခံခဲ့တယ်။ ဆိုဗီယက် ရပ်ရှားရဲ့ အစောပိုင်း နေ့ရက်တွေကတည်းက လီနင် ထောက်ပြခဲ့ဖူးတယ် - အလုပ်သမား နိုင်ငံတော်ရဲ့ မျက်နှာပြင်ကို ခွာကြည့်လိုက်မယ်ဆိုရင် ခေတ်ဟောင်း ဇာဘုရင် နိုင်ငံတော် ယန္တယားကို တွေ့ရလိမ့် မယ်၊ အထူးသဖြင့် ခေတ်နောက်ကျ တိုင်းပြည်တခုမှာ နိုင်ငံတော် အသစ်က အရာရှိဟောင်းကြီးတွေကို အတော် များများ ပြန်သုံးကြရတယ်။ ဒါပေမယ့် လီနင်ခေတ်မှာ အလုပ်သမားတွေက သူတို့ အာဏာ ယန္တယားဖြစ်တဲ့ ဆိုဗီ ယက်တွေကနေ အဲဒီအရာရှိကြီး အလွှာရဲ့ ကွန်ဆာ့ဗတစ် တိမ်းညွှတ်မှုတွေကို နှိပ်ကွပ်နိုင်သေးတယ်။ ဒါပေမယ့် တရုတ်မှာတော့ ဒီလို အလုပ်သမား ဒီမိုကရေစီ/ အလုပ်သမား လူတန်းစား အာဏာ မရှိခဲ့ဘူး။

သို့သော်လည်း တရုတ်ပြည်မှာ အရင်းရှင်စနစ်ဆီ ပြောင်းလဲခြင်းကို ရန်လိုဆန့်ကျင်တဲ့ အစိတ်အပိုင်းတွေ ပါတီ အတွင်းမှာ ရှိနေမယ်။ (ဒီလို ဆန့်ကျင်တဲ့ အစိတ်အပိုင်းတွေဟာ စစ်မှန်သော ဘော်ရှီဗစ်ဇင်၊ ဆိုရှယ်လစ်စနစ်ကို ရှင်းရှင်းလင်းလင်း နားမလည်ဘဲ ပုံပျက်ပန်းပျက် ပုံစံ နားလည်ခဲ့ရင်တောင် ရှိတော့ ရှိနေမယ်)။ အလုပ်သမားတွေ အခွင့်အရေးအားလုံး ဆုံးရှုံးသွားတာ သူတို့ မြင်ခဲ့ရတယ်။ ၁၉၄၉ တော်လှန်ရေး အောင်သီးအောင်ပွင့်တွေ ခြွေချခံ ခဲ့ရတာ သူတို့ မြင်ခဲ့ရတယ်။ သူတို့အမြင် အခုထက်ပိုပြီး “တန်းတူညီမျှ”တဲ့ မော် အုပ်စိုးသော တရုတ်ပြည်ကို သူတို့ ပြန်တမ်းတကြတယ်။ ဒါပေမယ့် အင်မတန် ထုထည်ကြီးမားတဲ့ ပစ္စည်းမဲ့ လူတန်းစား ဖွံ့ဖြိုးလာတဲ့ လက်ရှိ အနေအထားမှာ လယ်သမားထု အခြေခံထားတဲ့ ခေတ်ဟောင်း မော်ဝါဒက ဒီကနေ့အလုပ်သမားထုအဖို့ အဓိပ္ပါယ် ရှိမှာ မဟုတ်ဘူး။ ဒီကနေ့ တရုတ်ပြည်မှာ ပစ္စည်းမဲ့ လူတန်းစားက အဓိက အင်အားစုကြီး ဖြစ်လာပြီ၊ ဒါ့ကြောင့် “မော်ခေတ် ပြန်သွားရေး”ကို လွတ်မြောက်ရာ လမ်းအဖြစ် ရှာဖွေလာတဲ့ မြို့ပြ အလုပ်သမားတွေဟာ သူတို့ကိုယ် တိုင် အလုပ်သမားထု အာဏာ ပြဿနာကို ဆွဲတင်မိရက်သား ဖြစ်နေလိမ့်မယ်။ ဒီလို ဖြစ်လာရင် ပါတီကို အကြီး အကျယ် ရိုက်ခတ်လာမယ်၊ အဲဒီအခါ ပါတီလည်း လူတန်းစားအလိုက် မလွဲမသွေ ကွဲထွက်သွားလိမ့်မယ်။

ဒါပေမယ့် ဗျူရိုကရေစီ ထိပ်ပိုင်း အလွှာတွေကြားမှာတော့ နိုင်ငံတော်ပိုင် ဗဟိုဦးစီးချုပ်ကိုင်သော စီမံကိန်း စီးပွား ရေးစနစ်ဆီ ပြန်သွားလိုတဲ့ ဂိုဏ်း မရှိပါဘူး။ ဗျူရိုကရေစီ ရှုထောင့်ကနေ ကြည့်ရင် အရင်းရှင်စနစ်က “အလုပ်ဖြစ် နေတယ်”။ ဒီစနစ်က ကောင်းကောင်း လုပ်နေတာပဲ မဟုတ်လား။ ဗျူရိုကရေစီက သူတို့စံစားနေရတဲ့ အခွင့်ထူး တွေကို သူတို့သားမြေးတွေဆီ လက်ဆင့်ကမ်းပေးလိုတဲ့ အကြောင်း ထရော့စကီး ပြောခဲ့တယ်။ ဒီကနေ့အချိန်မှာ ဗျူရိုကရက်တွေရဲ့ သားသမီး တော်တော်များများ ကုန်ထုတ်ပစ္စည်း ပိုင်ရှင်တွေ ဖြစ်နေကြပြီ။ ဒီအလွှာထဲမှာ နိုင်ငံ တော်ပိုင် စီမံကိန်း စီးပွားရေးစနစ်ဆီ ပြန်သွားလိုသူ မရှိဘူး။ သူတို့အဖို့ ဒီလို ပြန်သွားချင်ရအောင်လည်း ရုပ် အခြေခံ မရှိဘူး။ ဒီလို ပြန်သွားဖို့ ကြိုးစားလာရင် သူတို့ ဆန့်ကျင်ကြလိမ့်မယ်။ သူတို့ လူတန်းစားကို နိုင်ငံတော် က ကာကွယ်ပေးထားလိမ့်မယ်။

နိုင်ငံတော်ပိုင် စီမံကိန်း စီးပွားရေးစနစ်ကို ဖြိုဖျက်လိုက်ခြင်းဟာ နောက်ပြန်ခေါက်သွားသော အင်မတန် ကြီးမား တဲ့ ဖောက်ပြန်ရေး ခြေလှမ်းတခုဖြစ်တယ်၊ ဒါကို မာ့(က်စ်)ဝါဒီတွေ ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ ဒါ ပေမယ့် ဒီဖြစ်စဉ်အတွင်းမှာ တိုးတက်တဲ့ အစိတ်အပိုင်းတရပ် ရှိနေတယ် - ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပစ္စည်းမဲ့ လူတန်းစားကို ဖန်တီးပေးခဲ့တယ်။ တရုတ်ပြည်မှာ အရင်းရှင်စနစ် ဖွံ့ဖြိုးလာခြင်းနဲ့အတူ လူတန်းစား ပဋိပက္ခတွေ ကြီးထွားလာတယ်၊ တရုတ် လူ့အဖွဲ့အစည်းအတွင်း တော်လှန်အုံကြွမှု အသစ်ဖြစ်ပေါ်လာစေမယ့် ရေခံမြေခံတွေ ပြင်ပေးထားတယ်။ အင်မတန် ထုထည်ကြီးမားတဲ့ တရုတ် ပစ္စည်းမဲ့ လူတန်းစားသာ အုံကြွလာရင် တကမ္ဘာလုံးကို ကိုင်လှုပ်ပစ်လိမ့်မယ်။

ဒီကနေ့ တရုတ်ပြည်ဟာ ကမ္ဘာ့ အင်အားအကြီးဆုံး နံပါတ်(၄)

နောက်ဆုံး ရရှိထားတဲ့ ကိန်းဂဏန်းတွေအရ တရုတ်ပြည်ဟာ အမေရိကန်၊ ဂျပန် နဲ့ ဂျာမနီပြီးရင် ကမ္ဘာ့ စီးပွား ရေး ပါဝါနံပါတ်(၄) ဖြစ်လာတယ်။ အမေရိကန် နဲ့ ဂျပန်ပြီးရင် ကမ္ဘာပေါ်မှာ ကုန်စည် ထုတ်လှုပ်မှု တတိယ အများ ဆုံး ဖြစ်လာတယ်။ ကမ္ဘာမှာ အသုံးပြုနေတဲ့ ကွန်ကရစ် ထက်ဝက်လောက်ကို တရုတ်ပြည်က ၂၀၀၄ မှာ သုံးစွဲခဲ့ တယ်။ တရုတ်ပြည်ဟာ စစ်ရေးအရသာမက စီးပွားရေးအရပါ အင်အားကြီး နိုင်ငံတခု ဖြစ်လာပြီ။

အစပိုင်းမှာ ပြည်ပ အရင်းရှင်တွေရဲ့ တွက်ကိန်းက တရုတ်ပြည်ကို တံခါးရိုက်ဖွင့်မယ်၊ ပြီးရင် ကုန်စည်တွေနဲ့ လွှမ်း ပစ်လိုက်မယ်။ ဒါပေမယ့် တရုတ်ပြည်က အရင်းရှင် နယ်ချဲ့သမားတွေ မျှော်လင့်ထားတာနဲ့ တခြားစီ ဖွံ့ဖြိုးလာခဲ့ တယ်။ အခုဆိုရင် တရုတ်ပြည်က အင်အားကြီး ရောင်းကုန် တင်ပို့သူ ဖြစ်နေပြီ။ တရုတ်က အမေရိကန်ကို စံချိန် တင် ယူအက်(စ်)ဒေါ်လာ ၂၀၅ ဘီလျံ တင်ပို့ခဲ့တယ်၊ တရုတ်နဲ့ယှဉ်ရင် အမေရိကန်ဘက်က ရောင်းကုန် တင်ပို့မှု ချို့ငဲ့လာတယ်။ တရုတ်က အလွန်အကျွံ တင်ပို့နေတယ်လို့ သူတို့ ညည်းလာပြီ၊ တရုတ်က ဥရောပကို တင်ပို့တယ်၊ အမေရိကကို တင်ပို့တယ်၊ တကမ္ဘာလုံးကို တင်ပို့နေတယ်။ တရုတ်ပြည်ကနေ စီးဝင်လာမယ့် ရောင်းကုန်တွေကို ကန့်သတ်ချုပ်ခြယ်ဖို့ ကုန်သွယ်ရေး တံတိုင်းတွေအကြောင်း အရင်းရှင် နယ်ချဲ့တွေ ဆွေးနွေးနေရပြီ။ ဒါပေမယ့် တရုတ် ကုန်စည်တွေကို တားဆီးနိုင်ဖို့ဆိုရင် အင်မတန် မြင့်မားတဲ့ ကုန်သွယ်ရေး တံတိုင်းတွေ ခတ်ရလိမ့်မယ်၊ အကြောင်းက တရုတ်ပြည်ရဲ့ ကုန်ထုတ်သတ္တိ အင်မတန် မြင့်မားနေပြီး တရုတ် ကုန်စည်တွေက ဈေးချိုလွန်းနေ လို့ပဲ။

ကုန်ထုတ် အင်အားစုတွေ အဆမတန် ဖွံ့ဖြိုးလာခြင်း၊ စီးပွားရေးစနစ် အကြီးအကျယ် ပြောင်းလဲသွားခြင်း၊ အရင်း ရှင် ကုန်ထုတ်ဆက်ဆံရေးတွေ ခိုင်မာလာခြင်းနဲ့အတူ အခုဆိုရင် တရုတ်ပြည်က အရင်းရှင် နယ်ချဲ့ပါဝါတခုလို ပြု မူနေပြီ။ ကုန်ကြမ်းတွေ ပြည်ပကနေ တင်သွင်းပြီး ကုန်ချောတွေနဲ့ အရင်းကို ပြည်ပနိုင်ငံတွေဆီ တင်ပို့နေပြီ လောင်စာဆီ ဈေးတွေ ထိုးတက်လာခြင်းရဲ့ အဓိက အကြောင်းတရားက တရုတ်ပြည်ရဲ့ ဝယ်လိုအား အဆမတန် ကြီးထွားလာလို့ ဖြစ်တယ်။ တရုတ်ပြည်ဟာ ကမ္ဘာ့ လောင်စာဆီ ဒုတိယ အများဆုံး သုံးစွဲတဲ့ နိုင်ငံ ဖြစ်လာတယ်၊ အဓိက တင်သွင်းတဲ့ တိုင်းပြည်လည်း ဖြစ်တယ်။ သံရိုင်း၊ ကြေးနီ၊ အလူမီနီယံ ထုတ်ယူနိုင်တဲ့ ဘော့(ခ်)ဆိုက်(ထ်) သတ္တုရိုင်း၊ ကျွန်းသစ်၊ ဇင့်(ခ်)၊ မန်းဂနိ(စ်)၊ တင်သတ္တုနဲ့ ပဲသီးနှံတွေလည်း အမြောက်အမြား တင်သွင်းသေးတယ်။

လက်တင် အမေရိက၊ ကရစ်ဘီယံ တိုင်းပြည်တွေနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးဟာ အရင်းရှင် နယ်ချဲ့ လက္ခဏာကို ပိုထင်ရှားစေတယ်။ ဥပမာ - ၁၉၉၉ ခုနှစ်မျာ တရုတ်ပြည်ကနေ လက်တင် အမေရိကနဲ့ ကရစ်ဘီယံကို ဒေါ်လာ ၅ ဘီလျံ တန်ဖိုးရှိတဲ့ ရောင်းကုန်တွေ တင်ပို့ခဲ့ပေမယ့် ဒေါ်လာ ၃ ဘီလျံဖိုးသာ တင်သွင်းခဲ့တယ်။ ၂၀၀၄ ရောက်တော့ ဒေါ်လာ ၁၈ ဘီလျံဖိုး တင်ပို့ခဲ့ပြီး အဲဒီဒေသတွေကနေ ဒေါ်လာ ၂၂ ဘီလျံဖိုး တင်သွင်းခဲ့တယ်။ လက်တင် အမေ ရိကရဲ့ အဓိက ပို့ကုန်တွေက အစားအသောက်နဲ့ ကုန်ကြမ်းတွေ၊ တရုတ်ကနေ လက်တင် အမေရိကကို တင်ပို့ တော့ ချည်ထည်တွေ၊ ဝတ်ကောင်းစားလှတွေ၊ ရှူးဖိနပ်တွေ၊ စက်ယန္တယားတွေ၊ တီဗွီတွေ၊ ပလတ်စတစ်တွေ။ တရုတ်က လက်တင် အမေရိကတိုက်မှာ ၂၀၀၄ ခုနှစ်ထဲ ဒေါ်လာ ၆.၃၂ ဘီလျံ ရင်းနှီးမြှုပ်နှံခဲ့တယ်။ တရုတ် နိုင်ငံ ရဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု တဝက်လောက်က လက်တင် အမေရိကနဲ့ ကရစ်ဘီယံ တိုင်းပြည်တွေမှာ။ ဗင်နီဇွဲလား နိုင်ငံက လောင်စာဆီ ထုတ်လုပ်ရေးမှာတင် နောက်ထပ် ဒေါ်လာ ၃၅၀ ဘီလျံ တိုးချဲ့ ရင်းနှီးဖို့ စီစဉ်နေပြီ။ တရုတ် က ဘရာဇီးနဲ့လည်း “သေနင်္ဂဗျူဟာမြောက် မဟာမိတ်” ဖွဲ့ထားတယ်၊ ဘရာဇီးမှာ တရုတ်ပိုင် စက်ရုံတွေ ရှိနေပြီး သား။ ဘရာဇီးနိုင်ငံရဲ့ ပြည်ပ ပို့ကုန် ၁၅% က တရုတ်ဆီ ရောက်တယ်၊ ဒီထက် တိုးပြီးရင်း တိုးနေတယ်။ အာရှမှာ လည်း တရုတ်နဲ့ အိန္ဒိယက လောင်စာဆီ ရင်းမြစ်တွေ မောင်ပိုင်းစီးနိုင်ရေး ယှဉ်ပြိုင်လုယက်နေကြတယ်။ တရုတ် ပြည်က ကမ္ဘာ့အတိုင်းအတာနဲ့ အင်အားကြီး ပြိုင်ဘက်တကောင် ဖြစ်လာတယ်။ ၂၀၀၄ မှာ ကမ္ဘာ့ ကုန်သွယ်မှု ၅% တိုးလာခဲ့တယ်။ ဒီလို ကြီးထွားလာခြင်းရဲ့ ၆၀% က တရုတ်ပြည်ကြောင့်။ ကမ္ဘာ့ ကုန်သွယ်မှု တိုးတက်လာ ခြင်းရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ တရုတ်ပြည် ကြီးထွားလာလို့ ဖြစ်တယ်။

ဒီလို တိုးတက် ဖွံ့ဖြိုးလာတာနဲ့ တရုတ်ပြည်ကနေ ဟေတီမှာ ရှိနေတဲ့ ကုလတပ်ဆီ စစ်သားတွေတောင် ပို့ပေးခဲ့ သေးတယ်။ တရုတ် အစိုးရက အင်အားကြီး ရေတပ်တခု တည်ဆောက်နေပြီ။ ဒီလို တည်ဆောက်ရတဲ့ ရည်ရွယ် ချက်က ရှင်းပါတယ် - အနာဂတ်မှာ ပစိဖိတ်နဲ့ တခြားဒေသက ရေလမ်းကြောင်းတွေကို ထိန်းချုပ်ဖို့ရာ ရေတပ် အင်အားကို တရုတ်အစိုးရ လိုအပ်လာလိမ့်မယ်။ ဒီအခါ တရုတ်နဲ့ အမေရိက ထိပ်တိုက်တွေ့လာလိမ့်မယ်။ အခုကို အမေရိကန် ကွန်ဂရက်က လက်တင် အမေရိကမှာ တရုတ် တွင်ကျယ်လာတာကို စိုးရိမ်လာကြပြီ၊ လက်တင် အမေရိကမှာ ဘယ်ပါဝါမှ အမေရိကန်ထက် ဩဇာ ပိုမကြီးသင့်ဘူးဆိုတဲ့ ‘မွန်ရိုး ဩဝါဒကို တဖွဖွ ပြောလာကြပြီ။

အလုပ်သမား လူတန်းစား အားကောင်းလာခြင်း

ဒီလို တရုတ် စီးပွားရေး အဆမတန် ကြီးထွားလာခြင်းမှာ မျက်နှာစာ တခြမ်း ရှိနေသေးတယ်။ ကုန်ထုတ် အင်အား စုတွေ တဟုန်ထိုး ဖွံ့ဖြိုးလာခြင်းနဲ့အတူ အလုပ်သမား လူတန်းစားလည်း အဆမတန် အင်အားကြီးထွားလာ တယ်။ မြို့ပြတွေဆီ တနှစ်ကို သန်း၂၀နှုန်းနဲ့ လူတွေ ရွှေ့ပြောင်းလာကြတယ်။ ကျေးလက်က မွဲတကာ့ ဖွတ်ခေါင် လယ်သမားတွေဟာ လွတ်ရာလွတ်ကြောင်း ရုန်းထွက်ဖို့ ကြိုးစားလာတယ်၊ မြို့ပြတွေဟာ ကြီးကျယ် ခမ်းနား သော ဖွံ့ဖြိုးမှုတွေနဲ့ တဟုန်ထိုး ပြောင်းလဲလာတယ်။ အခုဆိုရင် လူဦးရေရဲ့ ၄၀%က မြို့ပြမှာ ရှင်သန်နေကြပြီ။ တရုတ်ပြည်မှာ လူဦးရေ တသန်းအထက် ရှိတဲ့ မြို့ကြီး ၁၆၆ မြို့ ရှိနေပြီ။ လာမယ့် ၁၅ နှစ်အတွင်း လူဦးရေ သန်း (၃၀၀)လောက် မြို့ပြကို ပြောင်းရွှေ့လာမယ်လို့ ခန့်မှန်းထားတယ်။ တရုတ်ပြည်မှာ စက်မှုလုပ်ငန်းတွေ အပြိုင်း အရိုင်း ပေါ်ထွန်းလာတယ်။ ဆောက်လုပ်ရေး လုပ်သားချည်း ၃၈,၀၀၀,၀၀၀ ရှိတယ်။ မြို့ပေါင်း ၈၀ကျော် မှာ မြေ အောက် ယာဉ်လမ်းကြော စနစ်တွေ ဆောက်လုပ်နေကြတယ်။ ဒါတွေအားလုံးက စီးပွားရေးအပေါ် အကျိုး သက် ရောက်မှု ရှိတယ်၊ စတီး(လ်)၊ ကွန်ကရစ်နဲ့ တခြားပစ္စည်း ဝယ်လိုအားတွေ တက်လာစေတယ်။ တခါမှ မမြင်ဖူး လောက်အောင် တရုတ် လူ့အဖွဲ့အစည်းအတွင်း ပစ္စည်းမဲ့ လူတန်းစားတွေ အလုံးအရင်း ဖန်တီးပေးနေတယ်။

၁၅ နှစ်အတွင်း မြို့ပြ လူဦးရေ သန်း (၈၀၀) ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားတယ်။ ဒါဟာ သမိုင်း တလျှောက် ထု ထည်အကြီးမားဆုံး ပစ္စည်းမဲ့လူတန်းစား စုပြုံမှု ဖြစ်တယ်။ မကြုံစဖူး ကြီးမားတဲ့ ဖြစ်ရပ်ကြီးတခု ဖြစ်လိမ့်မယ်။ သမိုင်းမှာ အကြီးကျယ်ဆုံး ပစ္စည်းမဲ့ လှုပ်ရှားမှုကြီး ဖြစ်လိမ့်မယ်။ သမိုင်းတလျှောက် ကြုံဖူးမြင်ဖူးသမျှထဲမှာ အင် အားအကြီးဆုံး ပစ္စည်းမဲ့ လူတန်းစားထုကြီး တည်ရှိလာစေလိမ့်မယ်။ ဒီထုဟာ ကမ္ဘာပေါ်မှာ စွမ်းအား အကြီးဆုံး ဖြစ်လာလိမ့်မယ်။

မြို့ပြကို ပြောင်းရွှေ့လာကြတဲ့ အဲဒီလယ်သမားတွေဟာ စုတ်ပြတ်သတ်နေတဲ့ အခြေအနေမှာ ရှင်သန်ခဲ့ရတယ်။ သမဝါယမတွေ ဖျက်သိမ်းခံခဲ့ရတယ်။ ဒီဘုံအဖွဲ့တွေက ကျန်းမာရေး စောင့်ရှောက်မှု၊ ပင်စင် အစရှိတဲ့ အကျိုး ခံစားခွင့်တွေ တသီကြီး ပေးခဲ့တယ်။ တကယ်တော့ တရုတ်ပြည် ကျေးလက်နေ ပြည်သူ သုံးပုံနှစ်ပုံမှာ ပင်စင် ခံစားခွင့် မရှိကြဘူး။ ဒီတော့ ကျေးလက်နေ ဆင်းရဲသားတွေ မြို့တက် အလုပ်ရှာကြရတယ်။

အရင်က ဒီလို ဖြစ်ရပ်မျိုး ကျနော်တို့ တွေ့ခဲ့ရတယ် - အမေရိကနဲ့ ဥရောပမှာ လက်တင် အမေရိကတိုက်ကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေလည်း ဒီလိုပဲ။ ဒီရွှေ့ပြောင်း လုပ်သားတွေဟာ အဆိုးဆုံး အလုပ်တွေကို လုပ်ဖို့ အသင့်ပဲ၊ လူမွေးလူရောင် မပြောင်တဲ့ ဘဝမှာ ရှင်သန်ကြရတယ် ဒါပေမယ့် အနည်းဆုံးတော့ ဝင်ငွေတခု သူတို့ရကြတယ်၊ ကျန်ရစ်တဲ့ မိသားစုဆီ ငွေပြန်ပို့ကြတယ်။ သူတို့အဖို့ ဒါဟာ ဆင်းရဲခြင်းကနေ လွတ်မြောက်ရာ လမ်းဖြစ်တယ်။ ဒီ လို ဆိုထားပေမယ့် သူတို့ အများစုကတော့ မသေရုံ အသက်ရှင်နေရတယ်။ သူတို့ ဖန်တီးပေးလိုက်တဲ့ များမြောင် လှသော ဓနဥစ္စာတွေကနေ မဖြစ်စလောက်လေးပဲ သူတို့ ရိတ်သိမ်းရတယ်။ ဒီအခြေအနေဟာ အနာဂတ် တော် လှန်ရေး လှုပ်ရှားမှုတွေ ဖြစ်လာနိုင်စွမ်းကို ရင်ဝယ် ထွေးပွေ့ထားတယ်။

ဒီဖြစ်စဉ်တခုလုံးမှာ တိုးတက်သော အစိတ်အပိုင်းတခုက အရင်းရှင်စနစ် “မြေမြှုပ်ပစ်မယ့်သူ” သန်းပေါင်းများစွာ ကို ဖန်တီးပေးခဲ့တာပဲ၊ ပစ္စည်းမဲ့ လူတန်းစား သန်းပေါင်းများစွာကို ဖန်တီးပေးခဲ့တာပဲ။ စက်မှု ထွန်းကားလာတာ ကို ဒီရှုထောင့်ကနေ ကြိုဆိုခြင်း ဖြစ်တယ်။ အင်မတန် ကြီးလေးသော အဖိုးအခ ပေးခဲ့ရပေမယ့် လူ့အဖွဲ့အစည်းကို လုံးလုံးလျားလျား ပြောင်းလဲပစ်မယ့် လူတန်းစားကို မွေးဖွားပေးနေတယ်။ မြို့ကြီးတွေမှာ အလုပ်သမား လူတန်း စား ရပ်ကွက်ကြီးတွေ ပေါ်ထွန်းလာတယ်၊ ပဋိပက္ခတွေ တထွေးကြီး စုပြုံလာတယ်။

တရုတ် အရင်းရှင်စနစ်က တဟုန်ထိုး ဖွံ့ဖြိုးနေပေမယ့် စီမံကိန်း စီးပွားရေးစနစ်ကို ဖြိုဖျက်လိုက်ခြင်းဟာ နောက် ပြန်လှည့်သွားတဲ့ ဖောက်ပြန်ရေး ခြေလှမ်းဖြစ်တယ်။ စစ်မှန်သော အလုပ်သမားထု ဒီမိုကရေစီသာ ရှိခဲ့ရင် အခု ရောက်နေတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို အသာလေး ကျော်တက်နိုင်တယ်။ တိုးတက်မှုရဲ့ ဗရမ်းဗတာသဘော၊ တဖက် စောင်းနင်း ဖြစ်မှုနဲ့ လူမှုအင်အားစုတွေ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းတွေဆီ အသီးသီး ရွေ့လျားသွားခြင်းကို ရှောင် ရှားနိုင်မယ်။

လူတန်းစားတွေကြား၊ မြို့ပြနဲ့ ကျေးလက်ကြား၊ အရင်းရှင်ဇုန်တွေနဲ့ အရင် နိုင်ငံတော်ပိုင် စက်မှုဇုန်တွေကြား ကွာ ဟမှု အင်မတန် ကြီးမားနေပြီ။ ဆင်းရဲ ချမ်းသာ ကွာဟမှုတွေ နက်ရှိုင်းနေပြီ။ မြို့ပြနေ အချမ်းသာဆုံး ၁၀%က ဓနဥစ္စာ စုစုပေါင်းရဲ့ ၄၀%ကို ပိုင်ဆိုင်ထားတယ်။ အဆင်းရဲဆုံး ၁၀%က ဓနဥစ္စာ စုစုပေါင်းရဲ့ ၁.၄%ကိုပဲ ပိုင်ဆိုင် တယ်။ ချမ်းသာကြွယ်ဝတဲ့ အရင်းရှင် လူတန်းစားတရပ်ကို ဖန်တီးပေးနေချိန်မှာ အလုပ်လက်မဲ့ သန်း(၂၀၀)အထိ ရှိလာတယ်။

မညီမညာ ဖွံ့ဖြိုးမှုဟာ တရုတ်ပြည်ရဲ့ ဒေသအသီးသီးကိုလည်း သက်ရောက်မှုရှိတယ်။ တချို့ဒေသတွေက အရှေ့ နဲ့ ကမ်းရိုးတန်း ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တိုးတက်မှုရဲ့ အရသာကို မခံစားရဘူး။ ဒီလို တဖက်စောင်းနင်း ဖွံ့ ဖြိုးမှုဟာ တရုတ်ပြည်အတွင်း အမျိုးသားရေး ပြဿနာကို မီးမွှေးပေးနိုင်တဲ့ အန္တရာယ်ရှိတယ်။ လူနည်းစု လူမျိုး စုဝင် သန်း ၁၀၀ ရှိတယ် (တိဘက်၊ တာ့ခ်၊ မွန်ဂိုလီယံ၊ ဝီးဂါ)။ ဒီလူနည်းစု လူမျိုးစုတွေနဲ့ အစိုးရရဲတွေ အမြဲ ပဋိ ပက္ခ ဖြစ်နေတယ်။ လူမှုရေး အင်အားစုတွေ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းတွေဆီ အသီးသီး ရွေ့လျားသွားတဲ့ အခြေ အနေမှာ အမျိုးသားရေး ပြဿနာ တကျော့ပြန် သည်းထန်လာနိုင်တယ်။

စီးပွားရေး ဖွံ့ဖြိုးမှုက လူတချို့ရဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ခဲ့တာ မှန်ပါတယ် ဒါပေမယ့် နောက် မျက်နှာစာတခု ရှိနေသေးတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုဟာ တည်ငြိမ်မှုကို အာမခံချက် မပေးနိုင်တဲ့အပြင် အလုပ် သမားတွေ ရဲရဲရင့်ရင့် တိုက်ပွဲဝင်လာစေတယ်၊ လူ့အဖွဲ့အစည်းကို လှုပ်လှုပ်ခတ်ခတ် ဖြစ်စေတယ်။ လူနေမှု အဆင့် အတန်း၊ အလုပ်ခွင် အခြေအနေနဲ့ ဓနဥစ္စာ ခွဲဝေထားတဲ့ပုံစံတို့ဟာ အဓိက အကြောင်းတရား ဖြစ်ပါတယ်။ တချိန် က သူတို့ရရှိထားတဲ့ အသီးအပွင့်တွေ အားလုံး ဖျက်စီးပစ်လိုက်တဲ့ ဗျူရိုကရက်တွေကို လူထုက ရွံရှာစက်ဆုပ်နေ ကြတယ်။

တရုတ်ပြည်က အလုပ်သမား လူတန်းစားရဲ့ ဘဝ အခြေအနေဟာ ၁၉ရာစုတုန်းက အန်းဂယ်(လ်စ်) ဖော်ပြခဲ့တဲ့ အင်္ဂလန် အလုပ်သမား လူတန်းစား အခြေအနေနဲ့ အတော်တူတယ်။ ကမ္ဘာပေါ်က သတ္တုတွင်း သေဆုံးမှုရဲ့ ၈၀% ဟာ တရုတ်ပြည်မှာ ဖြစ်နေတယ်၊ ဒါပေမယ့် ကမ္ဘာ့ ကျောက်မီးသွေးရဲ့ ၃၀%ကိုပဲ တရုတ်ပြည်မှာ ထုတ်လုပ်တယ်။ ၁၉၉၁ ခုနှစ်မှာ အလုပ်ခွင် မတော်တဆ ဖြစ်ရပ်တွေကြောင့် သေဆုံးသူ အလုပ်သမား ၈၀၀၀၀ ရှိခဲ့တယ်။ ၂၀၀၃ ရောက်တော့ ဒီကိန်းဂဏန်းက ၁၃၆,၃၄၀ အထိ တက်သွားခဲ့တယ် [China Daily, 2004-12-03]။ အလုပ်သမား လူတန်းစားအပေါ် ဖိအားတွေ အလွန်အကျွံ သက်ရောက်နေတယ်။ ဒါဟာ သာယာကြည်နူးဖွယ် အနာဂတ်ဆီ ချီ တက်နေတဲ့ ပျော်စရာကောင်းတဲ့ တည်ငြိမ်သော လူ့အဖွဲ့အစည်းတခု မဟုတ်ဘူး။ အသက် ၂၀-၃၅ နှစ် လူငယ် တွေကြားမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုက သေဆုံးမှုတွေရဲ့ နံပါတ်တစ် တရားခံ ဖြစ်နေတယ်။ နှစ်စဉ် ကိုယ့် ဘာသာ အဆုံးစီရင်သူပေါင်း ၂၅၀,၀၀၀ ရှိနေတယ်၊ ဒါ့အပြင် လူပေါင်း ၂.၅ သန်းကနေ ၃.၅ သန်းလောက်က ကိုယ့်ဘာသာ အဆုံးစီရင်ဖို့ ကြိုးစားသေးတယ်။ သန်းပေါင်းများစွာ အလုပ်တွေ ဆုံးရှုံးခဲ့တယ်။ ဆန္ဒပြပွဲကြီးတွေ ရှိနေတယ်။ ဒါပေမယ့် အရင်းရှင်စနစ်ဆီ မမှိတ်မသုန် ဆက်လက် ချီတက်နေတယ်။

ဒီကနေ့ တရုတ်ပြည်မှာ ဖြစ်နေတာတွေဟာ လွန်ခဲ့တဲ့ နှစ်တရာကျော်က ရပ်ရှားနိုင်ငံမှာ အရင်းရှင်စနစ် ကနဦး ဖွံ့ဖြိုးလာတဲ့ ဖြစ်စဉ်နဲ့ တူညီမှုတွေ ရှိနေတယ်လို့ ထောက်ပြခဲ့တယ်။ ခေတ်ဟောင်း လယ်ယာမြေ ကွန်မြူးတွေ ဖျက်သိမ်းလိုက်ခြင်း၊ ဒီနောက် ၁၉ ရာစု နှောင်းပိုင်းမှာ အရင်းရှင်စနစ် ဖွံ့ဖြိုးလာခြင်းဟာ လယ်ယာမြေကို ကျော ခိုင်းလာတဲ့ လယ်သမားတွေနဲ့ ဖွဲ့စည်းထားသော ပူပူနွေးနွေး ပစ္စည်းမဲ့ လူတန်းစားတရပ်ကို မွေးဖွားပေးခဲ့တယ်။ ဒီလို ပစ္စည်းမဲ့ လူတန်းစား မွေးဖွားလာခြင်း၊ ဒီဖြစ်စဉ်ကနေ ဖန်တီးပေးလိုက်တဲ့ ဆိုးရွားလွန်းသော ဘဝ အခြေ အနေတွေဟာ ၁၉၀၅ (ရပ်ရှား) တော်လှန်ရေးကို ဦးတည်သွားခဲ့တယ်၊ ဒီနောက် (၁၂နှစ်အကြာမှာ) အောက်တို ဘာ တော်လှန်ရေး ဖြစ်ပွားခဲ့တယ်။ အခုလည်း တရုတ်ပြည်မှာ လူတန်းစား တိုက်ပွဲ ဖြစ်ပွားလာမယ့် ရေခံမြေခံ တွေ ပြင်ပေးနေပြီ။ ဒီလို တူညီသော အခြေအနေတွေကနေ အလားတူ ရလဒ်ဖြစ်သော တော်လှန် အုံကြွမှုတခု ဖြစ်ပေါ်စေလိမ့်မယ်။

အခုကို ခါးသီးပြင်းထန်တဲ့ သပိတ်တိုက်ပွဲတချို့ ရှိနေပြီ။ ၂၀၀၀ ခုနှစ်မှာ လေဘာ အငြင်းပွားမှု ပြဿနာပေါင်းစုံ ၁၂.၅% တိုးလာတယ်၊ ၂၀၀၁ ခုနှစ်မှာ ၁၄.၄% တက်လာခဲ့တယ်၊ ဖြစ်ရပ်ပေါင်း ၁၅၅,၀၀၀ အထိ ရှိခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာ သူတို့အခေါ် “စုပေါင်း တိုက်ပွဲ” ၇၀၀၀ ရှိခဲ့တယ်၊ များသောအားဖြင့် သပိတ်တွေ (ဒါမှမဟုတ်) အလုပ် မတွင်အောင် လုပ်တာတွေ။ အနည်းဆုံး လူသုံးဦးပါဝင်တဲ့ တိုက်ပွဲကနေ စုစုပေါင်း အလုပ်သမား ၂၅၀,၀၀၀ ကျော် ပါဝင်ခဲ့တယ်။ ၁၉၉၂ ခုနှစ်ကနေကြည့်ရင် ဒီကိန်းဂဏန်းဟာ ၉၀၀% ထိုးတက်လာခြင်း ဖြစ်တယ်။ ၁၉၉၉ ခုနှစ် ကစလို့ ဒီလိုမျိုး စုပေါင်း ပြဿနာတွေ တနှစ်တနှစ် ၂၀% တိုးလာခဲ့တယ်။ ပကတိ ကိန်းဂဏန်းအားဖြင့် နည်း နေဆဲ ဆိုပေမယ့် ဒီလှုပ်ရှားမှုတွေဟာ လာတော့မယ့် တိုက်ပွဲရဲ့ ရှေ့ပြေးလက္ခဏာပဲ။ စီးပွားရေး တိုးတက်မှုဟာ လူ့အဖွဲ့အစည်း တည်ငြိမ်မှုကို ယန္တယားဆန်ဆန် အာမခံချက် မပေးနိုင်ကြောင်း ပြနေတာပဲ။ ဒါနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်။

တရုတ်ပြည် စီးပွားရေးကို အရင်းရှင်စနစ် နိယာမတွေက အုပ်စိုးမင်းမူနေတယ်။ ကမ္ဘာ့ဈေးကွက် ချဲ့ပြီးရင်း ချဲ့ နေမယ်လို့ ယူဆပြီး ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် လုပ်လာတယ်။ ဒါပေမယ့် အမြဲတမ်း ဒီလို တိုးချဲ့သွားဖို့ ရာ မဖြစ်နိုင်ဘူး၊ ဒါ့ကြောင့် အဆင့်တခု ရောက်လာရင် တရုတ်ပြည် စီးပွားရေး အကြပ်အတည်း ဆိုက်သွားမယ်။ ဘယ်အချိန် အကြပ်ဆိုက်မလဲ အတိအကျ မပြောနိုင်ဘူး။ ဒါပေမယ့် အကြပ်အတည်းကတော့ ဖြစ်လိမ့်မယ်၊ ဖြစ် လာရင် အပြင်းအထန် အကြပ်ဆိုက်လိမ့်မယ်၊ တကမ္ဘာလုံးကို ကြီးကြီးမားမား ရိုက်ခတ်သွားလိမ့်မယ်။

တရုတ် အလုပ်သမား လူတန်းစားဟာ သစ်လွင်နေဆဲ လတ်လတ်ဆတ်ဆတ် အလုပ်သမား လူတန်းစားတရပ် ဖြစ်တယ်။ နိုင်ငံတော်ပိုင် စက်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ဖူးတဲ့၊ လုပ်ကိုင်နေဆဲ အလုပ်သမား လူတန်းစား အချိုး အစားလည်း မနည်းလှဘူး။ ဒီအလွှာဟာ ဗျူရိုကရေစီ ရှိပေမယ့် အတော်လေး အဆင်ပြေတဲ့ အခြေအနေကို ရရှိခဲ့ တယ်။ အခု ဒီအသီးအပွင့်တွေ သူတို့ ဆုံးရှုံးလိုက်ရပြီ။ အလုပ်သမားတွေနဲ့ အလုပ်ရှင် ကုမ္ပဏီတွေကြားက ဆက် ဆံရေးဟာ အနောက် နိုင်ငံတွေမှာလို ဖြစ်နေပြီ။ အဆင့်တခုရောက်တဲ့အခါ ဒါရဲ့ အကျိုးဆက်အနေနဲ့ လူတန်းစား တိုက်ပွဲ ပြင်းထန် ပေါက်ကွဲလာလိမ့်မယ်။

ကွန်မြူနစ်ပါတီရဲ့ အနေအထား

လက်ရှိအချိန်မှာ ကွန်မြူနစ်ပါတီက အခြေအနေ အရပ်ရပ်ကို လွှမ်းမိုး ချုပ်ကိုင်ထားတယ်။ ဒါပေမယ့် ကွန်မြူနစ် ပါတီမှာ ဘာဖြစ်နေလဲ။ ကွန်မြူနစ်ပါတီမှာ ပါတီဝင် သန်း ၆၀-၇၀ ရှိတယ်။ ဒါဟာ လူဦးရေရဲ့ ၅% လောက် ရှိ တယ်။ အရင်တုန်းက ပါတီဟာ နိုင်ငံတော် ဗျူရိုကရေစီရဲ့ လက်နက်တခု ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီဘက်ကာလ မှာကျ တရုတ် အရင်းရှင်တွေကို ပါတီတွင်း ဝင်ခွင့်ပေးခဲ့တယ်။ အခုဆိုရင် တရုတ် အရင်းရှင် လူတန်းစားရဲ့ ၃၀% က ကွန်မြူနစ် ပါတီဝင် ဖြစ်နေပြီ။ ပါတီတွင်း ဝင်ထားရင် သူတို့ အကျိုးစီးပွားကို အကောင်းဆုံး ကာကွယ်ပေးနိုင် မယ်လို့ အရင်းရှင်တွေ ခံယူထားကြောင်း ပြနေတာပဲ။ ပကတိ ကိန်းဂဏန်းအားဖြင့် အရင်းရှင် အရေအတွက်ဟာ အနည်းစုပဲ ဖြစ်နေဆဲပါ၊ ဒါပေမယ့် ဒီလောက် အရေအတွက်ထိ အရင်းရှင်တွေကို ပါတီတွင်း ဝင်ခွင့်ပေးထားတာ သိပ်ကို အရေးကြီးပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဗဟို ကော်မတီဝင် ထက်ဝက်နီးပါး အပြောင်းအလဲ ဖြစ်သွားခဲ့တယ်။ အရင်း ရှင်စနစ်ဆီ ကူးပြောင်းရာမှာ အဟန့်အတား ဖြစ်နေတယ်လို့ ယူဆခဲ့တဲ့ ဗျူရိုကရက် လူဟောင်းတချို့ကို ဖယ်ရှား ပစ်ခဲ့မှန်း မြင်သာပါတယ်။ ဒါ့ကြောင့် ကွန်မြူနစ်ပါတီကို အရင်းရှင်တွေက သူတို့လူတန်းစား အကျိုးစီးပွား ကာ ကွယ်ဖို့ လက်နက်တခုအနေနဲ့ အသုံးပြုနေတယ်။ အောက်ခြေ ပါတီဝင်တွေကြားမှာ “ကွန်မြူနစ်ဝါဒ”ကို ယုံကြည် သူတွေ အများကြီး ရှိနေမယ် (သို့) အနည်းဆုံးတော့ ကွန်မြူနစ်ဇင်လို့ သူတို့ နားလည်ထားတဲ့ အရာကို ယုံကြည် ထားကြမယ်၊ သူတို့ထဲက တချို့ဟာ မာ့(က်စ်)ရဲ့ သဘောတရားတွေနဲ့ အကျွမ်းတဝင် ရှိနေလိမ့်မယ်။ ဒါပေမယ့် အာဏာ လက်ဝယ် ပိုင်ဆိုင်ထားတဲ့ ပါတီထိပ်ပိုင်းကတော့ အရင်းရှင်စနစ်ဆီ ကူးပြောင်းတဲ့ ဖြစ်စဉ်ကို လမ်းညွှန် ပေးနေတယ်။

တရုတ် ကွန်မြူနစ် ပါတီရဲ့ အနာဂတ်က ဘာလဲ။ စီးပွားရေးက အခု ဖွံ့ဖြိုးနေတဲ့ နှုန်းအတိုင်း ဆက်သွားနေသရွေ့ ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းက အခြေအနေကို ဆက်ထိန်းထားနိုင်လိမ့်မယ်၊ လူ့အဖွဲ့အစည်းအတွင်း ပါတီ အတွင်း အတိုင်းအတာ တခုအထိ တည်ငြိမ်အောင် ဆက်ထိန်းထားနိုင်လိမ့်မယ်။ ဒါပေမယ့် ကြီးမားတဲ့ စီးပွားရေး အကြပ်အတည်း၊ လူတန်းစား ပဋိပက္ခတွေ၊ အမျိုးသားရေး ပဋိပက္ခတွေနဲ့ တခြားတခြားသော လူမှု ပဋိပက္ခတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ပါတီတွင်း ဂိုဏ်းအုပ်စုတွေ ကွဲထွက်သွားနိုင်တဲ့ အလားအလာ ရှိတယ်။ တရုတ် ကွန်မြူနစ် ပါတီဟာ ကွန်မြူနစ် ပါတီတခု မဟုတ်ဘူး၊ ဒါ့ကြောင့် အနောက်က ကွန်မြူနစ် ပါတီတွေနဲ့ ယှဉ်ကြည့်လို့ မရဘူး ဆိုတဲ့အချက်ကို ကျနော်တို့ နားလည်ထားရမယ်။ တရုတ် ကွန်မြူနစ်ပါတီဟာ အာဏာရလာတဲ့ ၁၉၄၉ ခုနှစ် ကတည်းက နိုင်ငံတော် ယန္တယားရဲ့ အစိတ်အပိုင်း ဖြစ်နေတယ်။

ဒါပေမယ့်လည်း ပွဲကြီးပွဲကောင်းတွေ ဖြစ်လာရင်တော့ ကွန်မြူနစ် ပါတီရဲ့ နိုင်ငံတော် ယန္တယားအပေါ် ထိန်းချုပ်မှု ကို ချိုးဖျက်ပစ်နိုင်မယ်။ ရပ်ရှား ဗျူရိုကရေစီဆိုရင် ဗရမ်းဗတာ ပြိုကွဲသွားခဲ့တယ်။ တစ်သွေးတစ်သံတစ်မိန့်နဲ့ တည်ဆောက်ထားတဲ့ (monolithic) စတာလင်နစ်(စ်) ပါတီကြီးဟာ အကျိုးစီးပွား အုပ်စုအသီးသီးကို ကိုယ်စား ပြုထားတဲ့ ပါတီတွေ အများကြီးအဖြစ် ကွဲထွက်သွားခဲ့တယ်။ ဒီကနေ ကွန်မြူနစ် ပါတီတွေ အများကြီး ထွက်ပေါ် လာခဲ့တယ်၊ စစ်မှန်သော အလုပ်သမား ပါတီတွေ ဖြစ်လာခဲ့တယ်။ ဒါပေမယ့် တရုတ်ပြည်မှာကျ ဒီဖြစ်စဉ်ဟာ လာမယ့် အနာဂတ်မှာမှ ဖြစ်လိမ့်မယ်။ လက်ရှိအချိန်မှာ တရုတ် ဗျူရိုကရေစီက အခြေအနေကို ထိန်းချုပ်ထားဆဲ။ အရင်းရှင်စနစ် ဖွံ့ဖြိုးအောင် ကွန်မြူနစ် ပါတီကို အသုံးပြုနေဆဲ ဖြစ်တယ်။

သေချာတာ တခုက ဒီဖြစ်စဉ်ဟာ ချောမွေ့မှာ မဟုတ်ဘူး။ အရင်းရှင် စီးပွားရေး စနစ်အသစ်က ပဋိပက္ခ အသစ် တွေကို မွေးထုတ်ပေးလိုက်တဲ့အခါ ပါတီ ဒေါင်လိုက် ယန္တယားအတွင်း အကွဲအပြဲတွေ ဖြစ်ပေါ်စေလိမ့်မယ်။ ပိုင် ဆိုင်မှု အခွင့်အရေးဆိုင်ရာ ဥပဒေ ပြဌာန်းချက်တွေကို နောက်ထပ် အပြောင်းအလဲ လုပ်ရာမှာ လောလောဆယ် ပဋိပက္ခ ဖြစ်နေတာကို ကြည့်ရင် အဲသလို အကွဲအပြဲတွေ ရှိနေမှန်း သိနိုင်တယ်။ ကွန်မြူနစ် ပါတီအတွင်းက အဲဒီ အကွဲအပြဲတွေကို ဘယ်လို အဓိပ္ပါယ်ဖော်ရမလဲ။ ဖြစ်စဉ်တစုံလုံးကို ခြုံငုံကြည့်ခြင်းကနေ အစပြုရမယ်၊ ဘယ်ကို ဦးတည်ချီတက်နေသလဲ ကြည့်ရမယ်။ အရင်းရှင် ဆက်ဆံရေးတွေ အခြေခိုင်သွားတဲ့ အဆင့်ကို ရောက်နေပြီ။ အခ စား အလုပ် နဲ့ အရင်း ကွဲထွက်သွားပြီ၊ ဈေးကွက် ယှဉ်ပြိုင်မှု ရှိနေပြီ၊ အမြတ်ရဲ့ မောင်းနှင်မှု ရှိနေပြီ၊ စသဖြင့်။ စနစ်ဟောင်း အကြွင်းအကျန်တွေ ရှိနေဆဲ ဖြစ်ပါတယ် ဒါပေမယ့် သူတို့ကိုလည်း ပုဂ္ဂလိကပိုင် ပြောင်းပစ်ဖို့ ပြင် ဆင်ထားပြီးသား (သို့) လက်ကျန် လုပ်ငန်းတွေကို နိုင်ငံတော်ကနေ အရင်းရှင် ကုမ္ပဏီတွေလို မောင်းနှင် လည် ပတ်နေတယ်။ ကျန်နေသေးတဲ့ နိုင်ငံတော်ပိုင် ကဏ္ဍကို ထည့်စဉ်းစားရမယ် ဒါပေမယ့် အခုချိန်မှာ ပုဂ္ဂလိက ကဏ္ဍ က တရုတ်ပြည် စီးပွားရေးရဲ့ ဒိုင်နန်းမစ်(ခ်) အဖြစ်ဆုံး အစိတ်အပိုင်း ဖြစ်နေပြီ၊ အရင်းရှင်စနစ်ဆီ ကူးပြောင်းမှုက အခြေခိုင်သွားပြီဆိုတာ ကျနော်တို့ နားလည်ထားရမယ်။

ဒီလောက် ကြီးမားတဲ့ တိုင်းပြည်တခုရဲ့ ဗျူရိုကရေစီအတွင်းမှာ ဆန့်ကျင်ဘက် အင်အားစုတွေ၊ မတူကွဲပြားတဲ့ အကျိုးစီးပွားနဲ့ အမြင်တွေ ရှိနေသော ဂိုဏ်းတွေ မလွဲမသွေ ရှိလာလိမ့်မယ်။ ဖြစ်စဉ်တစုံလုံးကို စောင့်ကြည့်နေပြီး ဒီဖြစ်စဉ်ကနေ မီးမွှေးပေးလိုက်တဲ့ မတည်ငြိမ်မှုကို စိုးရိမ်နေတဲ့ ဂိုဏ်းတခု ရှိတယ်။ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းဆီ အသီးသီး ရွေ့လျားသွားခြင်း၊ တဖက်စောင်းနင်း ဖြစ်လာခြင်းရဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကို မြင်လာတဲ့အခါ ဝန်ကြီးချုပ်နဲ့ သမ္မတက ပူပန်လာကြတယ်။ဒီလို စိုးရိမ်လာတဲ့ဂိုဏ်းက လူထုရဲ့ထိုးနှက်ချက် အားပျော့သွားအောင် လူမှု ပြုပြင်ပြောင်းလဲရေးတွေ အစပျိုးပေးချင်လာတယ်။ အောက်ခြေကနေ တော်လှန်အုံကြွလာမှာ သူတို့ ကြောက်တယ် ဒါ့ကြောင့် ဖွံ့ဖြိုးမှု အားမကောင်းတဲ့ ဒေသတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့၊ လူထု ဝန်ဆောင်မှု ကဏ္ဍမှာ ဘတ်ဂျက်ပိုသုံးဖို့ သူတို့ ပြောလာကြတယ်။

အရင်းရှင်စနစ်ရဲ့ အနှစ်အသားကို သူတို့ စိန်မခေါ်ပါဘူး၊ အရင်းရှင်စနစ် ဖွံ့ဖြိုးလာခြင်း အခြေခိုင်လာခြင်းကို တား ဆီးဖို့လည်း အားတက်သရော ဝင်လုပ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် လူတန်းစား မညီမျှမှုတွေ၊ ကြီးထွားလာတဲ့ လူထု ဖိအားတွေက အဆင့်တခု ရောက်တဲ့အခါ ပစ္စည်းမဲ့ တော်လှန်ရေး လှုပ်ရှားမှုဆီ ဦးတည်သွားမှာကို စိုးရိမ် ပူပန် နေကြတယ်။ ဟုတ်တယ်၊ သူတို့ မှန်တယ်။ ပြဿနာက ခေတ်ဟောင်း စတာလင်နစ်(စ်) အဆောက်အအုံကို ဆက် ထိန်းထားလည်း အဆင့်တခု ရောက်ရင် လူထု အုံကြွမှု ဖြစ်လာမှာပဲ၊ နောက်ဆုံးမှာ စတာလင်နစ်(စ်) စနစ် ပြို ကျသွားမှာပဲ။ ဒါ့ကြောင့် ဗျူရိုကရေစီရဲ့ အဆိုပါ ဂိုဏ်းဟာ အရင်းရှင်စနစ်ဆီ ကူးပြောင်းတဲ့ ဖြစ်စဉ်ကို ပြန်ဆွဲ ထားမှာ မဟုတ်ဘူး။ လူထု အထိမနာလွန်းအောင် လူမှုပြုပြင်ရေးတချို့လောက်ပဲ လုပ်ပေးဖို့ ကြိုးစားလိမ့်မယ်။

အရင်းရှင် လူတန်းစား အသစ်နဲ့ အများကြီး ပူးကပ်ချည်နှောင်ထားတဲ့ တရုတ်ပြည် အရှေ့ပိုင်း ဗျူရိုကရေစီက ဒီ လို ပြုပြင်ရေးတချို့ လုပ်တာကို စက်မှု ဖွံ့ဖြိုးရေး လမ်းကြောင်းကနေ မရှိမဖြစ် ရင်းမြစ်တွေ ဆွဲသုံးသွားတယ်လို့ မြင်တယ်။ အရင်းရှင်စနစ်ဆီ ချီတက်တဲ့ ဖြစ်စဉ်ကို နှေးရမယ့်အစား အရှိန်ပိုတင်ဖို့ အဲဒီဂိုဏ်းက လိုလားတယ်။ စနစ်ဟောင်းရဲ့ အကြွင်းအကျန်တွေကို အပြီးတိုင် အလဲထိုးပစ်ဖို့ အလိုရှိတယ်။ ဒါ့ကြောင့် လက်ရှိပဋိပက္ခက စနစ် ဟောင်းဆီ ပြန်သွားလိုတဲ့ ဂိုဏ်းနဲ့ အရင်းရှင်စနစ် လိုလားတဲ့ ဂိုဏ်းကြားက ပဋိပက္ခ မဟုတ်ဘူး။ စနစ်တခုလုံး တည်ငြိမ်ရေး ပြဿနာဖြစ်တယ်။ ရယ်စရာကောင်းတာတခုက ရေရှည်မှာ ဒီဖြစ်စဉ်ကြောင့် ကွန်မြူနစ်ပါတီ ပြို ကွဲသွားပြီး ပိုကြီးမားတဲ့ မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်တာပဲ။

ဒါ့ကြောင့် ဗျူရိုကရေစီအတွင်းက ပဋိပက္ခတွေဟာ နောက်တဆင့်ကျ ပိုင်ဆိုင်မှု ဆက်ဆံရေးဆိုင်ရာ ဥပဒေ ပြုပြင် ရေး ပဋိပက္ခကို ထင်ဟပ်နေတယ်။ တချို့အင်အားစုတွေရဲ့ ဖိအားကြောင့် ဒီဥပဒေ ပြင်ဆင်ရေး ဖြစ်စဉ်ကို အရှိန် လျှော့ထားတယ်။ ဒါဟာ တဖြောင့်တည်း သွားနေတဲ့ ဖြစ်စဉ်မဟုတ်ကြောင်း အထင်အရှား ပြလိုက်တာပဲ။ တကြိမ် မက ကျနော်တို့ မြင်ခဲ့ရပြီးပြီ၊ ဗျူရိုကရေစီက အရင်းရှင်စနစ်ဆီ ချီတက်တဲ့ ဖြစ်စဉ်ကို အရှိန်လျှော့ခဲ့ရတဲ့ ကာလ တွေ ခဏခဏပဲ။ ဒါပေမယ့် ဈေးကွက်ဖွင့် “ပြုပြင်ရေးတွေ” ဘယ်တုန်းကမှ နောက်ပြန် မလှည့်ခဲ့ဖူးဘူး။

အခုလက်ရှိ တိုးတက်နေသလို နှစ်စဉ် ဂျီဒီပီ ၉% ဆက်တိုးနေသရွေ့ ဒီယာယီ မငြိမ်သက်မှုကို ဆက်ထိန်းနိုင်မယ်။ နိုင်ငံတော်ပိုင် စက်မှုလုပ်ငန်းမှာ နှစ်စဉ် အလုပ်အကိုင် သန်းပေါင်းများစွာ ဆုံးရှုံးကုန်တယ် ဒါပေမယ့် အရင်းရှင် ကဏ္ဍတွေမှာ အလုပ်အကိုင် သန်းပေါင်းများစွာ ဖန်တီးပေးနေတယ်။ ကျေးလက်ကနေ မြို့ပြဆီ ပြောင်းရွှေ့လာတဲ့ လုပ်သားတွေကိုလည်း အတော်များများ အလုပ်ပေးထားနိုင်တယ်။ အသစ်ဖန်တီးလိုက်တဲ့ အလုပ်တွေဟာ လုပ်ခ လစာ အင်မတန် နိမ့်ပါးပေမယ့် ကျေးလက်မှာ ရနိုင်တဲ့ ဝင်ငွေထက်တော့ အတော် များနေသေးတယ်။ ဒါ့ကြောင့် ရွှေ့ပြောင်းလုပ်သားတွေဟာ ဆိုးရွားလွန်းတဲ့ အခြေအနေတွေမှာ လုပ်နေရပေမယ့် ဝင်ငွေတခု ရနိုင်တယ်၊ အိမ်ကို ငွေပို့ပေးနိုင်တယ်၊ စသဖြင့်။

ကျနော်တို့ မြင်ခဲ့ရသလိုပဲ တရုတ်ပြည်ရဲ့ စီးပွားရေး ကဏ္ဍအများစုကို အရင်းရှင်စနစ် အခြေခံပေါ်မှာ လုပ်ကိုင်နေ တယ်။ အခုဆိုရင် နိုင်ငံတော်ပိုင် ကဏ္ဍက ဂျီဒီပီရဲ့ သုံးပုံတပုံပဲ ထုတ်ပေးနိုင်တယ်။ နိုင်ငံတော်ပိုင် ဖြစ်နေသေးတဲ့ ကဏ္ဍတွေကိုလည်း ပုဂ္ဂလိကပိုင် ပြောင်းတော့မှာ၊ နိုင်ငံတော်ပိုင် ကဏ္ဍက မလွှမ်းမိုးနိုင်တော့ဘူး။ လက်ကျန် နိုင်ငံတော်ပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် ပြောင်းလိုက်ရင် အလုပ်အကိုင် သန်းပေါင်းများစွာ ထပ်ဆုံးရှုံးရဦးမယ်၊ ဒီလိုအနေအထားမှာ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ရေရှည်ထိန်းထားနိုင်ရေးဟာ ပကတိ လိုအပ်ချက် ဖြစ်လာတယ်။

နှစ်စဉ် တိုးတက်မှုနှုန်း ၇-၁၀%ကို နောက်ထပ် ၁၀နှစ် - နှစ်၂၀ ဆက်ထိန်းထားနိုင်ရင် အခုအနေအထားအတိုင်း မြို့ပြဆန်လာခြင်းနဲ့ စက်မှု ထွန်းကားလာခြင်းကို နှိုင်းရသဘော ချောချောမွေ့မွေ့ အောင်မြင်သွားနိုင်တယ်။ ဒါ ပေမယ့် ဒီလို အောင်မြင်ဖို့ရာ ကမ္ဘာ့ ဈေးကွက်အပေါ် မူတည်နေတယ်။ တရုတ်က ဂျီဒီပီရဲ့ ၅၀% ကျော်ကို ကမ္ဘာ့ ဈေးကွက်ထဲ တင်ပို့နေတယ်။ တရုတ်မှာ လုပ်အားခ ကုန်ကျစရိတ် အင်မတန် ဈေးချိုတယ်၊ ကုန်ထုတ်ပစ္စည်းတွေ အင်မတန် ခေတ်မီတယ် (ဆိုလိုရင်းက ကုန်ထုတ် သတ္တိ အလွန် မြင့်မားတယ်)။ ဒါပေမယ့် တရုတ်လည်း ဖိအား ပေးခံနေရပြီ။ ကမ္ဘာ့ စီးပွားရေးရဲ့ တချို့ကဏ္ဍတွေမှာ နှေးကွေးလာတဲ့ လက္ခဏာတွေ ပြနေပြီ၊ ဥရောပဇုံ စီးပွား ရေးတွေဟာ တိုးတက်မှု မရှိဘဲတန့်နေပြီ (သို့) တိုးတက်မှု နှေးလာပြီ။ (မူရင်းစာတမ်းကို ရေးသားချိန်ဟာ ၂၀၀၆ ခုနှစ်ဖြစ်လို့ ၂၀၀၈ ကမ္ဘာ့စီးပွားရေး အကြပ်အတည်း မတိုင်ခင်ကာလ ဖြစ်ပါတယ်၊ အဲဒီ အချိန်ကတည်းက ကမ္ဘာ့ စီးပွားရေး အကြပ်ဆိုက်လာမယ့် လက္ခဏာတွေကို မာ့က်စ်ဝါဒီတွေ အခုလို သတိပေးဝေဖန်နေပြီ ဘာသာပြန်သူ)။ ကမ္ဘာ့အတိုင်းအတာနဲ့ အလွန်အကျွံ ထုတ်လုပ်မှု (overproduction) အစပြုနေပြီ - ဒီလို ဖြစ်ရတာ တစိတ်တပိုင်း အားဖြင့် တရုတ်ပြည် တိုးတက်လာလို့ပဲ။ ဒါ့ကြောင့် ကမ္ဘာ့ဈေးကွက်တွေ သိသိသာသာ ကျဆင်းသွားရင် တရုတ် ပြည် စီးပွားရေး ဖွံ့ဖြိုးမှုကို ပြင်းပြင်းထန်ထန် သက်ရောက်လိမ့်မယ်၊ အတိတ်တုန်းက တောင်ကိုးရီးယားမှာ ဖြစ်ခဲ့ ဖူးတယ်။ တရုတ်ပြည်က သံမဏိ၊ သံရိုင်း၊ ကျောက်မီးသွေး နဲ့ စားသုံးကုန်ပစ္စည်း ထုတ်လုပ်ရေး ကဏ္ဍတွေမှာ (ဈေးကွက်ထဲ ရောင်းထွက်တဲ့ ပမာဏထက်) အလွန်အကျွံ ပိုထုတ်မိတဲ့ အန္တရာယ်ကို ရင်ဆိုင်နေရပြီ။ အနာ ဂတ်မှာ အလွန်အကျွံ ထုတ်လုပ်မှု အကြပ်အတည်း ဖြစ်လာမယ့် လက္ခဏာတွေ ရှိနေပြီ။

ဒီအခြေအနေဟာ IMF ကို လန့်နိုးစေတယ်၊ ဈေးကွက်က အင်မတန် ထိရောက်ကြောင်း ဝါစနာလင်္ကာရတွေ ဟစ် ကြွေးနေပေမယ့်လည်း ကမ္ဘာ့စီးပွားရေး ရင်ဆိုင်နေရတဲ့ အဓိက ပြဿနာဟာ အလွန်အကျွံ ထုတ်လုပ်မှု ဖြစ်မှန်း IMF သဘောပေါက်တယ်။ IMF ဘောဂဗေဒ ပညာရှင်တွေရဲ့ အလိုအရ တရုတ် စက်မှုလုပ်ငန်း ၇၅% ကျော်မှာ အလွန်အကျွံ ထုတ်နိုင်စွမ်း ပြဿနာတွေ ရှိနေတယ်၊ ဒါဟာ အမြတ်ထွက်နှုန်းအပေါ် ဖိအားသက်ရောက်နေ တယ်။ ရင်းနှီးမြှုပ်နှံမှု ဒလဟော ဖြစ်နေတဲ့ အနေအထားမှာ ဒီအခြေနေကို ရှောင်လွှဲလို့ မရဘူး။ ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာက သမိုင်းတလျှောက် မကြုံဖူးအောင်ပဲ၊ ရင်းနှီးမြှုပ်နှံမှုတွေက ဂျီဒီပီရဲ့ ၄၅%ရှိတယ်။ ဒုတိယကမ္ဘာ စစ်ကြီး အလွန် စီးပွားရေး အတက်ကာလမှာ ဂျပန်တောင် ဒီအတိုင်းအတာထိ မရှိခဲ့ဖူးဘူး။ ပို့ကုန်တွေ ဆက်တိုး နေပြီး အနောက်အုပ်စုက အကြွေးနွံ နစ်သထက်နစ်နေသရွေ့ တရုတ်ပြည် စီးပွားရေး ဒီအတိုင်း ဆက်သွားနိုင် မယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာ ဒီနှုန်းနဲ့ဆက်သွားရင် တရုတ်ပြည်ဟာ ၄-၅ နှစ်တိုင်း သူ့ရဲ့ ကုန် ထုတ် သတ္တိကို နှစ်ဆတိုးသွားစေမယ်။ ဒီနှုန်းအတိုင်း ဖွံ့ဖြိုးသွားရင် အင်မတန် ကြီးမားတဲ့ အလွန်အကျွံ ထုတ် လုပ်မှု အကြပ်အတည်းကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်။ IMF က တရုတ်ပြည် အခြေအနေနဲ့ ပတ်သက်လို့ ယေ ဘုယျ အစီရင်ခံစာတစောင်ကို ဇူလိုင် ၂၅ မှာ ထုတ်ဝေခဲ့တယ်။ (IMF, Staff report for 2005, 8.7.2005) ဒီအစီရင်ခံစာဟာ ရင်းနှီးမြှုပ်နှံမှု အဆမတန် ကြီးထွားလာတဲ့ ပြဿနာကို အဓိက ဦးတည်ထားတယ်။ ဒီလို ရင်းနှီးမြှုပ်နှံလာခြင်းဟာ မာ့(က်စ်) အဓိပ္ပါယ် ဖွင့်ဆိုခဲ့သော ‘အရင်းရဲ့ အော်ဂဲနစ် ဖွဲ့စည်းပုံ’ကို အဆမတန် ကြီး ထွားစေခဲ့တယ် (၁၉၈၄ ခုနှစ်ကစလို့ အရင်း-လုပ်အား အချိုးဟာ ၄၅၀% ကြီးထွားလာခဲ့တယ်)၊ ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံမှုတွေကနေ ပြန်ရတဲ့နှုန်း ၁၆%ကနေ ၁၂%အထိ ကျသွားတယ်။

အလွန်အကျွံ ထုတ်လုပ်မှု ခေါင်းလောင်းဟာ ဘဏ်တွေကို ပထမဆုံး ထိုးနှက်လာလိမ့်မယ်၊ ဘဏ်တွေမှာ မရှင်း နိုင်တဲ့ ချေးငွေတွေ စတင် စုပြုံလာလိမ့်မယ်။ ပြဿနာတွေက ဒီကနေ အလုပ်ခန့်ထားနိုင်မှု အတိုင်းအတာတွေဆီ ရွေ့လျားသွားလိမ့်မယ်၊ ဒါ့ကြောင့် လူမှု ပဋိပက္ခဆီ ရွေ့သွားလိမ့်မယ်။

အမေရိကန်က တရုတ်‌ ငွေကြေးကို တန်ဖိုးပြန်သတ်မှတ်ဖို့ ဖိအားပေးနေတယ် (မဟုတ်ရင်) တရုတ် ပို့ကုန်တွေ ကြီးလေးတဲ့ အခွန်အခတွေ စည်းကြပ်ခံရမယ်။ အခုလောလောဆယ် အမေရိကန် ကွန်းဂရက်(စ်)မှာ တရုတ်ကနေ လာမယ့် သွင်းကုန်တွေအပေါ် ကုန်သွယ်ခွန် ၂၇.၅% ကောက်ခံမယ့် ဥပဒေကြမ်းကို ဆွေးနွေးနေကြတယ်။ ၂၀၀၈ ခုနှစ်ရောက်ရင် တရုတ်က သူ့ငွေကြေးတန်ဖိုးကို လွတ်လွတ်လပ်လပ် ပြောင်းလဲခွင့်ပေးဖို့ စီစဉ်ထားတယ်။ ဒါ ပေမယ့် တရုတ်က ဟေတီ (သို့) နိုင်ဂျီးရီးယား မဟုတ်ဘူး။ အဲဒီနိုင်ငံလေးတွေမှာလို IMF ဝင်လာပြီး ဘာလုပ်ကြ လို့ မပြောနိုင်ဘူး။ တရုတ်က အဓိက အင်အားကြီး နိုင်ငံတခုဖြစ်တယ်။ ဒါ့ကြောင့် ဒီပြဿနာအပေါ် ပဋိပက္ခတွေ ကြီးကြီးမားမား ဖြစ်လာလိမ့်မယ်။

၂၀၀၅ မှာ တရုတ်ကနေ အမေရိကဆီ ရောင်းကုန်တင်ပို့မှု အလုံးအရင်း တိုးလာတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ချည်ထည် တင်ပို့မှု ကိုတာအချိုးအစား သဘောတူညီချက်ကို Multi-Fibre Agreement အရ ပယ်ဖျက်ပစ်ခဲ့တယ်။ ပို့ကုန် ကိုတာသတ်မှတ်ချက်တွေ မရှိတော့ဘူး။ ရလဒ်အနေနဲ့ ပြီးခဲ့တဲ့နှစ် အစောပိုင်း လေးလအတွင်း တရုတ်ရဲ့ ချည်ထည် တင်ပို့မှု ၇၀% ထိုးတက်သွားခဲ့တယ်။ တရုတ်က ချည်ထည်တွေ အင်မတန် ဈေးချိုချိုနဲ့ ထုတ်တယ်၊ ဒီ တော့ ဥရောပမှာ ချည်ထည် စက်ရုံတွေ နိဂုံးချုပ်ကုန်တယ်။ ဒီကနေ့ကာလမှာ တိုက်ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုတွေက တရုတ်ပြည်ကို ဦးစားပေးနေတယ်။ ၂၀၀၄ မှာ တရုတ်ပြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၄ ဘီလျံ ရရှိခဲ့တယ်၊ ကမ္ဘာ့ အရင်းရှင် လူတန်းစားက တရုတ်ပြည်မှာ ကြီးစိုးနေတဲ့ အရင်းရှင် ဆက်ဆံရေးအသစ် အ ပေါ် ယုံကြည်မှု ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲ။

တရုတ်နဲ့ အမေရိကန်

လာမယ့် နှစ်တွေကို ဘယ်လို မြင်သလဲ။ ၁၉၉၇ ပုံစံ ပျက်ကပ်တခု ဖြစ်လာတော့မယ်၊ စီးပွားရေးက မောင်းသူမဲ့ ရထားတစ်စင်းလို ဖြစ်နေပြီလို့ တချို့က ပြောကြတယ်။ အလွန်အကျွံ ထုတ်လုပ်မှု အကြပ်အတည်းတခု မကြာခင် ဖြစ်လာတော့မယ်၊ ဒီလို အရိပ်ထင်လာခြင်းဟာ စနစ်အတွင်း အခြေခံကျသော အပြောင်းအလဲ ဖြစ်နေခြင်းကို ဖော်ပြလိုက်ခြင်းပဲ။ အလွန်အကျွံ ထုတ်လုပ်မှုဆိုတာ အရင်းရှင် စီးပွားရေးရဲ့ ဝိသေသတခုပဲ၊ စီမံကိန်း စီးပွားရေးရဲ့ လက္ခဏာမဟုတ်ဘူး။ တရုတ် စီးပွားရေး ထိုင်းသွားရင် အမေရိကန် နဲ့ အာရှ တိုင်းပြည်တွေကို အကြီးအကျယ် ရိုက်ခတ်လာမယ်။ မလေးရှားက ငါးနှစ်အတွင်း တရုတ်ဆီ ပို့ကုန် ဒေါ်လာ ၁ ဘီလျံကနေ ဒေါ်လာ ၇ ဘီလျံအထိ တိုးလာတယ်။ ဂျပန်ကလည်း တရုတ်ပြည်မှာ အကျိုးစီးပွားတွေ အများကြီး ရှိနေပြီ၊ ဂျပန် ကုမ္ပဏီပေါင်း ၁၆,၀၀၀ တရုတ် နိုင်ငံမှာ လည်ပတ်နေတယ်။

တရုတ်ပြည်ရဲ့ စက်မှု လုပ်ငန်းက ယှဉ်ပြိုင်မှု အားကောင်းလွန်းတော့ အခုအခါ အမေရိကန် အရင်းရှင်နယ်ချဲ့ စနစ် နဲ့ ပဋိပက္ခ ဖြစ်လာတယ်။ ပါဝါနှစ်ခုကြား ဆက်ဆံရေးမှာ ပဋိပက္ခ ရှိနေတယ်။ အမေရိကန် ဘဏ္ဍာတိုက် ဘွန်း(ဒ်) တွေ အများဆုံး ပိုင်ဆိုင်ထားသူတွေထဲမှာ ဂျပန်နဲ့ တရုတ် ပါနေတယ်။ ဒါ့ကြောင့် အမေရိကန် စီးပွားရေး ရှင်သန် အားကောင်းနေမှ တရုတ်လည်း အကျိုးဖြစ်ထွန်းမယ်၊ အကြောင်းက အမေရိကန်ဟာ တရုတ် ထုတ်ကုန်တွေ တင် ပို့ရာ အကြီးဆုံး ဈေးကွက်တခု ဖြစ်နေတယ်။ အမေရိကန် အကြပ်ဆိုက်တာကို တရုတ် မလိုလားဘူး။ နွေးထွေးတဲ့ ဆက်ဆံရေးကောင်းတရပ်ကိုပဲ သူတို့ လိုလားကြတယ် ဒါပေမယ့် အဲလို မဖြစ်နိုင်ဘူး။ ကမ္ဘာ့ ဈေးကွက်ကို တရုတ် နဲ့ အမေရိကန် လုနေကြတယ်။ အမေရိကန်က တရုတ်နဲ့ယှဉ်ရင် ကုန်သွယ်ရေး ချိန်ခွင်မှာ လိုအင် အများကြီး ပြ နေတယ်။ ဒီအခြေနေဟာ အမေရိကန်အတွင်း ပဋိပက္ခတွေ မီးမွှေးပေးနေတယ်။ တရုတ် နိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ထားတဲ့ အမေရိကန် ကုမ္ပဏီတွေက အမြတ်တွေ တနင့်တပိုး ရိတ်သိမ်းနေတယ်။ ဒီကုမ္ပဏီတွေက တရုတ်ပြည်မှာ ကုန်ကျစရိတ် နည်းနည်းနဲ့ ထုတ်လုပ်ပြီး အမေရိကန်မှာ ကမ္ဘာ့ ဈေးကွက်က ပြဌာန်းပေးလိုက်တဲ့ ဈေးနှုန်းအတိုင်း ရောင်းချနေကြတယ်။ လက်တွေ့မှာ နိုင်ငံစုံ ကော့ပရေးရှင်းကြီးမှန်သမျှ တရုတ်ပြည်ထဲ ရှိနေတယ်။ အမေရိကန် စီးပွားရေးနဲ့ အမေရိကန် ကုမ္ပဏီကြီးတွေက တရုတ် စီးပွားရေးအပေါ် မှီခိုထားရတဲ့အခါ အမေရိကန်က တရုတ် ပါဝါကို ဘယ်လိုများ ချိုးနှိမ်နိုင်မှာလဲ။ ဒါ့ကြောင့် ဝိရောဓိ ဖြစ်နေသော ဖိအားတွေနဲ့ မောင်းနှင်နေတယ်၊ အနာ ဂတ်မှာ ဒီပဋိပက္ခ ပိုကြီးထွားလာလိမ့်မယ်။

တော်လှန်ရေး ရေခံမြေခံတွေ ပြင်ပေးနေတယ်

အရင်းရှင်စနစ် ဖွံ့ဖြိုးမှုနဲ့အတူ လူတန်းစား ကွဲပြားမှုတွေလည်း အများကြီး ကြီးထွားလာတယ်။ ဒါဟာ တရုတ် နိုင်ငံအတွင်း လူတန်းစား တိုက်ပွဲ ဖြစ်လာမယ့် အခြေခံပဲ။ တကယ်လည်း တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ဆင်းရဲ ချမ်းသာ ကွာဟမှု အဆိုးဆုံး တိုင်းပြည်တခု ဖြစ်လာတယ်။ တရုတ်ပြည် မြို့ကြီးတွေက မညီမျှမှုတွေအကြောင်း အထက်မှာ ဖော်ပြခဲ့ပြီးပြီ။ တခွင်လုံးတပြင်လုံး ပန်းချီကားကို ကြည့်လိုက်မယ်ဆိုရင် ထိပ်ပိုင်း၂၀%က တနိုင်ငံလုံး ဝင်ငွေရဲ့ ၅၀%ကို သိမ်းပိုက်ယူငင်ထားတယ်၊ အောက်ခြေ ၂၀%က ၄.၇%ကိုပဲ စားသုံးရရှာတယ်။

ဒီကိန်းဂဏန်းတွေကို ကုလ အစီရင်ခံစာတခုကနေ ယူထားတာ၊ စင်ဟွာ သတင်းဌာန ဆောင်းပါးတခုမှာ ဖော်ပြ ထားတယ် (http://news.xinhuanet.com/english/2005-09/27/content_3549257.htm) အဲဒီဆောင်းပါးမှာပဲ ပြော ထားသေးတယ် - “အလုပ်သမားနဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ အလုပ်သမားနဲ့ လုပ်ခလစာ လေ့လာမှု အင်စတီ ကျူက ထုတ်ဝေတဲ့ အစီရင်ခံစာထဲမှာ ထောက်ပြထားတယ်၊ ၂၀၀၃ ခုနှစ်ကစလို့ တရုတ်ပြည်တွင်း ဝင်ငွေ မညီမျှ မှုဟာ တဟုန်ထိုး ဆိုးရွားလာခဲ့တယ်၊ အခုဆိုရင် ‘လိမ္မော်ရောင်’အဆင့် ရောက်နေပြီ၊ အင်စတီကျူရဲ့ စံနှုန်းတွေ အရ ဒုတိယ အမြင့်ဆုံးအဆင့်ကို ရောက်နေတယ်။ ထိထိရောက်ရောက် မလုပ်ဆောင်ဘူးဆိုရင် အဆိုးဆုံး ‘အနီ ရောင်’ အဆင့်ကို ရောက်သွားနိုင်တယ်”။

ကုလ အစီရင်ခံစာက Gini ကိန်းရှင်ကို အခြေခံထားတယ်၊ ဘယ်နိုင်ငံမှာမဆို ဆင်းရဲချမ်းသာ ကွာဟမှုကို တိုင်း တာတဲ့ စာရင်းအင်း ကိန်းရှင်တခု ဖြစ်ပါတယ်။ သုညဆိုရင် “တန်းတူညီမျှမှု အပြည့်”ရှိတယ်၊ တစ် ဆိုရင် “လုံးဝ မညီမျှဘူး”လို့ အနက်ထွက်တယ်။ တရုတ်ပြည်မှာ ဒီကိန်းရှင်က ၀.၄၅ ရှိနေတယ်။ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းတွေအရ ဂစ်နီ ကိန်းရှင် ၀.၄၀ ကျော်သွားတဲ့ တိုင်းပြည်တခုဟာ အခြေအနေ မတည်ငြိမ် ဖြစ်လာနိုင်တယ်။ တရုတ်ပြည်မှာ ဒီကိန်းရှင်က ၀.၄၀ ကျော်သွားရုံတင် မကဘူး၊ ဆက်တိုးပြီးရင်း တိုးနေတယ်။

စင်ဟွာ သတင်းဌာန ဆောင်းပါးမှာ ပြောသွားသလိုပဲ “ဒီလမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုရင် ပြည်သူ အား လုံး ကြွယ်ဝချမ်းသာရေး ရည်မှန်းချက် အထမြောက်မှာ မဟုတ်ဘူး၊ ကျယ်ပြောလှတဲ့ (လူတန်းစား) ကွာဟမှုက နေ လူ့အဖွဲ့အစည်း မတည်မငြိမ် ဖြစ်သွားစေနိုင်တယ်”။ တရုတ်ပြည်ရဲ့ မော်ဒန် မြို့ကြီးတွေမှာ ဧရာမ မိုးမျှော် တိုက်သစ်ကြီးတွေ နေရာအနှံ့ ထွက်ပေါ်လာတာ တွေ့ရတယ်။ ဒီမိုးမျှော်တိုက်ကြီးတွေရဲ့ ပတ်ပတ်လည်လည်မှာ မြို့ပြ ဆင်းရဲသား ရပ်ကွက်ကြီးတွေက ခြံရံထားတယ်။ ဒီတချက်တည်းနဲ့တင် တရုတ်ပြည်မှာ လူတန်းစား တိုက်ပွဲ ဖြစ်ပွားဖို့ လုံလောက်နေပြီ။

ဒီအခြေအနေမှာ မာ့(က်စ်)ဝါဒီတွေရဲ့ အလုပ်က ဘာဖြစ်မလဲ။ ပထမဆုံး တာဝန်က ဖြစ်နေတာတွေကို ရှင်းပြဖို့ပဲ၊ ဒါကမြင်သာတယ်။ တရုတ်ပြည်က အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ ရိုးသားတဲ့ ကွန်မြူနစ် ပါတီဝင်တွေနဲ့ စကားလက်ဆုံ ဆွေးနွေးလိုရင် ကျနော်တို့ရဲ့ သုံးသပ်ချက်က တကယ့် အခိုင်အမာ အခြေအနေနဲ့ ဟပ်မိနေရမယ်။ ဒါ့ကြောင့် တရုတ်ပြည် စီးပွားရေး၊ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေး မျက်နှာစာအားလုံးကို အသေးစိတ် လေ့လာရမယ်။ ရှုပ်ထွေးပြီး ပဋိပက္ခဖြစ်နေသော၊ သမိုင်းမှာ တခါမှ မကြုံဖူးသေးတဲ့ ဖြစ်စဉ်တခုကို အဆင်သင့် ဖော်ထုတ်ပြီးသား ဖော်မြူလာတခုနဲ့ ကိုင်တွယ်ဖို့ ကြိုးစားရင် အင်မတန် ကြီးမားတဲ့ အမှားပဲ၊ ဒီလို ဖော်ထုတ်ထားတဲ့ ဖော်မြူလာ တခုဟာ အလုပ်သမားတွေ၊ လူငယ်တွေ တကယ် ဖြတ်သန်းနေရတဲ့ ပကတိ အခြေအနေနဲ့ မကိုက်ညီဘူး။ ဒီလို ချဉ်းကပ်နည်းနဲ့ဆို ဘယ်မှ ရောက်မှာ မဟုတ်ဘူး။

တရုတ်ပြည်ရဲ့ အစဉ်အလာတွေကို ထည့်စဉ်းစားရမယ်။ ရပ်ရှား အလုပ်သမား လူတန်းစားမှာ လီနင်၊ ထရော့စကီး တို့ရဲ့ ဘော်ရှီဗစ် အစဉ်အလာ ရှိခဲ့တယ်။ တရုတ်မှာ အဲဒီအစဉ်အလာ မရှိဘူး။ တရုတ်ပြည်ရဲ့ အဓိက အစဉ်အလာ က မော်ဝါဒ အစဉ်အလာပဲ။ ဒါပေမယ့် ဒီတခုတည်း ရှိတာ မဟုတ်ပါဘူး။ တရုတ် ကွန်မြူနစ်ပါတီ စတင် ထူ ထောင်ခဲ့သူ တဦးဖြစ်တဲ့ ချန်တူးရှူ (၁၈၇၉-၁၉၄၂)ရဲ့ အရေးကြီး အစဉ်အလာလည်း ရှိသေးတယ်၊ ချန်တူးရှူဟာ အဆင့်တခုရောက်တော့ ထရော့စကီးဝါဒဘက် ရောက်သွားခဲ့တယ်။

၁၉၁၇ အောက်တိုဘာ တော်လှန်ရေးဟာ ချန် အပေါ် ကြီးကြီးမားမား လွှမ်းမိုးခဲ့တယ်။ မြေရှင်ကြီးစနစ်နဲ့ အရင်း ရှင်စနစ်ကို ဖြိုချပြီးမှပဲ လူ့အဖွဲ့အစည်း တိုးတက်နိုင်မယ်လို့ ချန် နားလည်သွားခဲ့တယ်။ ချန်ဟာ ၁၉၁၉ မေ (၄) နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တဦး ဖြစ်တယ်။ နောက်နှစ် (၁၉၂၀)မှာ တခြား တော်လှန်ရေး သမားတွေနဲ့ ပူးပေါင်းပြီး တရုတ်ပြည် ကွန်မြူနစ် ပါတီကို ထူထောင်ခဲ့တယ်၊ ၁၉၂၁ ဇူလိုင်မှာ ကွန်မြူနစ် ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ကွန်ဖရင့်ကို ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တယ်။

သူ့ကံကြမ္မာက အဖြစ်ဆိုးလှတယ်။ ၁၉၂၆မှာ စတာလင်ရဲ့ အကြံပေးချက်ကို လိုက်နာခဲ့လို့ တရုတ် တော်လှန်ရေး ကျရှုံးခဲ့တယ်။ ဒါပေမယ့် (စတာလင် ခေါင်းဆောင်တဲ့) ကွန်မြူနစ် အင်တာနေရှင်နယ်က ဒီအရေးနိမ့်မှုအတွက် တာဝန်မယူခဲ့ဘူး၊ ဖြစ်ခဲ့သမျှကို ချန် ခေါင်းပေါ် ပုံချခဲ့တယ်။ ၁၉၂၇ ကျ ချန်ကို ပါတီ ခေါင်းဆောင်ပိုင်းကနေ ဖယ် ရှားပစ်ခဲ့တယ်။ ကွန်မြူနစ် အင်တာနေရှင်နယ်ရဲ့ ပေါ်လစီကို လေးလေးနက်နက် ပြန်သုံးသပ်ပေးဖို့ ချန် တောင်း ဆိုခဲ့တယ်၊ ၁၉၂၉ မှာ ချန်ကို ပါတီကနေ ထုတ်ပစ်ခဲ့တယ်၊ အချောင်သမားလို့ စွပ်စွဲခဲ့တယ်။ ဒီနောက် ချန်ဟာ ထ ရော့စကီး ခေါင်းဆောင်တဲ့ လက်ဝဲ အတိုက်အခံ အင်အားစုထဲ ဝင်သွားခဲ့တယ်။

ဒီကနေ့ တရုတ်ပြည်မှာ သူ့လက်ရာတွေ လေ့လာဖို့ ဖွဲ့စည်းထားတဲ့ ချန်တူးရှူ အဖွဲ့တွေ ရှိနေတာ ကောင်းတဲ့ အ ချက်ပဲ။ ပြီးခဲ့တဲ့နှစ်တွေမှာ ကျောင်းသား လူငယ်တွေကြား မာ့(က်စ်)ဝါဒဆွေးနွေးရေး အစုတွေ ပေါ်လာတယ်။ မာ့(က်စ်)ဝါဒရဲ့ စစ်မှန်သော အယူအဆတွေကို အသည်းအသန် ရှာဖွေလာတဲ့ အလွှာတချို့ ရှိနေပြီ။ ဒါဟာ အမှန် တကယ် တန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်း ချီတက်လိုတဲ့ ဆန္ဒကို ထင်ဟပ်ပြနေတယ်၊ ဒီလို တန်းတူညီမျှတဲ့ လူ့အ ဖွဲ့အစည်းဆိုတာ အလုပ်သမားထု ဒီမိုကရေစီပေါ် အခြေခံထားတဲ့ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းပဲ ဖြစ်နိုင်တယ်။

အဲဒီ ရှေ့တန်းရောက် အလွှာတွေ၊ ယေဘုယျအားဖြင့် လူငယ်တွေနဲ့ အလုပ်သမား လူတန်းစားကို တရုတ်ပြည်မှာ ဖြစ်သွားခဲ့တာကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြရမယ်၊ စီမံကိန်း စီးပွားရေးစနစ်ရဲ့ အားသာချက်ကို ရှင်းလင်းပြရ မယ် ဒါ့အပြင် တရုတ် ဗျူရိုကရေစီရဲ့ အကြပ်အတည်းကိုလည်း ခွဲခြမ်းစိတ်ဖြာပြရမယ်၊ ဘာ့ကြောင့် ဒီလို ဖြစ်လာ ရသလဲ ရှင်းပြရမယ်၊ မော်ဝါဒ အုပ်ချုပ်ရေးစနစ် ဘာ့ကြောင့် မရှင်သန်ခဲ့သလဲ ရှင်းပြရမယ်။

စနစ်ဟောင်းရဲ့ အကြွင်းအကျန်တွေ (နိုင်ငံတော်ပိုင် ကဏ္ဍနဲ့ နိုင်ငံတော် ယန္တယား) ရှိနေဆဲဆိုပေမယ့် တရုတ်ပြည် ဒီကနေ့ ရင်ဆိုင်နေရတဲ့ အခြေခံ ပြဿနာဟာ လူမှု တော်လှန်ရေး ဖြစ်ပါတယ်။ စီးပွားရေး ကဏ္ဍအများစုဟာ ပုဂ္ဂလိက လက်ထဲ ရောက်နေပြီ။ အရင်းရှင်စနစ်ဆီ ကူးပြောင်းမှုဟာ အခြေခိုင်နေပြီ။ “တရုတ် လက္ခဏာတွေနဲ့ ဆိုရှယ်လစ်စနစ်” ဆိုတဲ့ လေလုံးတွေဟာ ဘယ်သူမှ မယုံတော့တဲ့ မုသားတခု ဖြစ်နေပြီ၊ တရုတ် ဗျူရိုကရေစီ ကိုယ်တိုင်တောင် မယုံဘူး။ အရင်းရှင်စနစ်ဆီ ချီတက်တဲ့ ဖြစ်စဉ်ကို တန်ပြန်ဆန့်ကျင်တဲ့ အင်အားစုတွေ ရှိပေမယ့် ဒီဖြစ်စဉ်ဟာ ပြန်လမ်းမရှိတဲ့ အဆင့်ကို ရောက်သွားခဲ့ပြီ။

နိုင်ငံတော် ယန္တယားဟာ ခေတ်ဟောင်း အကြွင်းမဲ့ ဗျူရိုကရေစီ အာဏာရှင်စနစ် ဖြစ်ခဲ့တယ်၊ ဖြစ်နေတယ်၊ ဒါကို စတာလင်နစ်ဇင်နဲ့ အရင်းရှင်စနစ်ရဲ့ ရွံစရာအကောင်းဆုံး ဝိသေသတွေနဲ့ ထုံမွှမ်းထားတယ်။ အပြင်ပန်း အကာက စတာလင်နစ်(စ်) နိုင်ငံတော် ယန္တယားပုံစံ၊ ဒါပေမယ့် အတွင်းသားက ဘူဇွာ ဝိသေသအပြည့်။ ဒီအခြေအနေဟာ အဆင့်တခုရောက်ရင် တော်လှန်ရေးတခု သေချာပေါက် ဖြစ်စေမယ့် ပဋိပက္ခတွေ မွေးထုတ်ပေးနေတယ်။

အခုချိန်မှာ တရုတ်ပြည်က သူ့နည်းသူ့ဟန်နဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံတခု ဖြစ်နေပြီ။ တရုတ်ပြည်ရဲ့ ကံကြမ္မာက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အထူးသဖြင့် ကမ္ဘာ့ စီးပွားရေးနဲ့ ချိတ်ဆက်နေတယ်။ အလားတူပဲ၊ တရုတ်ပြည် တွင်း ဖြစ်ရပ်တွေက ကမ္ဘာတဝှမ်း စီးပွားရေး၊ နိုင်ငံရေးကို အကြီးအကျယ် သက်ရောက်နိုင်တယ်။

အထူးသဖြင့် တရုတ် အလုပ်သမား လူတန်းစားက လာမယ့် ကာလမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာမယ်။ နပိုလီယံက အခုလို ပြောခဲ့ဖူးတယ် - “တရုတ်ပြည်ဟာ အိပ်နေတဲ့ နဂါးကြီးနဲ့ တူတယ်။ သူနိုးလာတာနဲ့ ကမ္ဘာ ကြီးကို ကိုင်လှုပ်ပစ်လိမ့်မယ်”။ နပိုလီယံ စကားကို သံယောင်လိုက်ပြောရရင် ဒီကနေ့ အိပ်ပျော်နေတဲ့ နဂါးကြီးက တရုတ် ပစ္စည်းမဲ့ လူတန်းစားပဲ။ ဒီလူတန်းစား ရုန်းထလာရင် ကမ္ဘာပေါ်က ဘယ်အင်အားစုမှ တားဆီးနိုင်မှာ မဟုတ်ဘူး၊ တရုတ် ပစ္စည်းမဲ့လူတန်းစားက တကမ္ဘာလုံးရဲ့ အခြေအနေကို ပြောင်းလဲပစ်လိမ့်မယ်။

မေဆန် ဘာသာပြန်သည်

Join us

If you want more information about joining the IMT, fill in this form. We will get back to you as soon as possible.